Breaking News

ဟံသာဝတီဦးဝင်းတင် ၏ ခြေမှာစကား ၊ လက်ဖျားကဗျာ ၊ မျက်နှာဇာတ်လမ်း စာအုပ် မြန်မာနိုင်ငံသဘင်ဖောင်ဒေးရှင်းမှ ပညာဒါန လှူဒါန်း



ဟံသာဝတီဦးဝင်းတင် ၏ ခြေမှာစကား ၊ လက်ဖျားကဗျာ ၊ မျက်နှာဇာတ်လမ်း စာအုပ် မြန်မာနိုင်ငံသဘင်ဖောင်ဒေးရှင်းမှ ပညာဒါန လှူဒါန်း
ရန်နောင်(ဗိုလ်တထောင်) ။ မိုးမခ၊ နိုဝင်ဘာ ၁၈၊ ၂၀၁၉

 စာရေးဆရာ ၊ သတင်းစာဆရာ ၊ ဝေဖန်ရေးဆရာ ၊ ဘာသာပြန်ဆရာ၊ ကဗျာဆရာ ဟံသာဝတီဦးဝင်းတင် ၏ ရှားရှားပါးပါး လက်ရာဖြစ်သော မြန်မာအနုပညာ ခရီးသွားမှတ်တမ်း လက်ရာများ စာအုပ်ကို မြန်မာသဘင်ဖောင်ဒေးရှင်းမှ ပညာဒါန အဖြစ် လှူဒါန်းခြင်း အခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက် တနင်္ဂနွေနေ့ နေ့လယ် ၂ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင် မြို ့နယ် သိမ်ဖြူလမ်း သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းရုံးချုပ်ရှိ ရွှေဥဒေါင်း ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ 


အခမ်းအနားတွင် သဘင်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မန္တလေးသိန်းဇော် နှင့် စာရေးဆရာ ချစ်ဦးညို တို့က အမှတ်တရ စကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် လန်ဒန် နှင့် ရောမမြို့ တို့တွင် မင်းသမီးကြီးဒေါ်အမာစိန် ကပြခဲ့သော တပင်တိုင်အကကို အနုပညာတက္ကသိုလ်မှ ဆရာမဒေါ်ခိုင်မာလွင်က ကပြအသုံးတော် ခံခဲ့သည်။ ဆက်လက်၍ စာရေးဆရာ ထပ်ဆင့်အကယ်ဒမီများရှင် စကားလုံးငြိမ်းမင်းက မုဒိတာစကားကို ပြောကြားခဲ့သည်။ ထို့နောက် ရုပ်သေးရုပ်လေး များဖြင့် မြိုင်ထအက ကို သရုပ်ဖော် တင်ဆက်ခဲ့သည်။ 


ဆက်လက်၍ စာအုပ်များ လှူဒါန်းခြင်း အစီအစဉ် တွင် အနုပညာအထက်တန်းကျောင်း နှင့် ပန်းချီပန်းပုကျောင်းသို့ အုပ် ၃၀ ကို သဘင်ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးနန်းဝင်း ကလည်းကောင်း ၊ အနုပညာတက္ကသိုလ် အတွက် စာအုပ် ၅၀ ကို ဦးစိန်တင့်လွင်က လည်းကောင်း ၊ ဖောင်ဒေးရှင်း နာယက ပန်တျာဦးမြကြည်မှ မြန်မာနိုင်ငံ သဘင်အစည်းအရုံး သို့စာအုပ် ၅၀ အား လည်းကောင်း ၊ ဖောင်ဒေးရှင်း ဒုဥက္ကဋ္ဌ တစ်ခိုင်လုံးရွှေ ဒေါ်အေးအေးမြင့် က မြန်မာနိုင်ငံဆိုင်းဂီတအသင်းသို့လည်းကောင်း ၊ သတင်းဌာနများသို့ အုပ် ၅၀ ကို မြန်မာနိုင်ငံသဘင်ဖောင်ဒေးရှင်းမှ လည်းကောင်း အသီးသီးပေးအပ် လှူဒါန်းခဲ့ကြသည်။ 


ထို့နောက် လန်ဒန်နှင့်ရောမ မြို့များသို့ သွားရောက်ခဲ့ကြသူများတွင် ပါဝင်ခဲ့သော မင်းသမီးကြီးဒေါ်အမာစိန် နှင့် မင်းသားကြီးဦးသန်းစိန် တို့မှ ခရီးသွားလာခဲ့ပုံများကို အမှတ်တရပြောပြခဲ့ကြသည်။ ဒီဗွီဘီ သတင်းဌာနမှ ဦးခင်မောင်စိုး ( စာရေးဆရာ မောင်သာမည)မှလည်း ဆရာကြီးဟံသာဝတီဦးဝင်းတင် နှင့် ပတ်သက်၍ အမှတ်တရစကားပြောကြားခဲ့သည်။ 


သဘင်ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးနန်းဝင်း က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ရုပ်သေးဖြင့် ဇော်က ကပြဖျော်ဖြေ ကာ စာအုပ်လှူဒါန်းပွဲအခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာသူများက စုပေါင်းအမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ 

ဆရာကြီး ဟံသာဝတီဦးဝင်းတင် ၏ ခြေမှာစကား ၊ လက်ဖျားကဗျာ ၊ မျက်နှာဇာတ်လမ်း ဆောင်းပါးပေါင်းချုပ် စာအုပ်ကို ဦးစန်းဦး စိတ်ကူးချိုချို စာပေတိုက်က ဒုတိယအကြိမ် အဖြစ် ၂၀၁၉ မေလ ကတည်းက ထုတ်ဝေပြီး တန်ဖိုးမှာ ၂၂၀၀ ကျပ် ဖြစ်သည်။ 


အရင်က ဆိုကရေးတီး ပြိုင်ပွဲတွေ ရှိနေတော့ ပတ်သံနှဲသံ ကြားရသေးတယ်။ အခုတော့ ကိုရီးယားမင်းသား ဆံပင်ပုံစံလေးနဲ့ စင်ပေါ်မှာ သီချင်းဆို ဇာတ်မင်းသား လုပ်လာတာတွေကြောင့် ဇာတ်သဘင်လောက တိမ်ကောလာတယ်လေ။ ဒီလိုအချိန်မှာ ဆရာကြီးရဲ့စာအုပ်ဟာ တချိန်က မြန်မာ့ဇာတ်သဘင် ဟာ ကမ္္ဘာ့အလယ်မှာ ဘယ်လို မျက်နှာပန်းလှခဲ့တာ ဆိုတာကို ဖော်ပြနေတော့ ဒီစာအုပ်ကို ပညာဒါန ပေးလှူခဲ့တာပါဟု သဘင်ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးနန်းဝင်း က ပြောကြားခဲ့ပါသည်။

 မြန်မာအနုပညာသည်များ၏ ခရီးသွားမှတ်တမ်း ကို ရသစုံလင်စွာဖြင့် ရေးဖွဲ့ခဲ့သော သတင်းစာဆရာကြီး ၊ နိုင်ငံရေးသမားကြီးအဖြစ်သာ လူသိများထင်ရှားခဲ့သော ရှားပါးလက်ရာမွန် စာအုပ်ဖြစ်သည့် ခြေမှာစကား ၊ လက်ဖျားကဗျာ ၊ မျက်နှာဇာတ်လမ်း စာအုပ်တွင် စာရေးဆရာကြီးဒဂုန်တာရာ၊ကြည်မြ၊ မင်းယုဝေ ၊ ပန်တျာမြင့်အောင် တို့က အမှာစာ ရေးဖွဲ့ပေးထားကြသည်။ 


ပထမအကြိမ် ကို အားမာန်စာပေတိုက်က နိုင်ငံတကာစာအုပ်နှစ်အတွက် ၁၉၇၂ က ထုတ်ဝေခဲ့ပြီး မျက်နှာဖုံး ပန်းချီကို ပေါ်ဦးသက် ကရေးဆွဲပေးခဲ့သည်။ ယခု ဒုတိယအကြိမ်တွင် မျက်နှာဖုံး ပန်းချီကို တော်တီဆွေက ရေးဆွဲပေးထားပြီး စိတ်ကူးချိုချို စာအုပ်တိုက်က ထုတ်ဝေ ဖြန့်ချိခဲ့သည်။