အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၅၈ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၅၈ )
(မိုးမခ) ဇန်နဝါရီ ၁၇၊ ၂၀၂၄
15/1/24
Diary in the darkness
" ပလက်ဝ sold out! "
လူမှုကွန်ရက်ပေါ်မှာ တက်လာတဲ့သတင်းပါ။ sold out ဆိုတာက ပန်းချီပြပွဲမှာ ရောင်းရတဲ့ ပန်းချီကားကို တံဆိပ်အနီဝိုင်းကလေးကပ်ပြီး "ဤပန်းချီကားကို ရောင်းပြီးဖြစ်ကြောင်း" အသိပေးတဲ့ လုပ်ဆောင်မှုပါ။ အာဏာသိမ်းပြီးနောက် ပန်းချီကားတွေ ထူးထူးခြားခြား အရောင်းသွက်ခဲ့ပါတယ်။ လူမှုကွန်ယက်ပေါ်မှာလည်း sold out ! ဆိုတဲ့ စာတန်းကို ရောင်းပြီးပန်ချီကားနဲ့အတူ တွဲတင်ပြီး ပန်းချီချစ်သူတို့ကို အသိပေးလေ့ရှိပါတယ်။ နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲစရာတွေ ကြားသိနေရတဲ့ကာလမှာ ပန်းချီဆရာတွေ ပန်ချီကားရောင်းရတဲ့သတင်းဟာ မင်္ဂလာသတင်းအဖြစ် အများက လက်ခံကြပါတယ်။
တော်လှန်ရေးကာလ နှစ်နှစ်ကျော်ကြာလာပြီး မြို့သိမ်းတိုက်ပွဲတွေ အောင်မြင်တဲ့အခါတိုင်း sold out ! ဟု လူမှုကွန်ရက်ပေါ်မှာ ဝိုင်းတင်ကြပါတယ်။ မင်္ဂလာသတင်းပေါ့။ လူမှုကွန်ယက်ပရိသတ်ကလည်း ဒီမြို့တော့ တော်လှန်ရေးလက်ထဲ ရောက်သွားပြီလို့ နားလည်ကြပါတယ်။ သူတို့လို ပါပဲ ကျွန်တော်လည်း အလိုလိုနားလည်သွားပါတယ်။ နှလုံးသားခြင်း၊ ရင်ဘတ်ချင်း တူကြတယ်ဆိုတာ ဒါမျိုးပဲ ထင်ပါရဲ့။
တနေ့က ရခိုင်မှာ စစ်ကောင်စီတပ်သား ရာနဲ့ချီ လက်နက်ချတယ်ဆိုတဲ့သတင်းတွေ တက်လာခဲ့ပါတယ်။ ဒီသတင်းကို ယုံချင်ပေမယ့် မယုံရဲပါဘူး။ လက်နက်အင်အား အပြည့်နဲ့ စစ်ကောင်စီတပ်ကြီးတွေဟာ တူမီးနဲ့ စခဲ့ရတဲ့ ပြည်သူ့ပြောက်ကျားတွေကို ခုလို အလွယ်တကူ အလံဖြူလွှင့် ဒူးထောက်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ပါတယ်။ မယုံနိုင်စရာပါပဲ ။ စစ်ကောင်စီတပ်တွေဟာ သေနတ်မဖောက်ခင်က တည်းက ထွက်ပြေးဖို့ ၊ အလံဖြူလွှင့်ဖို့ ကြိုပြင်ထားကြတာတဲ့။ ခုတော့ ယုံပြီလေ။ ပြည်သူ မထောက်ခံရင် စစ်ရှုံးမယ် ဆိုတဲ့ သမိုင်းသင်ခန်းစာကို မျက်စိနဲ့မြင်နေရပြီ။
သတင်းလည်း သိရ၊ စိတ်ဆင်းရဲတာတွေ ခဏသက်သာချင်တဲ့အခါ စိန်သီး တို့ရဲ့ youtube ကို ကြည့်လေ့ရှိပါတယ်။ လူရွှင်တော် စိန်သီးတို့အဖွဲ့ရဲ့ သတင်းဇာတ်လမ်းတို တင်ဆက်မှုကလည်း ခေတ်မီဆန်းသစ်ပြီး လူကြိုက်များသည်ထက် များနေပါတယ်။ ကျွန်တော်တောင် နေ့စဉ်စောင့်မျှော် အားပေးနေမိတယ်။ တစ်ယောက်နဲ့တစ်ယောက် တွေ့ရင် ကိုစိန်သီးတို့ အကြောင်းပြောရင်း လက်ရှိဘဝခါးခါးကို ဟာသနဲ့ မျိုချနေရတယ်။
ဒီလိုနဲ့ fb ပေါ်မှာ လေလွင့်ရင်း ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ပြောကြားနေတဲ့ ပုသိမ်က တော်လှန်ရေးကျောင်းသားဟောင်း တစ်ယောက်ရဲ့ အမြင်ကို နားထောင်မိတယ်။ သူ့စကားအရ အာဏာရှင်တော်လှန်ရေးမှာ မိသားစုလိုက် ထဲထဲဝင်ဝင်ပါခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။ သူအဓိကပြောချင်တာက ဒေါ်အောင်ဆန်းစုကြည် ရှိနေရင် ပြည်သူတွေ စည်းလုံးမှာ မဟုတ်ဘူး၊ တော်လှန်ရေးလည်း အောင်မှာမဟုတ်ဘူးလို့ ပြောချင်ပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လက်ထက် NLD ဟာ စစ်အာဏာရှင်ကို ရွပ်ရွပ်ချွန်ချွန် ဆန့်ကျင်သူတွေကို ဘေးဖယ်ခဲ့တာမို့ ခုလိုပြည်သူတွေ ဒုက္ခတွေ့နေရတာလို့ ဆိုလိုချင်ပုံရပါတယ်။
တကယ်တော့ ပြည်သူ့ ခေါင်းဆောင်တွေဟာ လူတွေဖြစ်တယ်၊ နောက်ပြီး အင်မတန်ယုတ်မာပြီး ရက်စက်တဲ့ စစ်အာဏာရှင်ကို တိုက်ခိုက်ရတာမို့ စင်းလုံးချော မှန်ကန်အောင်၊ အရာရာ အောင်မြင်အောင် မလုပ်ဆောင်နိုင်ကြပါဘူး။ အားနည်းချက်တွေရှိတာ သေချာပါတယ်။ အဲဒီအားနည်းချက်တွေကို ကျွန်တော်တို့ ရသလောက် ပြုပြင်ပြီး ပြည်သူ့ခေါင်းဆောင်တွေနဲ့အတူ အာဏာရှင်စံနစ်ကို အနိုင် တိုက်နိုင်ဖို့သာ ဦးစားပေး နှလုံးသွင်းထားရမယ်လို့ မြင်ပါတယ်။ အာဏာရှင်စံနစ်ကိုတိုက် တာထက် ပြည်သူ့ခေါင်းဆောင်တွေအပေါ် အားမလိုအားမရဖြစ်ပြီး တိုက်ခိုက်မိရင် အာဏာရှင်ကို တဖက်တလမ်းက အကျိုးပြုသလိုဖြစ်မှာ စိုးရိမ်ရပါတယ်။ ဒီလိုပြောလို့ ပြည်သူရွေးချယ်ထားတဲ့ ခေါင်းဆောင်လုပ်သမျှ မှားမှား မှန်မှန် ထောက်ခံရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အရေးတော်ပုံကို ထောက်ခံလှုပ်ရှားရင်း ဘဝပျက်ကြရသူအချင်းချင်းမို့ အညတရရဲဘော်တစ်ယောက် ရဲ့စေတနာနဲ့ ဘဝကို နားလည်ကိုယ်ချင်းစာမိပါတယ်။ ဒါပေမဲ့ အသက်တခါရှူလိုက်တိုင်း စစ်အာဏာရှင်ကို တိုက်ဖို့ ရှင်သန်နေရမယ် ဆိုတဲ့ ယုံကြည်ချက် ပိုမိုခိုင်မာစေအောင် လုပ်ဆောင်ရမှာပါလို့ သူ့ကို ပြောလိုက်ချင်ပါတယ်။ ဒါပေမဲ့ သူ့ကိုလည်း ကိုယ်မသိ၊ သူကလည်း ကိုယ့်မသိမို့ ဘာမှမတတ်နိုင်ဘူးလေ။ စိတ်လျှော့၊ စိတ်လျှော့။ ကိုယ်မတတ်နိုင်တွေအများကြီး။
ကိုယ်မတတ်နိုင်တဲ့ နောက်ထပ် ပြဿနာတခုကို သူငယ်ချင်းက ဖုန်းဆက်ပြောသေးတယ်။ လောက်ကိုင်မှာ တိုင်းရင်းသားလက်နက်ကိုင်တစ်ယောက်က စေတီတဆူကို ရိုက်ဖျက်နေတဲ့ပုံကို အကြောင်းပြုပြီး စစ်အစိုးရက ဘာသာရေး အဓိကရုဏ်း ဖန်တီးဖို့ လူစုနေတယ်ဆိုတဲ့ သတင်းပါ။ တကယ်တော့ အဲဒီဘုရားတည်နေရာ ပွိုင့် ၂၂၀၂ တောင်ကုန်းဟာ မူလက ကိုးကန့်တို့ရဲ့ နန်ထင်မင်စမ်း နန်ကွန်း တည်ရှိခဲ့တဲ့နေရာ ဖြစ်ပါတယ်။ ကိုးကန့်ရိုးရာအရ ကောင်းကင်ဘုံကို သွားတဲ့ တောင်ဘက်တံခါးပေါက်လည်း ဖြစ်ပါတယ်။ စစ်ကောင်စီတပ်က အဲဒီနတ်ကွန်းကို ဖျက်ဆီးပြီး စေတီတည်ခဲ့တာ ဖြစ်တယ်။ ဒါကို စစ်အာဏာရှင်က ဗုဒ္ဓသာသနာပြုတယ်လို့ လူထုကို နားလည်စေတယ်။ ဝါဒဖြန့်ခဲ့တယ်။ တကယ်တော့ တိုင်းရင်းသားတွေအပေါ် အနိုင်ကျင့်တာကို ဘာသာရေးနဲ့ ဖုံးကွယ်လိုက်တာပါ။
အမှန်တော့ ဗုဒ္ဓဘာသာ ယုံကြည်သူတွေ ဟာ အခြားယုံကြည်ကိုးကွယ်သူ အပါအဝင် လူတိုင်းကို မေတ္တာနဲ့သာ ပြုမူဆက်ဆံရမယ်ဆိုတဲ့ ကျင့်ဝတ်ကိုလိုက်နာကြသူတွေပါ။ အဓမ္မနည်း ၊ အကြမ်းဖက်နည်းတွေနဲ့ ဆက်ဆံတာကို လက်မခံပါဘူး။ အကြမ်းဖက်နည်းနဲ့ သာသနာပြုတယ်ဆိုတာ လိမ်ညာ ဝါဒဖြန့်မှုပါ။ အကြမ်းဖက်လုပ်ရပ်ကို ဘာသာရေးနဲ့ အကာအကွယ်ယူလိုက်တာပါ။ အဲဒီလို စစ်အာဏာရှင်ရဲ့ လုပ်ရပ်ဟာ ဗုဒ္ဓဘာသာ ကို အိုးမဲသုတ်တဲ့ လုပ်ရပ်ပါပဲ။ ဗုဒ္ဓဘာသာကို ဖျက်စီးတဲ့ လုပ်ရပ်ပါ။ ဒီလုပ်ရပ် ကြောင့် ဘာသာခြားတိုင်းရင်းသားတွေဟာ ဗုဒ္ဓနဲ့ ဗုဒ္ဓဥပသကာ တွေကို အမြင်မကြည်ကြတာပါ။ တရားခံက စစ်အာဏာရှင်ပါ။ ဒါကို ရှင်းရှင်းလင်းလင်းသိမြင်ဖို့က ကျွန်တော်တို့ ပြည်သူတွေပါ။
အခွင့်သာတဲ့တနေ့ ပြောပြချင်ပါသေးတယ်။ စစ်အာဏာရှင်ဟာ ကောင်းမှုအားလုံးကို ဖျက်စီးတဲ့မိစ္ဆာကြီး ဖြစ်တယ် ဆိုတာပါပဲ။
ခုချိန်မှာတော့ သူရဲ့အဖျက်စိတ်ဓာတ်ဟာ သူ့ကို တဖန်ပြန်လည်ဖျက်ဆီးနေပြီလေ။
အန်ကယ် တူမီး
15/1/24
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar