Breaking News

မြင့်ကျော် - သတင်းမီဒီယာ သိနားလည်မှု


မြင့်ကျော် - သတင်းမီဒီယာ သိနားလည်မှု

(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၉

တချို့က မီဒီယာဝါးဝမှု လို့ခေါ်ကြပြီး တချို့က မီဒီယာ သိနားလည်မှု သို့မဟုတ် မီဒီယာ အသုံးလုံးကျေခြင်း လို့ အဓိပ္ပါယ်ရတဲ့ သတင်းမီဒီယာ နဲ့ပတ်သက်ပြီး ဘယ်ဟာက တကယ့်သတင်းတွေ ဘယ်ဟာက တကယ်သတင်းဌာန၊ ဘယ်ဟာကသတင်းဌာန အယောင်ဆောင်တွေ၊ ဘယ်ဟာက သည်းခြေကြိုက််သတင်းခေါင်းစဉ်တွေ စသဖြင့် ခွဲခြား အကဲဖြတ်နိုင်ခြင်း က ဆိုရှယ်မီဒီယာ ခေတ်စားတဲ့ ဒီနေ့လိုကာလမှာ အရေးတကြီး လိုအပ်လာပါတယ်။

နေ့စဉ်နဲ့အမျှ အချက်အလက်မှန် ၁၀ ရာနှုန်းနဲ့ လမ်းကြောင်းလွဲစေမယ့် အချက်အလက် ၉ ၀ ရာနှုန်း စပ်ထားတဲ့ သတင်းတွေ အင်ဖေါ်မေးရှင်းတွေ ၊ ထက်ဝက်စီ စပ်ထားတဲ့ သတင်းတွေ၊ အလွဲ ၄၀ ရာနှုန်း အမှန် ၆၀ ရာနှုန်းစပ်ထားတဲ့သတင်းတွေ ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှာ ပြည့်လျှံနေပါတယ်။

တကယ် မခိုင်လုံတဲ့သတင်း လိုရာဆွဲ ရေးထားတဲ့သတင်းခေါင်းစဉ်တွေက မှန်မှန်ကန်ကန် လေးလေးနက်နက် ရေးတဲ့ သတင်းဌာနတွေထက် ပိုဆွဲဆောင်မှု ရှိကြပါတယ်။

ကျနော်တို့ သတင်းပညာ စကားနဲ့ပြောရင် အရောင် လို့ တင်စားတဲ့ ခံစားမှုတွေကို အရောင်တင်ထားပြီး ဖတ်တဲ့သူကို ပစ်ထောက်ခံချင်အောင် ဖြစ်စေ၊ တအား ဒေါသထွက်ချင်အောင်ဖြစ်စေ၊ ချက်ခြင်း သနားအောင်ဖြစ်စေ၊ ချက်ခြင်း ချစ်ခင်ချင်အောင်ဖြစ်စေ အဲဒီလို အလွန်အကြူး ဖွဲ့ဆို ပုံဖေါ်ကြပါတယ်။

တခါတရံမှာ ဆိုးယုတ်တဲ့သူကို သနားအောင် ဖြစ်စေ၊ မှန်မှန်ကန်ကန် လုပ်သူကိုလည်း ဆိုးယုတ်တဲ့သူဖြစ်အောင် ဖြစ်စေ ခံစားမှုစကားလုံးတွေနဲ့ ပုံဖေါ်ကြတာပါ။

အဲဒီလို သတင်းအမည်ခံထားတဲ့ သတင်းတွေကို ဖတ်ကြသူတွေက ဝေးဝေးမှာ ရှာစရာ မလိုပါဘူး ၊ ကိုယ့်မိသားစုဝင်တွေထဲ ကိုယ့်မိတ်ဆွေ သင်္ဂဟတွေ ထဲမှာတင်ရှိနေတာပါ။

အမေ မကွယ်လွန်မီ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်ကဆို အမေ့ဆီသွားတဲ့အခါ အမေက သူရိယ နေဝန်းလိုဂျာနယ် ဖတ်နေတာ တွေ့ရပါတယ်။ ကျနော်က အမေ အဲဒီဂျာနယ်တွေ ဘာလို့ဖတ်တာလဲ သတင်းတွေ သတင်းဆောင်းပါးတွေက မှန်တာလဲ မဟုတ်ပဲနဲ့ လို့ကျနော်က ပြောတဲ့အခါ အမေက အိုး ဘာပဲဖြစ်ဖြစ် ငါကြိုက်တယ် ဟိုး စစ်အစိုးရ ခေတ်က ဘာတွေ ဘယ်လို ဖြစ်ခဲ့တယ်ဆိုတာ အခုမှသိရတယ် ဆိုတာမျိုး ပြန်ချေပတယ်၊ အမေဖတ်နေတာက ကြက်ပြေး အရှုပ်တော်ပုံ လို ဇတ်လမ်းမျိုး၊

ကျနော်လည်း ဘာမှ မပြောသာတော့ပဲ သူဖတ်ချင်တာဖတ် ပေစေ လို့ လျစ်လျူရှု ထားလိုက်တော့တယ်။

အမေ့ခမြာ အင်တာနက်တို့ ဘာတို့ မသုံးတော့ အဲဒီလို ဇတ်လမ်းတွေကို ၂၀၁၄ လောက်မှ ဖတ်ရတာကိုးလို့ ပဲ တွေးပေးလိုက်ပါတော့တယ်။

အလားတူပါပဲ မိသားစုထဲက သတင်းထောက်မဟုတ်တဲ့ သူ တချို့ ရဲ့ မိုဘိုင်းဖုန်းကို ခဏယူကြည့်ပြီး ဖေ့စ်ဘွတ်မှာ ဘာတွေ ကြည့်တတ်လဲ လို့ စပ်စုကြည့်တဲ့အခါ သူတို့ ကြည့်လေ့ရှိတဲ့ ပေ့ချ်တွေ လိုက်ခ် လုပ်ထားတဲ့ သတင်းပေ့ချ် အများစုက စောစောက ပြောတဲ့ သတင်းဌာန အစစ်မဟုတ်တာတွေချည်းဖြစ်နေပါတယ်။

ဒီအခြေအနေကို သုံးသပ်ကြည့်တော့ မီဒီယာ သိနားလည်မှု က အတော်လေး ဆိုးဝါးနေတာ သဘောပေါက်မိပါတော့တယ်။