Breaking News

မင်နီရှဲလ် - ဝါသနာကိုမတားနဲ့



မင်နီရှဲလ် - ဝါသနာကိုမတားနဲ့

(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၉
စာမရေးဖြစ်တာ နှစ်ပေါင်းများစွာ ကြာသွားပါပြီ။ မလွမ်းပါ ၊ မဆွေးပါ ၊ နောင်တရော ရှေ့တပါမရပါ။ ပြောမရဆိုမရတွေ အမြဲရှိနေတဲ့ လောကကြီးမှာ ကျွန်မ စာရေးလို့ရော ဘာများထူးလာမှာလဲ။

သို့သော် စာပေဟောပြောပွဲ ပြီးသောအခါ စာရေးချင်စိတ်လေးက နှိုးထလာပါသည်။ မရေးရရင် မနေနိုင်တာလား ဘာလဲတော့မသိပါ။ DENY လုပ်မနေနဲ့ ၊ အချိန်တန်ရင် ရေးရမှာပဲ ဆိုတာမျိုးလားလဲမသိပါ။

စာရေးရတာ THERAPY တစ်ခုလိုဖြစ်တာတော့ အမှန်ပါပဲ။ ကြောင်တွေ ကိုပွတ်နေတာမျိုးပေါ့လေ။ သို့သော် အိမ်နီးနားချင်းတွေရဲ့ ကြောင်တွေမှာ အချိန်မှန်မှန် ရောက်မလာပါ ၊ ကိုယ်ပိုင်ကြောင် မွေးဖို့ဆိုတာကလည်း သိတဲ့အတိုင်း ယောကျ်ား လုပ်သူက ခါးခါးသီးသီး။ သူက ကျန်တဲ့ဟာတွေသာ လက်ခံရင် လက်ခံမည် ၊ ကြောင်ကိုတော့ ရာသက်ပန် သပိတ်မှောက် ထားပုံရသည်။

စာမရေးဖြစ်တဲ့ အထဲမှာ တစ်ယောက်ထဲ အေးအေးဆေးဆေး အိမ်မှာမနေရတာလည်း ပါသည်။ အလုပ်သွား ၊ အိမ်ပြန် ၊ ချက်ပြုတ် ၊ အိမ်မှာကလည်း တယောက်ထဲမဟုတ် ၊ ညရောက်တော့ သူများတွေ နဲ့မတူ ကံထူးသူ ကျွန်မမှာ ကွန်ပျူတာ ပေါ်မှာအလုပ်ပြန်လုပ်။ စာရေးမယ် ကြံပြီး ဖီလင်ဝင်နေတုန်း ... 

'အင်း ငါတို့ အာကိုဂျီး (အိန္ဒိယလူမျိုး လေသံ နှင့်ဖတ်ပါ။) မတွေ့ရတာကြာပြီ ၊ နေမှကောင်းရဲ့လား မသိဘူး '

'ဟယ် ဒီကောင်မ တော့လား ၊ မှတ်ကို ထားဦးမယ် သူ့အငိုက်ကို စောင့်နေဦးမှ'

ယောကျ်ား လုပ်သူ FB မက်ဆင်ဂျာပေါ်မှာ တိုက်ပွဲ ဆင်နွှဲနေသည်။

နောက်စာမရေး ဖြစ်တဲ့ တစ်ကြောင်းကတော့ အားလုံးသိကြတဲ့ အတိုင်းပဲ အခုခေတ်တွေ့သမျှ အမေရိကားက ဆရာဝန် တိုင်းကိုမေးကြည့်ပါ ၊ ခြူသံပါအောင် ညည်းညူ ပြကြပါလိမ့်မည်။ လုပ်စရာ အလုပ်တွေကများ ၊ ကွန်ပျူတာ နဲ့လုပ်ရတဲ့ အလုပ်ပေါင်းစုံနဲ့ ပြသနာပေါင်းစုံ ၊ အစိုးရက ချမှတ်ထားတဲ့ ဘာဘာညာညာ ကွန်ပျူတာ ကိစ္စ တွေ ၊ ဒီအချိန်အတွင်း ပြီးရမယ်ဆိုတဲ့ ဟာတွေ ပြောရမယ်ဆိုရင် ဘုန်းကြီး ပျံမှာ ငိုသလိုငိုပြရပါလိမ့်မည်။ ကိုယ်ပိုင် ပရိုက်ဗိတ် ဆေးခန်း ၊ လုပ်ငန်းရှင် ကျွန်မတို့လည်း ကွန်ပျူတာ နဲ့ ပတ်သက်တဲ့ သင်ယူစရာတွေကို (သူငယ်ချင်းတစ်ယောက်ပြောသလို) ခြေတစ်ပေါင်ကျိုးပဲ ဖြစ်ဖြစ် ခေတ်နဲ့အမှီလိုက်ရပါသည်။

နောက်ထပ်တစ်ကြောင်းကတော့ လူနာတွေပါ ၊ လူနာဆိုတာ သိတဲ့အတိုင်း ဘယ်တော့မှ အကျင့်ကောင်းတဲ့ ဟာတွေ မဟုတ်။ သူ့မှာ အချိန်ပေါတိုင်း ကိုယ့်မှာလည်း အချိန်ပေါမှာပဲ လို့ထင်ကြသူတွေ ၊ COPAY ပေးရတာနဲ့တန်အောင် မေးခွန်းတွေ အများကြီး လျှောက်မေးမယ်လို့ စာရင်းလုပ်လာသူတွေ ၊ သူ့ခမျာ လူနာတွေ အများကြီး ရှိရှာမှာပဲလို့ နားမလည်ပဲ သူတစ်ယောက် ထဲကိုပဲ ဂရုစိုက်ခံချင်သူတွေ ၊

ငါကသာ ခဏခဏ နေမကောင်းဖြစ်ပြီး ဆေခန်းလာပြရတယ် ၊ နင်ကတော့ ဘယ်တော့မှ နေမကောင်းမဖြစ်ဘူး ဆိုပြီး ရန်တွေ့သူတွေလဲ ရှိသည်။

ဒေါက်တာ ကျွန်မ လေ TOTAL ကိုလက်စထရောကို ရအောင် BAD ကိုလက်စထရောနဲ့ GOOD ကိုလက်စထရောပေါင်းကြည့်တာ အဖြေမကိုက်ဘူး ၊ LAB ကတစ်ခုခု မှားနေပြီ သိလား။ (သေလိုက်ပါတော့ဟယ်။)

ဒေါက်တာ ကျွန်တော့ကို ပင်နယ်ဆလင်နဲနဲ လောက်ရေးပေးပါ ၊ အိမ်မှာ ခွေးမကြီး နေမကောင်းတာ နဲ့လေ တိုက်ချင်လို့ပါ ၊ ခွေးကုဆရာဝန် သွားပြရင် ခွေးက INSURANCE မရှိတော့ ဈေးကတအား ဈေးကြီးတယ် ၊ ဒီတော့ ကျွန်တော့ နာမည် နဲ့ရေးပေးလိုက် ၊ ကျွန်တော် ခွေးကိုတိုက်မယ် ၊ ကူညီပါနော် (ဒါမျိုးတွေလဲ ကြုံဖူးသည်။)

ကျွန်မ ယောကျ်ား ပါသွားပြီ ဒေါက်တာ ၊ ဟင့်ရွှတ်ရွှတ် ၊ ဘယ်လိုလုပ်ကြမလဲ ၊ ယောကျ်ား တွေဆိုတာ ဒီလိုပါပဲ ၊ စိတ်ထိန်းပါ ပြောမိတော့ ကျွန်မ ယောကျ်ား က နောက်မိန်းမ ယူသွားတာ မဟုတ်ဘူး ဒေါက်တာ ရဲ့ ၊ နောက်ယောကျာ်း ယူသွားတာတဲ့။ ကောင်းရော။ မိန်းမတစ်ယောက်က ယောကျ်ားတစ်ယောက်နဲ့ ဘယ်လိုယှဉ်ရမှာလဲကွယ်။ ခက်ပါဘီ။

နောက်ထပ် စာမရေးဖြစ် အချက်တစ်ခုကတော့ အိမ်အသစ် ပြောင်းပြီးနောက်မှာ ဘုန်းကြီးကျောင်းနှစ်ခုနဲ့ ပိုနီးသွားတော့ သာရေး ၊ နာရေး ၊ လူမှုရေး ကိစ္စ တွေပိုလာပါသည်။ ဒီနေ့တောင် ကြေးအိုး နှစ်ခွက်သောက်ခဲ့သေး ဟေးဟေး။ အစားသောက်ကောင်းတွေ နှင့် တွေ့နေမှတော့ ဘယ်သူကစာရေးချင်မှာလဲ ... 'အေ့'(လေချဉ်တက်သံ)

ဆေးရုံမှာ ထရိန်နင် ဆင်းတုန်းကများ ဘယ်နေရာမှာ ဘယ်လို အစားအသောက်တွေရှိလဲ ကျွန်မ တို့အမြဲသိပါသည်။ ကတ်ပြားပေါ်မှာ တစ်လ တစ်ရာ့နှစ်ဆယ်ဖိုး အလကားစားလို့ရသည်။ LIMIT ကျော်သွားရင်လည်း ကိစ္စ မရှိပါ။ သူငယ်ချင်းတွေ ကတ်ပြား နံပါတ်ပြောပြီး ဝယ်စားပါမည်။ မနက် ဆယ်နာရီလောက်ဆို ဆာဂျင်တွေ အခန်းထဲမှာ စွတ်ပြုတ် အလကားရနိုင်သည်။ အဲ့ဒီ ခေတ်တုန်းက ME TOO MOVEMENT တို့ ME THREE MOVEMENT တို့ မရှိသေးပါ ၊ သားဖွားဆောင်တို့ ၊ ကလေးဆောင်တို့မှာတော့ မိဘတွေ ဆွေမျိုးတွေ စားစရာဆိုပြီး ရေခဲသေတ္တာထဲမှာ ပေါင်မုန့် တွေ ၊ ဒိန်ချဉ်တွေ ၊ နွားနို့ဗူးတွေ ၊ ဆိုဒါဗူး ၊ ဖျော်ရည် ၊ ကွက်ကီးတွေ ပေါမှပေါ။

တစ်ခါတုန်းက ICU မှာ လုပ်ရတုန်း အလုပ်တွေကအရမ်းများ ၊ နေ့လည်စာကို မစားရဘူး ၊ ဒီလိုနဲ့ နေ့လည် တစ်နာရီကျော်တော့ ဗန်းကြီး တစ်ဗန်းရောက်လာတယ် ၊ သစ်သီးမျိုးစုံ ၊ ကွက်ကီးတွေ ၊ ဆင်းဒဝစ်(ချ်) ပေါင်မုန့်တွေနဲ့။ ကျွန်မ နဲ့ အဖော်တာဝန်ကျသူ ဆရာဝန်နှစ်ယောက် အားပါးတရစားပစ်လိုက်ကြသည် ၊ တယ်ဟုတ်ပါလားပေါ့ ။ နောက်မှသိရတာက ၊ အဲ့ဒီ့ ဗန်ကြီးက ICU ထဲမှာ ကွယ်လွန်သွားသူ လူနာရဲ့ မိသားစု ကို နှိစ်သိမ့် တဲ့ အနေနဲ့ ပို့လိုက်တာတဲ့ ၊ အားနာလိုက်တာ ကွယ် ၊ နောက်ထပ်တော့ အဲ့ဒါမျိုး ဗန်းကြီး ထပ်မရောက် လာတော့ မစားဖြစ်တော့ပါ။ (မသာကလည်း ရှားပါဘိခြင်း)

စာမရေးဖြစ်ခြင်း နောက်တစ်ကြောင်း ကတော့ စိတ်ကူးယဉ် ရခြင်း ၊ အတွေးကွန့် ရခြင်းတွေရဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ တရားထိုင်တဲ့ အလုပ်ဖက်ကို စိတ်ဝင်စားသွားလို့ပါပဲ။ စာရေးခြင်း အလုပ်ဟာ တရားထိုင်ခြင်း အလုပ်နဲ့ လုံးဝကို ကွာခြားပါတယ်။ ဘဝမှာ ဘယ်လောက်မှ မကျန်တော့တဲ့ အချိန်လေး အတွင်းမှာ စာတွေ လျှောက်ရေးပြီး စိတ်ကို ထရိန်နင် ယူမသွားဘူး ၊ အလုပ်လုပ်မသွားဘူး ၊ ခန္ဓာကိုယ်မှာ အမြဲပြောင်းလဲ နေတာတွေကိုကြည့် မသွားဘူး ၊ သံယောဇဉ်တွေ ၊ တွယ်တာမှုတွေကို လျှော့ချပစ်ဖို့ အချိန်မပေးဘူး ၊ စာတွေ လျှောက်ရေးနေရင် ကိုယ်ပဲ နစ်မွန်းမှာပဲ ထင်မိလို့ပါ။ ကိုယ်ရေးတဲ့စာတွေ မရှိရင်လဲ လူတွေက အိုကေနေမှာပါပဲ။ ကိုယ့်အချိန်က ပိုတန်ဖိုး ရှိသည်။

ဘာပဲဖြစ်ဖြစ်ပေါ့လေ စာမရေးဖြစ်တဲ့ အကြောင်းတွေ ရေးရင်းနဲ့ပဲ စာတစ်ပုဒ်တော့ ဖြစ်သွားခဲ့ပြီ။

Oct 27th ,2019