Breaking News

ကျားဖောင်အလုပ်သမားအဖြစ် ရောင်းစားခံခဲ့ရသူကို မိသားစုက ဘယ်လိုကယ်တင်ခဲ့ရလဲ

ကျားဖောင်အလုပ်သမားအဖြစ် ရောင်းစားခံခဲ့ရသူကို မိသားစုက ဘယ်လိုကယ်တင်ခဲ့ရလဲ

ခင်မို့မို့လွင် ၊  Myanmar NOW
(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၉

ဖျာပုံမြို့နယ် ငါးဖမ်းကျားဖောင်တစ်စီးတွင် အလုပ်လုပ်ရန် ရောင်းစားခံခဲ့ရသည့် ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်းကို တစ်လခွဲအကြာတွင် ပြန်လည်ကယ်တင်နိုင်ခဲ့သည့် ဖြစ်စဉ်တွင် မိသားစုက ကိုယ့်အားကိုယ်ကိုး ရှာဖွေခဲ့ရခြင်းဖြစ်သည်ဟု ကာယကံရှင်၏အစ်ကိုက ပြောသည်။

အသက် ၂၃ နှစ်အရွယ် ဒဂုံတက္ကသိုလ်မှ သမိုင်းအဓိကဖြင့် နောက်ဆုံးနှစ် စာမေးပွဲ ဖြေဆိုထားသည့် ကိုမြတ်သူရထွန်းကို ရန်ကုန်မြို့မှ ပျောက်ဆုံးသွားပြီး ၄၈ ရက်အကြာတွင် မိသားစုက ရှာဖွေတွေ့ရှိကာ ကျပ်ခြောက်သိန်းကျော်ဖြင့် ရွေးနုတ်ကာ ကယ်တင်နိုင်ခဲ့သည်။

ကိုမြတ်သူရထွန်း၏အစ်ကို ကိုအောင်သော်ဇင်ထွန်း(ခေါ်) ကိုသော်ဇင်သည် ညီဖြစ်သူ ပျောက်ဆုံးချိန်၌ ၎င်းတို့နေထိုင်ရာ အရှေ့ဒဂုံမြို့နယ်ရဲစခန်းသို့ လူပျောက်တိုင်ခဲ့သော်လည်း ရဲစခန်းမှ တာဝန်ရှိသူများက ကိုမြတ်သူရထွန်း၏ ကိုယ်ရေးအချက်အလက်များကို အခြားသော မြို့နယ်ရဲစခန်းများသို့ ပေးပို့ရှာဖွေနေကြောင်းသာဆိုပြီး မည်သည့်အကြံဉာဏ်ကိုမျှ မပေးခဲ့ကြောင်း ဆိုသည်။

မူလက Facebookပေါ်တင်၍ လူပျောက်တိုင်ကြားခဲ့ပြီး သတင်းပေးလာသူများ ပြောသည့်အတိုင်း တောင်ငူနှင့် မြဝတီမြို့များသို့ သွားရောက် စုံစမ်းခဲ့ရသော်လည်း မတွေ့ရှိခဲ့ပေ။

ကိုမြတ်သူရထွန်းကိုင်သည့် MPT မိုဘိုင်းဖုန်း ဆင်းမ်ကတ်မှတစ်ဆင့် စုံစမ်းရန် ရဲစခန်းထံမှ လူပျောက်တိုင်စာ မှတ်တမ်းများယူကာ ရွှေဂုံတိုင်ရုံးချုပ်သို့ သွားရောက်၍ စုံစမ်းသော်လည်း နေပြည်တော်အထိ တင်ရမည်ဟုဆို၍ ဆက်မလိုက်ခဲ့ကြောင်း ဆိုသည်။

“ကျွန်တော်တွေးတာ … တစ်က သူ ဘော်ဒါအပေါင်းအသင်းကောင်းလို့ ရှိရင် ဘော်ဒါအပေါင်းအသင်းအိမ်မှာ ကပ်နေမယ်။ ကပ်နေရင် တစ်လပေါ့။ တန်ဆောင်တိုင်ပွဲတော်တွေဆို ပြန်လာနိုင်မယ်လို့ ထင်ထားတယ်။ ကျွန်တော်တို့ လိုက်စုံစမ်းကြည့်တော့ ဘော်ဒါတွေဆီ မလာဘူး။ နှစ်က စစ်တပ်ကျတော့ သူက ဘာမှ မပါဘူး။ မှတ်ပုံတင်လည်း မပါဘူး။ ပိုက်ဆံလေး နှစ်သောင်းရယ် ဖုန်းရယ်နဲ့ဆိုတော့ ဝင်လို့ ရလောက်တယ်။ စစ်တပ်ထဲ လိုက်မေးကြည့်တော့လည်း မရှိဘူးတဲ့” ဟု ၎င်း၏အစ်ကို ကိုသော်ဇင်က ဆိုသည်။

ကိုသော်ဇင်သည် ညီဖြစ်သူ တပ်မတော်ထဲသို့ ဝင်မဝင် ကနဦးစုံစမ်းခဲ့ပြီး ဝင်ရောက်ခြင်းမရှိမှန်း သေချာသောအခါ ၎င်း၏ လုပ်ငန်းခွင်တွင်းရှိ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှ လုပ်ဖော်ကိုင်ဖက်များက ကျားဖောင်လုပ်ငန်းများမှာ စုံစမ်းရန် အကြံပေးခဲ့ကြောင်း၊ ကော့သောင်းနှင့် ဖျာပုံမြို့များတွင် ကျားဖောင်လုပ်ငန်းများရှိရာ နီးစပ်ရာ ဖျာပုံမြို့နယ်ဘက်ကို ကနဦးစုံစမ်းခဲ့ကြောင်း ဆိုသည်။

ဖျာပုံမြို့နယ်မှ ကျုံကဒွန်း၊ ဒေါ်ညိမ်း ကမ်းခြေဘက်ရှိ ရွာများတွင် ကျားဖောင်လုပ်ငန်းများ ရှိသည်ဟု သိရပြီး အဆိုပါနေရာများသို့ စုံစမ်းခဲ့ကြောင်း ဆိုသည်။

ထို့နောက် ဖျာပုံမြို့မှ နှစ်နာရီခန့် သွားရသည့် ခါးပြတ်ရွာသို့ အရောက်တွင် ရွာခံများက လူစိမ်းမှန်းသိ၍ သတင်းမေးရာမှ ညီဖြစ်သူ အကြောင်း ဓာတ်ပုံနှင့် ကိုယ်ရေးအချက်အလက်များ ထုတ်ပြရာ ‘သဉ္ဇာထွန်း’ ကျားဖောင်တွင် ရှိနေကြောင်း သိရှိခဲ့ရသည်ဟု ဆိုသည်။

‘ရဲမတိုင်ပါ ၊ တရားမစွဲပါ ၊ ကိုယ့်လူကိုယ် ပြန်ရလျှင် ကျေနပ်ပါပြီ။ ငွေကုန်ချင်သလောက် ကုန်ပါစေ’ ဆိုကာ ညီဖြစ်သူ တစ်လခွဲ အလုပ်လုပ်ခ ကျပ် ၉၀,၀၀၀ ကျော်နှင့် အသုံးစာရိတ်များကို နုတ်၍ ကျပ်ခြောက်သိန်းကျော်သွင်းကာ ရွေးယူခဲ့ရကြောင်း ဆိုသည်။

သွားရောက်ရှာဖွေရာတွင် ရဲစခန်းနှင့် အရပ်ဘက်အဖွဲ့များ၏ အကူအညီရယူခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့က ရဲစခန်းကို တာဝန်အရသာ ဖွင့်လိုက်တာ ကိုယ့်ဘာသာကိုယ်ပဲ ရှာနေတာ တောက်လျှောက်။ တောင်ငူ၊ မြဝတီ၊ သုံးနေရာပေါ့။ ငွေကြေးတော့ ကုန်တာပေါ့။ ရေတာရှည်ဘက်ဆို ကားငှားသွားတယ်။ မြဝတီဘက်ဆို လိုင်းကားစီးပြီး (သွားတယ်)။ နတ်တွေဘာတွေ ယုံတယ်ဆိုတော့ နတ်တွေ ဗေဒင်ဆရာတွေက ပိုကုန်သွားတယ်။ ခရီးစဉ်က ဒီလောက်မကုန်ဘူး” ဟု ဆိုသည်။

ဗေဒင်ဆရာများက နယ်စပ်တွင် ရောက်ရှိနေသည်ဟု ဟောပြောသလို မိန်းမယူသွားသည်ဟုလည်း ဟောပြောကြောင်း ဆိုသည်။

ကိုသော်ဇင်က “ဗေဒင်တွေ မယုံပါနဲ့။ ကိုယ့်ဘာသာ ကြိုးစားပြီးရှာပါ။ မနုံပါနဲ့ မအပါနဲ့။ ကိုယ်လုပ်မှ ကိုယ်ရမှာ။ ရှာရင်လည်း ကိုယ့်လူရဲ့ အကြောင်းနဲ့ ကိုယ့်ဘာသာ ဆက်စပ်ပြီး တွေးတောပြီး ရှာကြည့်” ဟု ပြောသည်။

“ဖြစ်နိုင်ရင် (ညီထွေးကိုပါ) အသက်ရှင်လျက် ပြန်မြင်ချင်ပါတယ်ဗျာ”

Slave_2.Jpg

ကိုမြတ်သူရထွန်းက ၎င်း လုပ်ကိုင်ခဲ့ရသည့် ကျားဖောင်တွင် ၎င်းနှင့်အလားတူ လူကုန်ကူးခံထားရသူ သုံးဦးခန့် ကျန်နေသေးကြောင်း၊ အသက်သေဆုံးသူများလည်း ရှိခဲ့ကြောင်းနှင့် ကျန်နေခဲ့သည့် သူငယ်ချင်းဖြစ်သူ ဟင်္သာတမြို့နယ်မှ ကိုညီသွေးကို ကယ်တင်ပေးရန် တောင်းဆိုသည်။

“ဖြစ်နိုင်လို့ရှိရင် အဲဒီကောင်ကိုပါ ကျွန်တော် အသက်ရှင်လျက် မြင်ချင်ပါတယ်ဗျာ။ သူ့ကိုလည်း အမြန်ဆုံး ကယ်တင်ပေးကြပါလို့ ကျွန်တော် တောင်းဆိုပါတယ်ဗျာ။ ကျွန်တော်တို့ တော်တော် ခံစားခဲ့ရပါတယ်ဗျာ။ သူ့အသက် ၂၀ ရှိပါပြီ။ ဟင်္သာတ ဇာတိပါ။ သူရယ် ကျွန်တော်ရယ်က ကျားဖောင် တစ်ဖောင်ထဲမှာ အလုပ်တွေ လုပ်ခဲ့ကြတယ်။ ဖြစ်နိုင်ရင် သူ့ကိုပါ ရအောင်ခေါ်ပေးပါ” ဟု ၎င်းက ငိုယိုလျက် ပြောသည်။

ကိုမြတ်သူရထွန်းသည် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းခုံးတံတားတွင် ရှိနေစဉ် အောက်တိုဘာ ၂ ရက်က ပျောက်ဆုံးသွားခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်၌ မိသားစုက ၎င်းအား ဒဏ်ရာဒဏ်ချက်များနှင့်အတူ ပြန်တွေ့ခဲ့သည်။

တစ်လ ကျပ်သိန်း ၂၀ ခန့်ရမည့် အလုပ်ရမည်ဟု သွေးဆောင်ကာ အမျိုးသမီးနှစ်ယောက်က ၎င်းကို ဒလမြို့သို့ ခေါ်သွားခဲ့ရာမှ ဖျာပုံမြို့နယ်ရှိ ကျားဖောင်များသို့ ရောင်းစားခံခဲ့ရခြင်းဖြစ်သည်။

မိသားစုက ပြန်လည်တွေ့ရှိချိန်တွင် ဘယ်ဘက်လက် ကျိုးနေပြီး နားတစ်ဖက်ကွဲကာ ခြေလက်များ ဖူးရောင်လျက်ရှိကြောင်း ကိုသော်ဇင်က ပြောသည်။

ငါးရိုး၊ ပုစွန်ရိုးစူးသည့် ဒဏ်ရာများ၊ ငါးထွင်သည့် ထွန်ခြစ်ကဲ့သို့ အရာဖြင့် ရိုက်နှက်ခြင်း၊ နားပန်ကို ရိုက်သည့်အတွက် နားကွဲခြင်း၊ ဇက်ပိုးနှင့် နောက်စေ့များကို ငရုတ်ကျည်ပွေ့ဖြင့် ရိုက်၍ ရရှိသည့် ဒဏ်ရာများဖြစ်ကြောင်း ကိုမြတ်သူရထွန်းက ပြန်လည် ပြောပြသည်ဟု ကိုသော်ဇင်က ပြောသည်။

ယခုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့၏ အကူအညီကို မရရှိဟု ဆိုခြင်းနှင့်ပတ်သက်၍ အရှေ့ဒဂုံမြို့နယ် ရဲစခန်းသို့ ဝင်ရောက်မေးမြန်းသော်လည်း ဖြေကြားခြင်း မရှိသလို စခန်းမှူးထံ ဖုန်းဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိပေ။

ရန်ကုန်တိုင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့က ကိုမြတ်သူရထွန်းအမှုနှင့် ပတ်သက်၍ အမှုဖွင့်ထားကာ တရားခံများ ဖမ်းဆီးရမိရေး ဖျာပုံမြို့နယ်ဘက်မှ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ရဲမှူးမင်းခိုင်က ဆိုသည်။

ကိုမြတ်သူရထွန်းကို မိသားစုက ပြန်လည်တွေ့ရှိမှသာ လူကုန်ကူးရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်နေခြင်းနှင့် ပတ်သက်၍ ရဲမှူးမင်းခိုင်က ကိုမြတ်သူရထွန်း ပျောက်ဆုံးမှုတိုင်စာသည် ၎င်းတို့ထံ ရောက်ရှိလာခြင်း မရှိကြောင်း ပြောသည်။