Breaking News

စိုးနောင်(မုံရွာ) - အရှေ့ဆီကချယ်ရီ



အရှေ့ဆီကချယ်ရီ
စိုးနောင်(မုံရွာ)
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၉

ကျွန်မကိုးတန်းနှစ်မှာ
ကျောင်းထွက်ပြီးဟိုဘက်ကမ်းသွားရတယ်
ပန်းဖူးလေးကိုအတင်းဆွဲဖြဲရတဲ့အရသာကို
ငွေတွေအများကြီးပေးပြီးသူတို့ယူကြတာ
ကျွန်မဖြင့်အံ့ဩရွံရှာလို့မဆုံးဘူး
ကျွန်မက
လိပ်ပြာလေးတွေဝတ်ရည်စုပ်တာလို
နူးညံ့ညင်သာလိမ့်မယ်လို့ထင်ထားတာ
ကျွန်မရင်ခုန်တာကိုမခံစားဖူးဘူးဆိုရင်
ရှင်ရယ်နေမလားဘဲ
တကယ်ပြောတာပါ
ကျွန်မရင်တုန်တာကိုပဲခံစားဖူးတာ
ရှင်မို့ပြောရက်တယ်
အမေပေးတဲ့လယ်တစ်ကွက်နဲ့လုပ်စားတယ်လို့
ကျွန်မတို့လည်း
ဒီအရိပ်မည်းကြီးအောက်ကလွတ်ချင်တာပေါ့
ကျွန်မတို့ကမတတ်သာလို့
ခန္ဓာနဲ့ရင်းပြီးမိဘကျေးဇူးကိုဆပ်တာပါ
မိန်းကလေးမွေးထားပြီး
တိုက်နဲ့မနေနိုင်ရင်မိဘမျက်နှာငယ်ရမှာကို
ကျွန်မမကြည့်ရက်ဘူး
ကျွန်မရုပ်လှမလှ
ကျွန်မဘဝလှမလှဆိုတာထက်
ကျွန်မဆောက်ထားတဲ့တိုက်လေးဘယ်လောက်လှသလဲ
အဲဒီမှာအဖေနဲ့အမေနေတယ်လေ။    ။