Breaking News

ထင်အောင် - ကျွန်တော်သွားရောက်ခဲ့သော ရွှေမန်းက သင်္ချာအာစရိယပူဇော်ပွဲ



ထင်အောင် - ကျွန်တော်သွားရောက်ခဲ့သော ရွှေမန်းက သင်္ချာအာစရိယပူဇော်ပွဲ

(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၉
မန္တလေးတက္ကသိုလ်၊ သင်္ချာဌာန၏ ဆရာကန်တော့ပွဲကိုနှစ်စဥ် နိုဝင်ဘာလ မြန်မာပြက္ခဒိန် သီတင်းကျွတ် လပြည့် နဲ့ တန်ဆောင်းမုန်း လမပြည့်မီရက်တွေမှာကျင်းပလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ထူးထူးခြားခြား သီတင်းကျွတ်လ မပြည့်ခင်တစ်ရက် အနီးဖိတ်မှာကျင်းပမယ်လို့သိလိုက်ရပါတယ်။ ဒီနှစ်သီတင်းကျွတ်ကာလထူးခြားချက်ကရုံး ပိတ်ရက် ငါးရက်ရသလိုကျောင်းပိတ်ရက်များကလည်း ဆယ်ရက်တောင်ပေးထားပါတယ်။ ဒါကြောင့်ခရီးဝေး သွားရန်စီစဥ်နေသူများလှပါတယ်။ ခရီးသွားရန်အတွက်အရေးကြီးဆုံးဖြစ်သောရထားလက်မှတ်၊ ကားလက်မှတ် ဝယ်ရန်အင်မတန်ခက်ခဲမှာဖြစ်ပါတယ်။ မှန်းထားတဲ့အတိုင်းပါပဲ လက်မှတ်တွေကဝယ်မရတော့ပါ။ ကားလက် မှတ်တွေကပိုဆိုးပါတယ်။ တစ်လစာကုန်နေပြီလို့ပြောနေကြပါတယ်။ ကန်တော့ခံမည့်ဆရာကြီး၊ဆရာမကြီးများ ၏ကုသိုလ်ကံကြောင့်ထင်ပါတယ် ကျောင်းသူ‌ဟောင်းတစ်ဦးဖြစ်တဲ့ မကြည်ကြည်စမ်း ဆိုသူ၏ခင်ပွန်းဖြစ်သူ ကိုမြင့်သိန်းက သွားချင်တဲ့ရက်၊ စီးချင်တဲ့လေအိတ်ရထားလက်မှတ်ကိုရအောင် စီစဥ်ပေးပါတယ်။ ဆရာအားလုံး ကချစ်စရာကောင်းတဲ့ဇနီးမောင်နှံတို့ကိုမေတ္တာပို့ပေးနေကြပါတယ်။

ရန်ကုန်မှာအခြေချနေနေသူကျောင်းသား‌ဟောင် းကိုစိုင်းမြင့်သောင်းတင်နှင့်ဇနီးတို့ကလည်းဆရာကြီးများနှင့်အတူလိုက်လာရုံတင်မက ညစာစားရန်ကြက်ဆီထမင်းများစီစဥ်ခဲ့ပါတယ်။ ဆရာမကြီးများကလည်းအားလုံးစားရန် လက်ဘက်သုတ်၊ ဂျင်းသုတ်၊ အသီးအနှံအချိုများထည့်လာကြပါတယ်။ သွားမည့်နေ့တွင်နေ့လည်ကတည်းက ရန်ကုန်မိုးက ဝုန်းကနည်းရွာချလိုက်တာကြောင့် ကားလမ်းတွေရေလျှံကာပိတ်ဆို့နေတာကြောင့် လိုက်ပါမည့် သူအချို့ ရထားထွက်ကာနီးမှရောက်လာကြပါတယ်။ လူအားလုံးစုံချိန်မှာတော့ ရထားထွက်ရန်မီးစိန်း ဘယ်အ ချိန်ကပြလိုက်မှန်းမသိလိုက်သလို၊ ရထားထွက်ရန်ငါးမီနစ်သာလိုပါတော့တယ် စတဲ့သတိပေးသံကိုလည်းမကြား မိလိုက်သော်လည်းရထားကြီးလှုပ်ရှားထွက်ခွာတော့မှ ခရီးစဥ်စတင်ကြောင်းသတိထားမိလိုက်ပါတယ်။ 

ရထားစထွက်တဲ့အချိန်၊ လိုက်ပါလာတဲ့အရေအတွက်နှင့်တကွ အပြန်လက်မှတ်ဝယ်ရန်စာရင်းကိုပါမန္တလေးက တာဝန်ခံလုပ်ပေးနေသူများထံအကြောင်းကြားရပါတယ်။ သူတို့ကလည်းသူတို့စီမံထားသောကြိုဆိုမည့်သူနှင့် အစီအစဥ်များကိုကြိုတင်အကြောင်းကြားထားပါတယ်။ ယခင်နှစ်ကလို ဘူတာကြီးအရှေ့ဘက်က အိုးဝေဟော် တယ်မှာတည်းရန်စီစဥ်ထားပါတယ်။ သားရေးသမီးရေးကိုပြောသူကပြော၊ ဘုရားတရားဆွေးနွေးသူကဆွေးနွေး၊ ကျမ်းမာရေးအကြောင်းတိုင်ပင်သူကတိုင်ပင်နှင့်ခရီးပေါက်လို့ပေါက်မှန်းမသိကြပါ။ ထမင်းကိုတော့ဆာတဲ့သူက ဆာတာနဲ့စားကြပါတယ်။ ပဲခူးအလွန်မှာ စားကြသလို၊ ညောင်လေးပင်ရောက်မှ စားကြသူတွေလဲရှိပါတယ်။ ထမင်းစားပြီးတဲ့သူတွေကပါလာတဲ့ အချိုတည်း ကြပါတယ်။ ဗိုက်ပြည့်ကြတော့မျက်လုံးလေးစင်းလာကာ ပရိတ်ကြီး ရွတ်သူကရွတ်၊ ဘုရားရှိခိုးမေတ္တာပို့သူကပို့နဲ့ စကားသံစဲသွားကြပါတယ်။ ခဏကြာတော့ဟောက်သံလေးတွေကို ကွက်ကြားကွက်ကြားကြားရပါတော့တယ်။

ဗိုက်လေးကလည်းပြည့်၊ မိုးလေးကလည်းတဖွဲဖွဲ၊ ရထားကလည်းတငြိမ့်ငြိမ့်ကြားမှာ ကျွန်တော်ဟောက်သံလည်း ပါလာပါတယ်။ ခဏကလေးအိပ်ပျော်သွားပြီးဈေးရောင်းသူများအသံကြားရ၍နိုးလာပါတယ်။ တောင်ငူဘူတာ ကိုရောက်နေတာပါ။ အရင်ကရထားတွေလိုတွဲပေါ်ကိုတက်ရောင်းတဲ့ဈေးသည်တွေမရှိတာကြောင့်စိတ်ချလက်ချ အိပ်နိုင်ပါတယ်။ ဒါလဲမီးရထားကြီးရဲ့ပြောင်းလဲချက်တစ်ခုပါ။ ရန်ကုန်နှင့်ပဲခူးကြားတွင်ရထားသံလမ်းများကိုအ ဆင့်မြှင့်နေသဖြင့်ဖြေး‌ဖြေးလေးမောင်းခဲ့သော်လည်း တောင်ငူဘူတာမှပြန်အထွက်မှာတော့မူလအမြန်နှုံးဖြင့် မောင်းသောကြောင့်ပိုမြန်လာပါတယ်။ 

လေအိတ်ရထားဟာပြုပြင်ထားသောသံလမ်းအသစ်ပေါ်မှာ အမြန်နှုံးအ သစ်နဲ့ပြေးဆွဲတော့မှ ရထားကြီးလုံးဝပြောင်းလွဲသွားတာကိုသိလိုက်ရပါတယ်။ ယခင်ကအရှေ့အနောက်တောင် မြောက်အပြင်အထက်နှင့်အောက်ကိုပါလှုပ်ရမ်းနေတဲ့ရထားကြီးဟာသံလမ်းပေါ်မှာတညိမ့်ညိမ့်နဲ့ပြေးနေပါတယ်။ ဒါဟာလည်းရထားဌာနရဲ့ပြောင်းလဲချက်တစ်ခုဖြစ်ပါတယ်။ အရင်ကလို ဘူတာတစ်ခုကိုရောက်ကာနီးမှာ တီးလုံး လေးတွေကိုလွှင့်ထုတ်ပေးပြီးမှ ယခုဆိုက်ရောက်ရပ်နားမည့်ဘူတာသည်ပျဥ်းမနားဘူတာဖြစ်ပြီး သုံးမီနစ်ရပ်နား မှာဖြစ်ပါတယ် ဆိုသောအသံကတော့ မပြောင်းလွဲသေးပဲထွက်ပေါ်နေစဲပါ။

 ပြန်ထွက်သောအခါမှာလည်း ပျဥ်းမနားဘူတာကထွက်ခွာလာပါပြီ၊နောက်ဆိုက်ရောက်မယ့်ဘူတာကနေပြည်တော်ဘူတာပါဆိုတဲ့အသံပေါ်လာ ပြန်ပါတယ်။ ဘူတာနှစ်ခုဟာ အင်မတန််နီးတော့အိပ်ပျော်မယ်လို့ကြံပါသေးတယ်၊အော်သံကထပ်ကြားရပြန်ပါ တယ်။ ဆင်းတဲ့သူကိုမတွေ့ရသလို၊ တက်တဲ့သူကိုလဲမတွေ့ရပါဘူး။ ဗြိတိသျှတို့၏ စစ်ပြီးကာလဗိသုကာလက်ရာ များကိုထိမ်းသိမ်းထားသော ဘူတာကြီးမှာပလက်ဖောင်းပေါ်တွင်မီးစိမ်းထွက်ပြနေသော ရထားဝန်ထမ်းများကို သာတွေ့လိုက်ရပါတယ်။

ကျွန်မတို့ရထားကြီးဟာနေပြည်တော်က စတဲ့အသံပေါ်ထွက်လာချိန်မှာတော့ခရီးသည်များတိတ်ဆိပ်သွားကာ တစ်တွဲလုံးငြိမ်သက်အိပ်စက်ကြပါပြီ။ ခဏတာငိုက်လိုက်တယ်လို့ထင်လိုက်ပေမဲ့ရထားက တံခွန်တိုင်ဘူတာကို ကျော်နေပါပြီ။ သာစည်ဘူတာရောက်ရင် စားနေကြကြက်သားဟင်းနဲ့ချဥ်ပေါင်ကျော်သည်လေးကိုလှမ်းကြည့် မယ်လို့ စိတ်ကူးထားတာပျက်သွားပါရော။ လာကြိုမယ့်သူများကလည်း ဖုံးကိုတဂွမ်ဂွမ် ခေါ်နေပါတယ်။ 

မန္တလေးဘူတာမှာ ရထားကိုစင်္ကြန်နံပါတ် အမှတ်နှစ်မှာ ဆိုက်ရောက်ပေးတာကြောင့် ဆရာကြီးများအတွက် အဆင်ပြေလှပါတယ်။လာကြိုနေသူများအတွက်လဲအဆင်ပြေပါတယ်။ဘူတာ၏လမ်းအရှေ့ဘက်တွင်ရှိသောဟိုတယ်ကိုသွားရန်ကားစီစဉ်ထားပါသေးတယ်။ မီးရထားဟာ မန္တလေးကိုဝင်တာနောက်ကျပါတယ်။ဒါကြောင့်ဟော်တယ်မှ ာနားချိန်ခဏပဲရပါတယ်။ ရတဲ့အချိန်လေးမှာရေမိုးချိုးအဝတ်လဲအလှပြင်နိုင်ကြပါသေးတယ်။ 

လာကြိုတဲ့ ကားကသတ်မှတ်ထားတဲ့ နံနက် ၉း၀၀ နာရီတိတိမှာရောက်လာပါတယ်။ ရန်ကုန်အဖွဲ့အပြင်၊မကွေးအဖွဲ့၊ လားရှိုး အဖွဲ့၊ မြစ်ကြီးနား၊ တောင်ကြီး နဲ့ မိတ္ထီလာကအဖွဲ့များလည်းကားပေါ်ကြမှဆုံကြရပါတယ်။ မန္တလေးတက္ကသိုလ် သင်္ချာဌာနအရှ့တွင် ပါမောက္ခများ၊ တွဲဘက်ပါမောက္ခများနှင့်ဆရာဆရာမများကကြိုဆိုကြပါတယ်။ နှစ်စဥ်ပြု လုပ်နေကြဖြစ်တဲ့ ကွယ်လွန်သွားကျပြီဖြစ်သော ဆရာကြီးဆရာမကြီးများနှင့် လုပ်ဖေါ်ကိုင်ဘက်များကိုရည်စူး ကာဆွမ်းကပ်လှူသောအခမ်းအနားသို့ ရေစက်ချကာနီးမှရောက်ကြပါတယ်။ နံနက်စာကို ဌာနမှာကျွေးပါတယ်။ အလုပ်အလွန်များသောကြားထဲမှတာဝန် အလွန်ကျေကြသောဌာနမှဆရာဆရာမများကို အားနာစွာဖြင့်ကျွေးသမျှ ကိုပြောင်စင်အောင်စားကြပါတော့တယ်။ ရေနွေးသောက်အချိုတည်းကြရင်း ယနေ့အစီအစဥ်ကိုတိုင်ပင်ကြပါတယ်။

ထုံးစံအတိုင်းမဟာမုနိဘုရားကြီးကိုဦးတိုက်ကြမှာဖြစ်ပါတယ်။ ဘုရားကြီးဖူးပြီးရင်စစ်ကိုင်းကောင်းမှုတော် ဘုရားဖူးချင်သူ၊ မန္တလေးတောင်ခြေကကျောက်တော်ကြီးဘုရားနဲ့ ကုဿိုလ်တော်ဘုရားဖူးလိုသူလို့ကွဲသွားလေ့ ရှိပါတယ်။ 

ဒီနှစ်မှာတော့အားလုံးက ဘုရားဖူးပြီးရင် မကျမ်းမာနေသော ဆရာကြီးဦးအောင်စိန် ကိုသွား၍သတင်း မေးကန်တော့ကြရန် သဘောတူကြပါတယ်။ ဆရာကြီးဆီရောက်သောအခါ ဆရာကြီးကမှတ်မိသူများသော် လည်းအချို့ကိုမမှတ်မိပါ။ သို့သော်ဘယ်သူပါဟုပြောလိုက်ပါကသတိရသွားပါတယ်။ ကျွန်တော်နှင့်ဒေါက်တာ စောဝင်းမောင်တို့ကန်တော့သောအလှည့်တွင်မူ နှစ်ဦးစလုံးကိုအမည်တပ်နုတ်ဆက်ပါတယ်။ ကျွန်တော်ကကျွန် တော်ကိုဆရာကြီးဦးမျိုးညွန့် ပြောပြဘူးသော ဆရာဦးအောင်စိန် လက်ဖက်ရည်နှစ်ခွက်သောက်တဲ့အကြောင်း ပြောပြတော့ အသံထွက်အောင်ရီရင်း ဆရာပြောတာမှန်တယ်ကွတဲ့။ တပည့်တွေနဲ့တွေ့ရလို့ဆရာကပျော်နေပါ တယ်။ ဆရာပင်ပမ်းမှာစိုးလို့ ထပြန်ခဲ့ကြပေမဲ့ အားလုံးရဲ့စိတ်က ဆရာနဲ့စကားပြောချင်နေကြမှာပါ။ အားလုံးရဲ့ စိတ်ထဲကဆရာအမြန်ကျမ်းမာလာပါစေလို့ ဆုတောင်းနေကြမှာသေချာပါတယ်။ ဆရာကပြန်ကာနီးမှသူငယ်ချင်း ဖြစ်သူဒေါက်တာခင်မောင်ဝင်းနေကောင်းရဲ့လားလို့မေးပါသေးတယ်။

တန်ဆောင်ဖုန်းလပြည့်အနီးဖိတ်နေ့မှာ မန္တလေးတက္ကသိုလ် သင်္ချာကျောင်းသားကျောင်းသူဟောင်းများကဆရာ ကန်တော့ပွဲကို တက္ကသိုလ်များ ဓမ္မာရုံတွင်ကျင်းပခဲ့ပါတယ်။ တက်ရောက်သူများအချင်းချင်းနှုတ်ဆက်ကြ၊ ကျမ်းမာရေးအခြေအနေမေးကြ၊ သားရေးသမီးရေးသာမကမြေးအရေးပါပြောဆိုကြတဲ့အရွယ်တွေကိုရောက်နေ ကြပါပြီ။ 

ပြောဆိုနေကြသော်လည်းအားလုံးစိတ်ထဲမှာ ဆရာကြီးဦးနက်ကိုသတိရသူကရ၊ ဆရာကြီးဒေါက်တာ ဘကြည်ကိုသတိရသူကရ၊ ဆရာကြီးဦးတင်ညွှန့်၊ ဆရာကြီးဒေါက်တာသိမ်းမြင့် ကိုသတိရကြသလိုငယ်ငယ်ရွယ် ရွယ်နှင့်ကွယ်လွန်သွားသူများ၊ ကန်တော့ပွဲကိုမတက်ရောက်နိုင်သူများကိုသတိရသူကရနှင့်အတွေးကိုယ်ဆီနှင့်ရှိ နေကြပါတယ်။ ဆရာကြီးဦးစိုးပိုင်ကိုဆုံးမစကားပြောကြားစေလိုသော်လည်းဆရာကြီးကမေ့တတ်နေသဖြင့် မပြောလိုကြောင်းပြောပါတယ်။ တကယ့်ပွဲမှာတော့ဆရာကြီးဒေါက်တာကျော်ညွန့်၊ဒေါက်တာမြဦး၊ ဆရာမကြီးဒေါ်ထိုက်ထိုက်နှင့်ဆရာကြီးဦးကျော်မြင့်တို့ကဆုံးမအမှာစကားများပြောကြားကြပါတယ်။ အလွန်တန်ဘိုးရှိလှသော ဆုံးမစကားများပြောပြီးသောအခါ၊ အလှူရှင်များအားမှတ်တမ်းတင်ဂုဏ်ပြုလက်မှတ်များပေးအပ်ကြပြီး အခမ်း အနားကိုရုတ်သိမ်းလိုက်ပါတယ်။ အစီအစဥ်နည်းနည်းနဲ့ ပြီးလိုက်တာကို ဆရာတိုင်းကြိုက်ကြပါတယ်။ အသက် ကြီးကြတော့ကြာကြာထိုင်နိုင်သူတွေနည်းလာပါပြီ။ 

နံနက်စာထမင်းလှူရှင်ကလည်းကျွေးမွေးချင်လှပြီ။ ဖွယ်ဖွယ် ရာရာချက်ထားတာလေးတွေအေးသွားမှာစိုးရိမ်နေပါတယ်။ အခမ်းအနားပြီးဆုံးကြောင်းကြေငြာလိုက်သော် လည်းဓာတ်ပုံရိုက်လိုသူတွေကဆရာများနှင့်တွဲရိုက်ကြသူများ၊သူငယ်ချင်းများစုပေါင်းကြသူများနှင့်ဓမ္မာရုံတစ်ခုလုံးပြည့်နှက်နေပါတယ်။ ဆရာများကိုထမင်းကျွေးရန်ပြင်ဆင်နေကြသုများကလည်းပြင်ဆင်နေကြပါတယ်။ နှစ်စဥ်နံနက်စာကျွေးမွေးလှူဒါန်းခွင့်ရသူကတော့တပြုံးပြုံးနှင့်ကုသိုလ်တွေကိုယူနေပါတယ်။ ဆာလောင်နေသော ဆရာများကလည်း မိမိတို့စားနိုင်သမျှစားပေးခြင်းဖြင့်ကုသိုလ်ပေးနေကြပါတယ်။ စားနေစဥ်အတွင်း‌ရေနွေး ရေအေးထဲ့ပေးနေသူများ၊ ထမင်းဟင်းလိုအပ်သည်များကိုထပ်ဖြည့်ပေးနေသူများ၊ စားပြီးသူများ၏ပန်းကန်‌ အဟောင်းကိုလိုက်သိမ်းကာအချိုပွဲချပေးသူကချပေးနှင့်လက်မလည်အောင်ကုသိုလ်တွေကိုယူနေကြပါတယ်။ လက်ကောခြေကောမနားရအောင်လုပ်ကိုင်နေကြပေမဲ့ကျောင်းသားအားလုံးအားလုံးရဲ့မျက်နှာမှာတော့အပြုံးလေးတွေနဲ့ပီတိဖြစ်နေတာကိုမြင်နေရပါတယ်။ 

ထမင်းစားနေရင်း ရသမျှအချိန်ကလေးမှာ ဆရာတွေတစ် ယောက်နှင့်တစ်ယောက် နောက်ပြောင်ပျော်ရွှင်နေကြတာကိုလည်းတွေ့မြင်ကြရပါတယ်။ ငယ်စဥ်ကချောမောလှ ပသူများ၊ကြည့်ကောင်းသူများအချို့ဟာ အနိစ္စ သဘောကိုပြနေကြသလို၊ အသက်ကြီးသွားသော်လည်းငယ်စဥ် ကလို ပျော်ပျော်နေနေသောဆရာများကိုလည်းတွေ့မြင်လိုက်ပါတယ်။ သူတို့လည်းဇရာရဲ့သဘောကို ဗိုက်ရွှဲလေး များ၊အသားအရေတွန့်ခြင်းဖြင့်ပြသနေပါတယ်။

ကန်တော့ပွဲပြီးသောအခါအဖွဲ့လိုက်သွားစားကြသူများကလည်းစားသောက်ဆိုင်များသို့ခြေဦးတည်သွားကြသလို၊ဆွေမျိုးမိတ်ဆွေသင်္ဂဟအိမ်များသွားလည်လိုသူများကလည် မိမိတို့သွားလိုသောနေရာလိပ်စာများကို လိုက်ပို့ ပေးပါရန် ဧည့်ခံတာဝန်ကျဆရာများကို ပြောဆိုနေကြပါတယ်။ ကျန်ဆရာ၊ဆရာမများကတော့ တည်းခိုရာဟော် တယ်ကိုပြန်၍နားကြပါတယ်။ ညဘက်မှာညစာစားပွဲသွားကြရအုံးမှာပါ။ 

ညနေ ငါးနာရီခွဲ ခန့်မှာ ကားလာ ကြိုပါ တယ်။ နန်းရှေ့မှာရှိတဲ့ အိုရီရယ်တာဟော်တယ်မှာ ပြုလုပ်ကြမှာဖြစ်ပါတယ်။ နှစ်တော်တော်များများညစာစား ပွဲကိုဒီဟော်တယ်မှာကျင်းပနေကြဆိုတော့နေရာကိုမစိမ်းတော့ပါဘူး။ အဝင်ဝကတည်းကကျောင်းသားဟောင်း များက လက်အုပ်ချီ၍နုတ်ဆက်ကြသောမြင်ကွင်းကကြည်နူးစရာလေးဖြစ်ပါတယ်။ ခမ်းမထဲရောက်တော့ဓာတ် ပုံရိုက်ချင်သူများ၊ ပါလာသောသားသမီးများကိုခေါ်လာပြီးပြသပေးသူများကြောင့်မနားရတော့ပါ။ မိမိတို့သူငယ်ချင်း ဆရာဆရာမများအချင်းချင်းပင်မနည်းအချိန်ယူရိုက်ရပါတယ်။ လူစုံသောအချိန်လောက်မှာစင်မြင့်ပေါ်မှ ဖြေဖျော်သူများ၏ ဂီတသံများထွက်ပေါ်လာပါတယ်။ စားပွဲများပေါ်ကိုစားဖွယ်သောက်ဖွယ်များလည်းရောက်လာ ပါပြီ။ 

စားစရာနှင့် သီဆိုသံများကို ဂရုမပြုပဲ တစ်ဝိုင်းပြီးတစ်ဝိုင်းလိုက်နုတ်ဆက်နေသူများ၊ ချောင်ထဲတွင်ခွက် တစ်ခွက်ကိုင်ကာ ပထမနှစ်ကတည်းက ကြိတ်ကြိုက်ခဲ့သောကောင်မလေး သူ့သားဆေးကျောင်းတက်နေတဲ့အ ကြောင်းကို ပြောပြနေတာကို ငြိမ်သက်စွာနားထောင်နေသူကိုလည်းတွေ့မိလိုက်ပါတယ်။ မိဘလက်ငုတ် လုပ်ငန်း များကိုလုပ်ကိုင်နေကြရသဖြင့် မြို့မိမြို့ဖလုပ်ငန်းများကိုငယ်ငယ်ရွယ်ရွယ်နဲ့ တာဝန်ယူနေကြရသော ဘုရားလူ ကြီးများလဲ ခွက်ကလေးတွေနှင့် ငယ်မူပြန်နေကြတာကိုတွေ့ရပါသေးတယ်။ စားသောက်ဖွယ်ရာများကိုအဓိကမ ထားကြဘဲ စကားပြောကြရန်၊ နှုတ်ဆက်ကြရန်သာ ပြင်ဆင်နေကြပါတယ်။ မတွေ့လိုက်လို့ နှုတ်မဆက်မိသူကိုရန် ထောင်နေကြပုံလေးတွေကချစ်စရာကောင်းနေပါတယ်။ စင်မြင့်ပေါ်ကတီးဝိုင်းနဲ့ အတိတ်ကခေတ်စားခဲ့တဲ့သီချင်း တွေကိုသီဆိုနေကြသောတေးသံရှင်များကိုအားနာလာမိပါတယ်။ 
ဆရာမိုး၊ဆရာဗလနှင့်ဆရာငြိမ်း တို့စင်ပေါ် တက်လာကာ မန်းတောင်ရိပ်ခို သီချင်းစဆိုလိုက်တာနဲ့ ကချင်တဲ့ မန္တလာသားပျိုသမီးပျိုတွေ စင်ပေါ်ရောက်လာ ကြပါတော့တယ်။ အောက်မှာကချင်သူတွေကကတာနဲ့ပျော်စရာြဖစ်လာပါတယ်။ ဆရာငြိမ်းက အောင်ပါစေ လို့စလိုက်တာ နဲ့ရွှေမန်းသားသင်္ချာကျောင်းသားတွေရဲ့ နန်းရှေ့ကနေ ဆိုသံကဟန် တွေကို ဗောဓိကုန်းက တောင် ကြားကြရမယ်ထင် ပါတယ်။ 

သီတင်းကျွတ်လရဲ့အဖိတ်နေ့ညလမင်းကြီးက,ခေါင်းပေါ်ကိုရောက်ချိန်မှာသီချင်း ဆိုတဲ့သူ တွေလဲအသံနာ၊နားထောင်သူတွေကလဲအိမ်ကိုသတိရလာကြပါပြီ။ ဆရာကြီးဆရာမကြီးတွေလဲပင်ပမ်း လှချေပြီ။ နုတ်ဆက်သံလေးတွေတိုးတိုးလေးကြားနေရပါပြီ။ ကားဆရာလည်း အိမ်ကမိန်းမစိတ်မပူအောင်မကြာ ခဏဖုံးဆက်နေသံကိုကြားနေရပါတယ်။။ ညသန်းကောင်တောင်ကျော်နေတာကိုမေ့နေကြပါတယ်။ 

ကျွန်တော်ကတော့ တုံရီစွာနှင့်ကားဆီသို့တစ်လှမ်းချင်းလှမ်းလျှောက်နေသောဆရာအိုကိုလှမ်းကြည့်မိပါတယ်။ ကားပေါ်ကိုဘေးကလူနှစ်ယောက်တွဲကာတက်နေရသောဆရာမကြီးကိုလည်းငေးကြည့်မိပါတယ်။ နောက်နှစ် ကန်တော့ပွဲကိုလာနိုင်ပါတော့မလား၊ သူတို့နှစ်ယောက်ကရောက်လာပြီး ကျွန်တော်ကရောက်မလာနိုင်တာကော မဖြစ်နိုင်ဘူးလား။ အနိစ္စသဘောလေ။ ဒါပေမဲ့လူတိုင်းကတော့နောက်နှစ်တွေ့ကြကျတာပေါ့ လို့နုတ်ဆက်နေကြ ပါတယ်။ မြဲတယ်လို့ထင်နေကြတာလေ။ 

တည်းခိုရာဟော်တယ်ပြန်ရောက်တော့လှုပ်နိုင်တဲ့သူသိပ်မရှိတော့ပါ။ အိပ်ခန်းထဲကိုတန်းဝင်ကြတာကိုတွေ့ရပါတယ်။ လာရောက်နုတ်ဆက်ကြသောကျောင်းသားကျောင်းသူများကို တောင်စကားမပြောနိုင်ပဲပြုံးရုံသာပြုံးပြနေသူများလည်းရှိကြပါတယ်။ ကျောင်းသားများကလဲဆရာတွေပင်ပမ်း နေကြပြီဆိုတာကိုနားလည်မှုရှိကြပါတယ်။ သို့သော်အားလုံးရဲ့စိတ်တွေကတော့ပျော်နေကြပါတယ်။ နှစ်တိုင်းဒီ လိုပျော်ရွှင်မှုများရနိုင်ခံစားနိုင်ပါရစေလို့ဆုတောင်းရင်းအပြန်ခရီးစဥ်အတွက်ပြင်ဆင်နေကြပါတယ်။

 နောက်နှစ် မှာဒီလိုကန်တော့ပွဲတက်နိုင်အောင် သမီးထဲ့ပေးလိုက်တဲ့ဆေးပုလင်းများထဲက ဆေးကိုထုတ်သောက်ပြီးအိပ်ရာဝင် လိုက်ပါတော့တယ်။

ထင်အောင်
စာမူပြီးစီးသောနေ့ ၂၅/၁၁/၂၀၁၉
[စာမူအဆုံးမသတ်မီ ဆရာကြီးဒေါက်တာချစ်ဆွေနှင့် ဆရာကြီးဦးအောင်စိန်တို့ ကွယ်လွန်သွားကြကြောင်းသိရပါ သဖြင့်များစွာစိတ်မကောင်းဖြစ်ရပါသည်။]