Breaking News

ဟောင်ကောင် ဒေသကောင်စီရွေးကောက်ပွဲမှာ တရုတ်ပြည်မကြီးကို ထောက်ခံသူများ မရှုမလှရှုံး



ဟောင်ကောင် ဒေသကောင်စီရွေးကောက်ပွဲမှာ တရုတ်ပြည်မကြီးကို ထောက်ခံသူများ မရှုမလှရှုံး

မောင်လူပေ၊ (မိုးမခ)၊ နိုဝင်ဘာ ၂၆၊ ၂၀၁၉

ဟောင်ကောင်မှာ ကျောင်းသားလူငယ်တွေဦးဆောင်တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေ ခြောက်လကျော် ဖြစ်ပွားနေမှုအပြီး ပထမဆုံးကျင်းပတဲ့ ဒေသကောင်စီ ရွေးကောက်ပွဲအဖြေတွေ ထွက်လာပါတယ်။ တရုတ်ပြည်မကြီးအစိုးရကို ထောက်ခံတဲ့သူတွေ မရှုမလှ ရှုံးကြပါတယ်။

သမိုင်းဝင်ရွေးကောက်ပွဲဖြစ်ခဲ့ပြီး အစိုးရဆန့်ကျင်ရေးကို ထောက်ခံသူငယ်ရွယ်သူ လူသစ်တွေ အရွေးခံခဲ့ရတဲ့ ဒေသကောင်စီရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၇၁% ကျော်ဖြစ်တဲ့ လူသုံးသန်းနီးပါး လာရောက်မဲပေးခဲ့ကြတယ်။ လောလောဆယ်မဲအရေအတွက်အရ ဒေသကောင်စီ (၁၈)ခုထဲက (၁၂)ခုမှာ ဒီမိုက​ရေစီလိုလားသူများက အနိုင်ရခဲ့ကြတယ်။ ဒီမိုကရေစီထောက်ခံသူများက (၂၇၈)နေရာ အနိုင်ရပြီဖြစ်တယ်။ တရုတ်ပြည်ကို ထောက်ခံသူတွေက (၄၂)နေရာသာ အနိုင်ရခဲ့တယ်။ ၂၀၁၅ရွေးကောက်ပွဲအတွင်းက မဲပေးနိုင်ခွင့်ရှိသူလူဦးရေရဲ့ (၄၀%) ကျော်သာ မဲပေးခဲ့တာဖြစ်ပြီး ဒေသကောင်စီ(၁၈)ခုလုံးမှာ တရုတ်ပြည်လိုလားသူတွေက အနိုင်ရခဲ့တာဖြစ်လို့ အခုအဖြေဟာ အရင်ရလာဒ်ကို ပြောင်းပြန်လှန်ပစ်လိုက်တဲ့အဖြေပါပဲ။

ဒီရွေးကောက်ပွဲက ဒေသဆိုင်ရာကောင်စီဝင်ရွေးကောက်ပွဲသာဖြစ်ပေမဲ့ ဒီအဖြေကိုကြည့်ရင် ဟောင်ကောင်ကျွန်းသားတွေရဲ့ တရုတ်ပြည်မကြီးအပေါ် ထားတဲ့သဘောထားကို သိမြင်နိုင်ပါတယ်။ သူတို့တွေ စိတ်ရှည်သီးခံနိုင်မှု ကုန်ဆုံးနေတာကို ဖေါ်ပြလိုက်တာပဲ။ တရုတ်ပြည်မကြီးရဲ့ ဖိနှိပ်ထားမှုတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေကို လက်ဝါးကြီးအုပ်ထားမှုတွေကို ဟောင်ကောင်သားတွေ စိတ်ကုန်နေကြပြီ။ အနာဂတ်ပျောက်ဆုံးနေတဲ့ ဟောင်ကောင်သားလူငယ်အများစုဟာ အလုပ်မရှိ၊ နေစရာအခန်းမရှိ၊ အနာဂတ်မရှိ။ တရုတ်ပြည်မကြီးအစိုးရက စိတ်ကြိုက်ပို့ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့အောက်က တင်းကျပ်ထားတဲ့ ဥပဒေတွေနဲ့ အသားမကျ။ ဒီမိုကရေစီအပြည့်နဲ့ နေခဲ့ရရာက အာဏာရှင်အောက်မှာ ထိုင်ဆိုထိုင် ထဆိုထမို့ သည်းခံမှုတွေကုန်ခန်းနေချိန်မှာ သည်လိုအဖြေတွေ ထွက်လာခဲ့တာပဲ။

ဟောင်ကောင်ဟာ တရုတ်ပြည်ပိုင်ဆိုင်တဲ့နေရာဆိုတာ သူတို့အငြင်းပွားနေခြင်းမဟုတ်ပါ။ တရုတ်ပြည်အစိုးရရဲ့ ဟောင်ကောင်ဒီမိုကရေစီကို ၂၀၄၇အထိ လက်ခံပါတယ်ဆိုတဲ့ ကတိကို စောင့်ထိန်းမှုမရှိတာကို ဆန့်ကျင်တဲ့အဖြေပါ။ တရုတ်ပြည်မကြီး အစိုးရရဲ့ မတရားတဲ့လုပ်ရပ်တွေကို ဟောင်ကောင်ပြည်သူတွေ အထူးအဖြင့် ဟောင်ကောင်သား လူငယ်အများစုက လုံးဝ ဆန့်ကျင်နေတာကို မြင်ရပါပြီ။

တရုတ်အစိုးရက ဟောင်ကောင်သားတွေ တောင်းဆိုထားတဲ့ အချက်ငါးချက်( အကျဉ်းသားဥပဒေအသစ်ကိုလုံးဝ ဖျက်သိမ်းရေး၊ ဖမ်းထားသူ လူငါးထောင်ကျော်ကို ပြန်လွှတ်ရေး၊ ဟောင်ကောင်အုပ်ချုပ်ရေးမှူးအပါအဝင် အုပ်ချုပ်​ရေးအဖွဲ့ကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရရှိရေး စသည်) ကို လိုက်လျှောသည်ဖြစ်စေ၊ ငြင်းပယ်သည်ဖြစ်စေ၊ ဟောင်ကောင်ရဲ့ ဒီမိုကရေစီရရှိရေးတိုက်ပွဲကတော့ အောင်မြင်မှုခြေလှမ်းတစ်ခု စတင်ခဲ့တာ အမှန်ပါပဲ။ အာဏာရှင်လက်အောက်မှ ရုန်းထွက်ရေးအတွက် ဒီမိုကရေစီရရှိရေးတိုက်ပွဲဝင်နေသူအပေါင်းအား လေးစားလျှက်ပါ။

သတင်းအပြည့်အစုံ ဖတ်လိုလျှင်

https://www.scmp.com/…/hong-kong-elections-tsunami-disaffec…