Breaking News

ဇင်လင်း - တစ်ဆို့နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ​ေကြာင့် ဖက်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှုများ လုပ်နိုင်ပါ့မလား





ဇင်လင်း - တစ်ဆို့နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ​ေကြာင့် ဖက်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှုများ လုပ်နိုင်ပါ့မလား
(မိုုုုုုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၉

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အလားအလာသည် တိမ်တောင်သဖွယ် မင်းရေးကျယ်ဟု ဆိုရမည့် အခြေအနေမှ မလွတ်မြောက် နိုင်ဘဲ ဖြစ်နေသည်။ သွေးရိုးသားရိုး ပြဿနာတစ်ခုခုကြောင့် ငြိမ်းချမ်းရေးခရီး ထစ်ငေါ့နေခြင်းလား။ သို့မဟုတ် အထစ် အငေါ့ တစ်ခု မဟုတ် တစ်ခု ပေါ်ပေါက်စေရန် တမင်လုပ်နေခြင်းကြောင့်လား။ မေးခွန်းထုတ်ရမည့်ကိန်း ဆိုက်နေသည်။ အဘယ်ကြောင့်ဆိုသော် ၂၀၁၅ အောက်တိုဘာတွင် လက်မှတ်ထိုးကြစဉ်ကပင် သူမပါရငါမပါရဟူ၍ ကလေးဆန် ခဲ့ ကြ၍ ပြည်တည်စမှာပင် မပြေမပြစ်အခြေအနေဖြင့် NCA လုပ်ငန်းစဉ် နိဒါန်းပျိုးခဲ့ရသည်။ သို့ဖြင့် လူစုံတက်စုံမဟုတ်ဘဲ ၂၀၁၅ အောက်တိုဘာ ၁၅ တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးခဲ့ကြရသည်။

ယခု ၂၀၁၉ အောက်တိုဘာ ၁၅ ရက်တွင် NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့်ခဲ့သည်။ ယင်းနေ့တွင် အစိုးရ ဝန်၏ ရက်ရှည်သီတင်းကျွတ်ရုံးပိတ်ရက်နှင့်တိုက်ဆိုင်နေသဖြင့် အောက်တိုဘာလ ၂၈ ရက်၌ ကျင်းပရန် ရွှေ့ဆိုင်းခဲ့ရ သည်။ ထိုနေ့သည်ပင် ဒီပါဝလီနေ့ အစိုးရရုံးပိတ်ရက်နှင့် တိုက်ဆိုင်နေခဲ့ပြန်သည်။ NCA ၄ နှစ်ပြည့် နှစ်ပတ်လည် အခမ်း အနား ကျင်းပရန် တစ်ရက်အလို အောက်တိုဘာ ၂၇ ရက်တွင် အပစ်ရပ်ထားသည့် EAOs အဖွဲ့၁၀ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ၏ ယာယီ ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီး ယွက်စစ်က အခမ်းအနားသို့တက်ရောက်တော့ မည် မဟုတ်ကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့သည်။

RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်သည် အောက်တိုဘာ ၂၈ ရက်နေ့ နေပြည်တော်တွင် ကျင်းပမည့် NCA ၄ နှစ်ပြည့်အခမ်းအနားတက်ရောက်ရန် RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျဲန်းမှ ဟိုမိန်း-လင်းခေး-တောင်ကြီး လမ်းအတိုင်း ကားဖြင့်သွားရောက်မည်ကို အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ)မှ ခွင့်မပြုသဖြင့် အခမ်းအနား တက်ရောက်နိုင် ခြင်း မရှိကြောင်း သျှမ်းသံတော်ဆင့်သတင်း၌ ဖေါ်ပြသည်။

“RCSS/SSA ဖက်က မတက်ဘူး။ အားလုံးပြန်လာပြီ။ ဒီလိုသာ ထပ်သွားမယ်ဆိုရင်တော့ သူတို့ချမှတ်ထားတဲ့ လုပ်ငန်းစဉ် အတိုင်း တည်ဆောက်မယ့် ပြည်ထောင်စုကြီးက ဖြစ်လာဖို့ မရှိဘူးလို့တော့ မပြောချင်ဘူး။ ဒါပေမယ့် လွဲသွားတယ်လို့ ပြောချင်တယ်။ လမ်းပေါ်ပြန်ရောက်အောင်၊ ငြိမ်းချမ်းရေးအမြန်ရရှိအောင် တိုးတက်မှုရှိအောင်တော့ ကျနော်တို့ ဝိုင်းဝန်း လုပ်ဆောင်သွားရမယ်။ တကယ်လို့ ကြိုးစားမှု မရှိရင်တော့ ၂၀၂၀ နောက်ပိုင်း အစိုးရအသစ်ရှိလာရင် ဘာဆက်ဖြစ်လာ မလဲ ဆိုတာကျနော်တို့မသိနိုင်ဘူး။” ဟု RCSS/SSA အတိုင်ပင်ခံပုဂ္ဂိုလ် ဦးခွန်စိုင်း က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ထို့ပြင် ယခု ပြဿနာသည် အစိုးရ တပ်မတော်နှင့် RCSS/SSA ကြား၌ ဖြစ်သည့် ပြဿနာမျှသာ မဟုတ်ဘဲ ပြည်ထောင်စု တိုင်းရင်းသားအားလုံး၏ ပြဿနာဖြစ်နေသောကြောင့် နိုင်ငံသားအားလုံးမှ ကူညီညှိနှိုင်းပေးရန် လိုအပ်ကြောင်း ဦးခွန်စိုင်း က ဆိုသည်။ NCA အခမ်းအနား တက်ရောက်ခြင်း မရှိသည့်အတွက် နောက်ဆက် ကျင်းပမည့် NCA အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကိုလည်း တက်ရောက်မည်မဟုတ်ကြောင်း RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က အောက်တိုဘာ ၂၇ ရက်နေ့ မီဒီယာများတွေ့ဆုံစဉ် တွင် ပြောကြားခဲ့သည်။ စောစောပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ NCA-S-EAOs အားလုံး အခမ်းအနားသို့ စုံစုံလင်လင် တက်ရောက်လိမ့်မည်ဟု အများက မျှော်လင့် ထားခဲ့ကြသော်လည်း၊ မျှော်လင့်သည့်အတိုင်း ဖြစ်မလာခဲ့ပေ။ RCSS ဥက္ကဋ္ဌ၏ ခရီးစဉ် ပျက်ပြားရသည့်ကိစ္စအပေါ် ဝေဖန်မှု များနှင့် ပတ်သက်၍ တပ်မတော်ဘက်က လုံခြုံရေးအရ ကန့်သတ်ရခြင်းဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

NCA လက်မှတ်ရေးထိုးခြင်း လေးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ RCSS မတက် ရောက်နိုင်ခြင်းအပေါ် သတင်း ထုတ်ပြန်ချက်ကို အောက်တိုဘာ ၂၉ ရက်က တပ်မတော်က ထုတ် ပြန်ခဲ့သည်ဟု 7Day Daily သတင်းဖေါ်ပြခဲ့သည်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ၏ ခရီးစဉ်နှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးမှ အကြောင်း ကြားစာကို ခရီးစဉ်အချိန်နီးကပ်မှ လက်ခံရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ရှင်းလင်းခဲ့သည်။ အောင်တိုဘာ ၂၅ ရက်တွင် ဟိုမိန်း-လင်းခေး- မိုးနဲ-နမ့်စန်-လွိုင်လင်-တောင်ကြီး-နေပြည်တော် လမ်း ကြောင်းအတိုင်း မော်တော်ယာဉ်ဖြင့် လာရောက်မည့် RCSS ဥက္ကဋ္ဌ ခရီးစဉ်နှင့် ပတ်သက်၍ လုံခြုံရေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတရုံးမှ ပေးပို့သည့် အကြောင်းကြားစာကို အောက်တိုဘာ ၂၄ ရက် အချိန်နီးကပ်မှ လက်ခံရရှိခဲ့ကြောင်း ဖော်ပြသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တစ်ဆို့နေရခြင်း အကြောင်းရင်းသည် တပ်မတော်က အပစ်ရပ်စဲရေးစာချုပ်ပါ သဘောတူညီ ချက်များအပေါ် လေးစားလိုက်နာမှု မရှိသောကြောင့် ဖြစ်သည်ဟု သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/သျှမ်းပြည် တပ်မတော် RCSS က အောက်တိုဘာ ၂၇ ရက်နေ့ ကြေညာချက်၌ ဖေါ်ပြထားကြောင်း RFA သတင်းတွင် ဖေါ်ပြသည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ကိုယ်စားလှယ်မျာ သွားမည့် ကားလမ်းကြောင်းသည် လုံခြုံရေးစိုးရိမ်ရသောကြောင့် တာချီလိတ်မှတဆင့် လေယာဉ်ဖြင့် လာရန် ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု သတင်းစာရှင်း လင်းပွဲ အတွင်း ပြောကြားခဲ့သည်။ RCSS ၏ ကြေညာချက်၌ NCA ၄ နှစ်ပြည့်ပွဲွ မတက်ရောက်နိုင်ခြင်းသည် တပ်မတော် က လက်တွဲကူညီမှုမရှိသည့်အပြင် ခရီးစဉ်ကို ပိတ်ပင်တားဆီး ခဲ့သောကြောင့်ဖြစ်သည်ဟု RFA သတင်းတွင်တွေ့ရသည် ။

တာချီလိတ်မှတဆင့် သွားမည်ဆိုလျှင် ထိုင်းအာဏာပိုင်များထံ ခွင့်ပြုချက် တောင်းရမည်ဖြစ်၍၊ သုံးရက်မှ ငါးရက် ကြိုတင် အကြောင်းကြားရန်လိုသည်။ ထို့ကြောင့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးစာချူပ် NCA ၄ နှစ်ပြည့် အခမ်းအနား တက်ရောက် ရန် အချိန်မမီတော့သဖြင့် မတက်ရောက်နိုင်ဖြစ်ရသည်ဟု RCSS က သတင်းထုတ်ပြန်ခဲ့သည်။ RCSS ၏ ခရီးစဉ် လမ်းကြောင်းကို အစိုးရ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဗဟိုဌာန (NRPC) ထံ အောက်တိုဘာ ၁၀ ရက်နေ့ကတည်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကြိုတင်အကြောင်းကြားထားခဲ့သည်ဟု ဆိုသည်။

တပ်မတော်ဘက်က RCSS ၏ ခရီးစဉ်ကို ပြောင်းလဲခိုင်းခြင်းသည် ဗိုလ်ချူပ်ကြီး ယွက်စစ်အဖွဲ့ ဟိုမိန်းမြို့ကို ဖြတ်သန်း သွားလျှင် လူထုက ကြိုဆိုမည်ကို စိုးရိမ်၍လည်းကောင်း၊ နိုင်ငံတော်အစိုးရ အကြီးအကဲများနှင့် တပ်မတော် အကြား အပြန် လှန်နားလည်မှု မရှိခြင်းကြောင့်လည်းကောင်း၊ အစိုးရအဖွဲ့အပေါ် ယုံကြည်မှုပျက်အောင်ဆောင်ရွက်ြခင်း ဖြစ်သည်ဟု RCSS က သုံးသပ်ထားသည်။ ယင်းလုပ်ရပ်မှာ ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အပေါ် မျက်ကွယ်ပြု ချိုးဖောက်မှုဖြစ်သည်ဟုလည်း ဝေဖန်ထားသည်။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လူထုနှင့် RCSS ခေါင်းဆောင်တို့ တွေ့ဆုံမည်ကို တားမြစ်ရန် မရှိကြောင်း၊ NCA စာချုပ် လက်မှတ်ထိုးထားသော အဖွဲ့ခေါင်းဆောင်များအားလုံးကို ၄ နှစ်ပြည့် အခမ်းအနား တက်စေလိုကြောင်း ပြောကြားခဲ့သည်။

RCSS အဖွဲ့က အကူအညီပေးသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဦးဇော်ဌေးတို့ကို ကျေးဇူးတင်ကြောင်း၊ NCA လက် မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့်အခမ်းအနား တက်ရောက်ရန် တပ်မတော်က လက်တွဲကူညီခြင်း မရှိသည့်အပြင် ခရီးစဉ်ကို ပိတ်ပင်တားဆီးခြင်းအတွက် စိတ်မကောင်းဖြစ်ရကြောင်းလည်း RCSS ကြေညာချက်၌ ဖေါ်ပြခဲ့သည်ဟု RFA သတင်းက ဆိုသည်။ တပ်မတော်အနေဖြင့် နယ်မြေလုံခြုံရေးအရ အကောင်းမွန်ဆုံး ခရီးစဉ်ဖြစ်အောင် အကြံပြု စီစဉ်ပေးခဲ့သော်လည်း RCSS ဥက္ကဋ္ဌနှင့်အဖွဲ့တို့သည် NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့်အထိမ်း အမှတ်အခမ်းအနားသို့ မတက်ရောက်ခဲ့ ကြောင်းနှင့် ထိုကဲ့သို့ မတက်ရောက်နိုင်ခြင်းမှာ RCSS ၏ ကိစ္စရပ်သာဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ သည်ဟု ဆိုသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၄ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အမှာ စကား ပြောကြားရာတွင် “ကျွန်မတို့နိုင်ငံရဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအတွင်းမှာ အများဆုံး ဘေးဒုက္ခကြုံတွေ့ခံစား နေရသူ အများစုဟာ ကျွန်မ တို့ရဲ့တိုင်းရင်းသားမျိုးနွယ်စုတွေဖြစ်တယ်ဆိုတာကို အထင်အရှားတွေ့မြင်ကြရပါလိမ့်မယ်။ လက်နက်ကိုင်ပဋိပက္ခကြောင့် နေအိမ်၊ စည်းစိမ်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ဒေါ်လာဘီလီယံနဲ့ချီပြီး ပျက်စီး ဆုံးရှုံးခဲ့ရပြီး တန်ဖိုးမဖြတ်နိုင်တဲ့ လူ့အသက်ပေါင်းမြောက်မြားစွာ ပေးဆပ်ခဲ့ရပါတယ်။ နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင် ခဲ့ကြရတဲ့ တိုင်းရင်းသားလူငယ်လေးတွေဟာ ပညာရေးနဲ့အလှမ်းဝေးပြီး ခေတ်နောက်ကျကျန်ရစ်ခဲ့ရပါတယ်။ အကြီးမား ဆုံးသော ဆုံးရှုံးမှုကတော့ ပြည်ထောင်စုရဲ့အနာဂတ်ကို တိုက်ပွဲတွေက ခြိမ်းခြောက်သလိုဖြစ်ခြင်းပါပဲ။ ဒါ့ကြောင့် လူနည်းစု တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေ၊ နာကျင်မှုတွေ၊ ဒဏ်ရာဒဏ်ချက်တွေကို ကျွန်မတို့ရဲ့ နှလုံးသားနဲ့ခံစား နားလည်ပေး ပြီး အားလုံး ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ ရုန်းကန်မှုတွေကို ကျွန်မတို့ သိမြင်သဘောပေါက် ကုစားပေးနိုင်မှသာ ပဋိပက္ခဖြေရှင်းရေးကို ဦးတည်တဲ့ ငြိမ်းချမ်းရေးကို ကျွန်မတို့ တည်ဆောက်နိုင်မှာ ဖြစ်တယ်ဆိုတာ ပြောကြားလိုပါတယ်။” ဟု ပြောကြားခဲ့သည်။

၎င်းအပြင် ဒေါ်အောင်ဆန်းစုကြည်က စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်မှသာ မြန်မာနိုင်ငံတွင် ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိနိုင်မည် ဟု ဆိုသည်။ ဖက်ဒရယ်စနစ်နှင့် အညီ အာဏာခွဲဝေမှုများ ရှိရမည်၊ သယံဇာတခွဲဝေမှုနှင့် အခွန်အကောက်ခွဲဝေမှုများ ရှိရမည်၊ ဖက်ဒရယ်ယူနစ်မျာ အားလုံးသည် တန်းတူရည်တူရှိရမည်၊ ပြည်နယ်များတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သော ကိုယ်ပိုင်အခြေခံဥပဒေများ ရှိရမည်၊ ပြည်နယ်များ၏ အာဏာ များကို ခွဲဝေကျင့်သုံးသည့်အခါ ပြည်သူလူထုကို အခြေခံရမည် အစရှိသော အခြေခံမူများကို လက်ရှိအစိုးရအနေဖြင့် မူအားဖြင့် လက်ခံထားပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည့်။ ထို့ကြောင့် အသေးစိတ် အခြေခံမူများ ချမှတ်ရာတွင် အားလုံးညှိနှိုင်းတိုင်ပင်ပြီး သဘောတူညီချက်များ အဖြစ်ချမှတ်နိုင်ရန် တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်း၌ တိုင်းရင်းသားအဖွဲ့များ အားလုံး ပါဝင်ကြရန် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် တင်ပြသွားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ၄ နှစ်ပြည့် အခမ်းအနားတွင် မိန့်ခွန်း ပြောကြားခဲ့ရာ - "တပ်မတော်သားများ အနေနဲ့ စစ်မှုထမ်းဆောင်ခြင်းဖြင့် တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် အကျိုးပြုလျက်ရှိပါတယ်။ တပ်မတော်ဟာ နိုင်ငံ့ ခြံစည်းရိုးဖြစ်ပြီး ခြံစည်းရိုးလုံခြုံမှသာလျှင် တိုင်းပြည် လုံခြံု အေးချမ်းမှာဖြစ်ပါတယ်။” ဟု လည်းကောင်း၊ “တပ်မတော် အနေနဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြံုရေးတာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နေသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေမှာလည်း စစ်မှန်တဲ့ဆန္ဒနဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။” ဟုလည်းကောင်း၊ NCA ၄ နှစ်ပြည့် အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်း ပြောဆိုခဲ့သည်ကို သတိပြုမိသည်။

ယနေ့ မြန်မာ့ နိုင်ငံရေးအနေအထားသည် စေတနာအမှား၊ လုပ်ဟန်အမှားများနှင့် ထပ်တလဲလဲ ကြုံတွေ့နေကြရသဖြင့် ပြည်တွင်းစစ် ၀ဲသြဃ ထဲတွင် တဝဲလည်လည် ဖြစ်နေရသည်။ နိုင်ငံရေးအကျဉ်းအကျပ်များအတွင်းမှ ထွက်ပေါက်ရှာရာ တွင် စစ်ရေးမဟာဗျူဟာ နည်းဗျူဟာ အမြင်များဖြင့် ကိုင်တွယ်ဖြေရှင်းနေခြင်းကြောင့်အပ်နှင့်ထွင်ရမည့်ကိစ္စ ပုဆိန်နှင့် ထွင်းသကဲ့သို့ ဖြစ်နေရသည်။ လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူရေးဆိုင်ရာ နိုင်ငံရေးအငြင်းပွားမှုများကို စစ်ရေး အရ ဖိအားပေးသည့်နည်းဖြင့် ဖြေရှင်းနေခြင်းသည် မှားယွင်းသည့် လုပ်ဟန်ဖြစ်သည်။ အကျိုးဆက်မှာ နိုင်ငံနှင့် ပြည်သူ တို့အား စစ်ဘေးဒုက္ခ ၀ဲသြဃ၌ တဝဲလယ်လယ် ဖြစ်နေစေတော့သည်။

စစ်ရေးဖိအား နည်းလမ်းများကြောင့် အမုန်းတရားကြီးထွားလာခြင်းသာ အဖြေထွက်လာသည်။ ငြိမ်းချမ်းရေးကို ရယူရန် စစ်ရေးဖိအား အသုံးပြုခြင်းသည် ဆင်ခြင်ဉာဏ်မဲ့ရာရောက်သဖြင့် စစ်ပွဲများရပ်သင့်ပြီ။ အစိုးရအနေဖြင့် မိမိ၏ ငြိမ်းချမ်းရေး မူဝါဒလမ်းစဉ်ကို တပ်မတော်ခေါင်းဆောင်များနှင့်တကွ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များပါ နားလည် လက်ခံလာအောင် အထပ်ထပ် အဖန်ဖန် အပြန်အလှန် ဆွေးနွေးညှိနှိုင်းရန် အထူး လိုအပ်နေသည်။ ယနေ့ နိုင်ငံ့အရေး စောင့်ကြည့်လေ့လာသူတို့၏အမြင်တွင် အစိုးရနှင့် တပ်မတော်တို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖေါ် ကြရာ၌ အမြီးအမောက်မတည့် ဖြစ်နေသည်ဟု မြင်နေသည်။ အစိုးရ၏ ငြိမ်းချမ်းရေး မူဝါဒနှင့် ဖေါ်ဆောင်ရန်ရှိသည့် ကတိကဝတ်များကို တပ်မတော်ခေါင်းဆောင်ပိုင်းက အသေအချာ နားလည်ရန်လိုသည်။ နားလည်ပြီးမှသာ မိမိတို့ ထမ်းရွက်ရမည့် ငြိမ်းချမ်းရေးတာဝန်၏ အတိမ်အနက်နှင့် အကျိုးအပြစ်ကို စိပ်ဖြာနားလည်မည်။ ထို့နောက်မှသာ သူတို့အနေဖြင့် အစိုးရ၏ ငြိမ်းချမ်းရေးမူဝါဒကို ယုံကြည်လက်ခံနိုင်ပေလိမ့်မည်။ ယုံကြည် လက်ခံနိုင်မှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့သို့တိုးတက်မည်။ အစိုးရနှင့် တပ်မတော်တို့အကြား ရင်ကြားစေ့ရေးအတွက် အစိုးရမူဝါဒလမ်းစဉ်ကို ယုံကြည်လက်ခံရန် အရေးကြီးသည်။

တနည်းအားဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့မှု မရှိဖြစ်နေရခြင်းမှာ လမ်းစဉ်က တစ်မျိုး၊ လုပ်ဟန်က တစ်သွယ် ဖြစ်နေသည်ဟု ဝေဖန်သုံးသပ်မှုများ ရှိနေသည်။ အမျိုးသားရင်ကြားစေ့ရေးဖြစ်ေပါ်ရန် နိုင်ငံရေးဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ကျင်းပဖို့လိုသည်။ နိုင်ငံရေးဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ကျင်းပဖို့ဆိုလျှင် စစ်ပွဲအားလုံး ရပ်စဲနိုင်ရမည်။ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်စဉ် အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ သံသယရှိနေကြခြင်းမှာ စစ်ပွဲများမရပ်ပေးဘဲ၊ ဆွေးနွေးနေခြင်းကြောင့်ဖြစ်သည်။ စစ္ပွဲများရပ်စဲမှသာ အပြန် အလှန်ယုံကြည်မှု တိုးတက်ခိုင်မာနိုင်မည်။ အပြန်အလှန် ယုံကြည်မှုရှိမှလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး စတင်နိုုုုုုုင်မည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး နိဒါန်းပျိုးမှသာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ သောင်မတင် ရေမကျ ဖြစ်နေသည့် အခြေအနေကို ကျော်လွန်နိုင်မည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အစိုးရခေါင်းဆောင်များ အမြော်အမြင်ရှိဖို့ လိုသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး တစ်ဖွဲ့မကျန် ၂၀၂၀ တွင် ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ပါဝင်လာစေရန် အမျိုးသား ပြန်လည်သင့်မြတ်ရေး မူဝါဒကို လက်တွေ့အခြေအနေများနှင့် ဆီလျော်အောင် ချမှတ်ရမည်။ AA၊ TNLA၊ MNDAA၊ KIA တို႕အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အားလုံး အကြုံးဝင်သည့် တစ်နိုင်ငံလုံး ယာယီ အပစ်ရပ်ရေး ထပ်မံ ကြေညာနိုင်ရေးအတွက် တပ်မတော်နှင့် ညှိနှိုင်းရမည်။ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ကျယ်ပြန့်လာနေသော စစ်ပွဲအရှိန်ကို ချက်ချင်းရပ်၍ နိုင်ငံရေး ဆွေးနွေးပွဲဆီသို့ လမ်းကြောင်းလွှဲပြောင်းနိုင်မှသာ သားရွှေအိုးထမ်းလာသည့်ကိန်း ဆိုက်နိုင်မည်ဟု သုံးသပ်မိသည်။

၂၀၁၉ နိုဝင်ဘာ ၉ ရက်၊ စ နေ နေ့ထုတ် သူရိယ နေဝန်း ဂျာနယ် ၌ ဖေါ်ပြသည့် ဆောင်းပါး။