Breaking News

လွှတ်တော်ကိုယ်စားလှယ်ကို ဖမ်းထားသည့် AA လုပ်ရပ်ကို လွှတ်တော်က ရှုတ်ချရေးအဆို အောင်မြင်


AA ကိုရှုတ်ချရန် လွှတ်တော်သို့ အဆိုတင်သွင်းခဲ့သည့် NLD အမတ် ဒေါက်တာလှမိုး (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း)

လွှတ်တော်ကိုယ်စားလှယ်ကို ဖမ်းထားသည့် AA လုပ်ရပ်ကို လွှတ်တော်က ရှုတ်ချရေးအဆို အောင်မြင်

ဉာဏ်လှိုင်လင်း (Myanmar NOW)
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၉

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခေါ်ဆောင် ထိန်းသိမ်းထားသည့် ကိစ္စအပေါ် ရှုတ်ချကြောင်းအဆိုကို လာမည့် ၁၈ ရက်နေ့တွင် ဆွေးနွေးမည်ဟု ယနေ့ကျင်းပသည့်ပြည်ထောင်စုလွှတ်တော်က ကြေညာသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ အမျိုးသားလွှတ်တော် NLD ပါတီကိုယ်စားလှယ် ဦးဝှေ့တင်းသည် လွှတ်တော်တက်ရန် ပလက်ဝမြို့မှ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ရေလမ်းခရီးဖြင့်အလာ လမ်းတွင် နိုဝင်ဘာလ ၃ ရက်နေ့က AA ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။

၎င်းနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် အိန္ဒိယနိုင်ငံသားငါးဦးအနက်မှ တစ်ဦးသေဆုံးပြီး ကျန်လေးဦးနှင့် ဒေသခံလေးဦးတို့ကို AA က ပြန်လွှတ်ပေးလိုက်သော်လည်း ဦးဝှေ့တင်းကိုမူ ဆက်လက်မေးမြန်းစရာရှိ၍ဟု ဆိုကာ ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ ဦးဝှေ့တင်းသည် မြန်မာ့တပ်မတော်အတွက် သတင်းများပေးသလို ဒေသခံ ခူမီးနှင့် ရခိုင်လူမျိုးအချင်းချင်း သွေးကွဲအောင် လုပ်ဆောင်သည်ဟုလည်း AA က စွပ်စွဲထားသည်။

ဦးဝှေ့တင်းကို ဖမ်းဆီးခါစတွင် လွှတ်တော်အတွင်း ဆွေးနွေးခြင်း၊ ရှုတ်ချခြင်းများ ချက်ချင်းမလုပ်ခဲ့ဘဲ ၁၀ ရက်ကျော်ကြာမှ အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုးက ထိုကိစ္စကို လွှတ်တော်က ဆွေးနွေးရန် အရေးကြီးအဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

“အကြမ်းဖက်လုပ်ရပ်တွေကို ဆန့်ကျင်ရှုတ်ချဖို့ အဆိုတင်ရခြင်းဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူးလည်းဖြစ်သူ ၎င်းက Myanmar Now ကို ပြောသည်။

AA ၏လုပ်ရပ်မှာ နိုင်ငံတော်က ဆောင်ရွက်နေသည့် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒနှင့် ကိုယ်စားပြုမှုတို့အပေါ်ကိုပါ တိုက်ရိုက်ဆန့်ကျင်အကြမ်းဖက်ခြင်းဖြစ်ကြောင်း ဒေါက်တာလှမိုး၏အဆို၌ ဖော်ပြထားသည်။

ထို့အတူ ဦးဝှေ့တင်းအပြင် AA ကဖမ်းဆီးထားသည့် ဝန်ထမ်းများ၊ အရပ်သားများကို လုံခြုံစိတ်ချ အန္တရာယ်ကင်းရှင်းစွာ ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးပါရန် တောင်းဆိုကြောင်းလည်းပါ၀င်သည်။

ဒေါက်တာလှမိုး၏ အရေးကြီးအဆိုတွင် AA၏ ထိုသို့လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားပြီး ကန့်ကွက်သူမရှိ၍ ပြည်ထောင်စုလွှတ်တော်၌ ဆက်လက်ဆွေးနွေးခွင့် ရသွားသည်။

“ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်တဲ့ကိစ္စ။ နောက်တောင်ကျနေတယ်” ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ မိုင်းရယ်အမတ် ဦးစိုင်းသီဟကျော်က ပြောသည်။ ပြည်ထောင်စုလွှတ်တော်ရှိ ရခိုင်တိုင်းရင်းသားအမတ် ငါးဦးကို Myanmar Now က ချဉ်းကပ်ခဲ့သော်လည်း မှတ်ချက်ပေးရန် ငြင်းဆိုသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်ကမူ “ဆွေးနွေးသင့်တဲ့ကိစ္စ” ဟု Myanmar Now ကို မှတ်ချက်ပြုသည်။

AA ကမူ ၎င်းတို့အား ဆန့်ကျင်သည့်လုပ်ငန်းများကို အဓိကလုပ်ဆောင်နေသူများထဲတွင် ဦးဝှေ့တင်းလည်း တစ်ဦးအပါအဝင်ဖြစ်ကြောင်း နို၀င်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာထားပြီး သက်သေအထောက်အထားများ ရရှိထားသလို တော်လှန်ရေးကာလ၏ အခြေအနေလိုအပ်ချက်အရ လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်ဆောင်ရွက်မည်ဟု ပါဝင်သည်။

“လုပ်သင့်လုပ်ထိုက်သည်များ” ဆိုသည်မှာ ဘာကိုဆိုလိုကြောင်းကိုတော့ မပြောထားပါ။

ထို့အတူ အောက်တိုဘာ ၂၆ ရက်နံနက်တွင် ရသေ့တောင်မြို့နယ်အတွင်း၌ ရေယာဉ်တစ်စင်းပေါ်မှ ဖမ်းဆီးရမိထားသည့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ အစိုးရဝန်ထမ်း ၁၇ ဦး ရှိပြီး အစိုးရနှင့်တပ်မတော်ဘက်က ဖမ်းဆီးထားသည့် AA နှင့်ပတ်သက်သူတို့နှင့် အပြန်အလှန်လဲလှယ်လိုကြောင်း နို၀င်ဘာ ၁၁ ရက်တွင် AA က ကြေညာချက်တစ်ရပ် ထပ်မံထုတ်ပြန်ထားသည်။

AA ဘက်က မည်သူတို့နှင့် လဲလှယ်လိုကြောင်း မရှင်းလင်းသော်လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ တရားစွဲနိုင်ရန် အစိုးရက ကြိုးပမ်းနေသည့် ရခိုင်အသင်း (စင်ကာပူ) ဥက္ကဋ္ဌ အပါအဝင် ကိုးဦး၊ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖတို့ ဖြစ်ဖွယ်ရှိသည်။

AA ၏ အထက်ပါသဘောထားနှင့်ပတ်သက်၍ “အကြမ်းဖက်အဖွဲ့” နှင့် အပေးအယူလုပ်စရာမရှိဟု တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက 7Day သတင်းဌာနကို အင်္ဂါနေ့က ပြောထားသည်။

AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခထံ ဆက်သွယ်မေးမြန်းနေသော်လည်း မရသေးပေ။