Breaking News

မောင်သာနိုး - အနှစ်တရာ မမေ့သာ

Than Htay Maung


မောင်သာနိုး - အနှစ်တရာ မမေ့သာ

(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၉

တဘဝမှာအချစ်တရာ ဆိုတာမျိုးက လူစွမ်းကောင်းများသာ တတ်စွမ်းနိုင်မှာဖြစ်ပေမဲ့ ၊ တဘဝမှ အချစ် တချစ်ထက်မက ရှိခဲ့ဖူးတာကတော့ လူတိုင်းလိုလိုရဲ့အတွေ့အကြုံလို့ ဆိုရလိမ့်မယ်။ ဒါကြောင့်လည်း ငယ်ချစ်အကြောင်း သီချင်းတွေ ၊ ကဗျာတွေ ၊ စကားဆိုရိုးတွေ ၊ ဘာသာစကားအသီးသီးမှာ ဒုနဲ့ဒေး ရှိနေ တာပေပ ။ ဒါပေမဲ့ ကမ္ဘာ့နိယာမလို့ ဆိုရမယ့်တရားတခုကလည်း အများစုဟာ ကိုယ့်ငယ်ချစ်၊ ဝါ ၊ အချစ်ဦး နဲ့ဘယ်တော့မှ မပေါင်းကြရဘူးတဲ့။

ငယ်ချစ်နဲ့လွဲရတဲ့ကဗျာတွေ အထောင်ထောင်ထဲက တပုဒ်ကို တင်ဆက်လိုက်ပါတယ် ။ ရေးဖွဲ့သူက ချက်ကိုစလိုဗက်ကီးယားပြည်ရဲ့ခေတ်ပေါ်ကဗျာဆရာတွေထဲမှာ အကြီးမားဆုံးလို့ ဆိုရမယ့် နိုဗယ်စာပေဆုရှင် ယာရောဆ်လာ့ဗ် ဆိုက်ဖဲရ်တ် Jaroslav Seifert ဖြစ်ပါတယ်။

(မှတ်ချက်-ဆိုက်ဖဲရ်တ်ဟာ ၁၉၈၆ မှာ ကွယ်လွန်တာဖြစ်လို့ ၊ ထိုစဉ်က ချက်နဲ့ ဆလိုဗက်ကိယတို့ နှစ်နိုင်ငံ မကွဲသေးပါ။ အက်ဒမင် )

ကဗျာက ၁၉၂၂-၂၃ လောက်ဆီက ရေးခဲ့တာဖြစ်မယ်လို့ ခန့်မှန်းကြ ပါတယ်။ ဆိုက်ဖဲရ်တ် ငယ်နုစဉ်ကပေါ့။ “အချစ်၊ အချစ်ချည်း” ဆိုတဲ့ကဗျာပေါင်းချုပ်ထဲမှာ ထည့်သွင်းထားတာ တွေ့ရတယ်။

မူရင်းကဗျာက ချက်ဘာသာနဲ့ပါ။ ဒါကို အင်္ဂလိပ်လို ကျကျနနပြန်ထားတာ ကျနော်မတွေ့ဖူးသေးဘူး။ ချက်မိတ်ဆွေတဦးက (အင်္ဂလိပ်လို) အကြမ်းဖျင်းဘာသာပြန်ပေးတာကိုပဲ ကျနော်က မြန်မာလို ပြန်လည်တင်ဆက်လိုက် တာမျှ ဖြစ်ပါတယ်။


လက်စွပ်ကလေး
ဟိုမှာ လမ်းကလေး ကွေ့ကောက်သွားရာ ၊
စံပယ်ပန်းတို့ ပွင့်တဲ့အနား ၊
ငါ့ငွေလက်စွပ်ကလေး ကျသွားပါ ၊
မကြာမကြာ သတိရမိသား ။

မကြာမကြာ သတိရမိကြပါ ၊
ကျောက်တုံးလေးပြုတ်ကျခဲ့တယ်
ညှာတံအစိမ်းကလေးပေါ်မှာ
ပြာလဲ့လဲ့ ခွာညိုပန်းလေးနှယ်။

နှစ်ယောက်သား ငုံ့ကိုင်း ရှာမိကြ ၊
မြေကြီးပေါ် လက်ချင်းဆုံမိပေါ့။

ပွင့်ဝေဝေ ခေါင်းလောင်းချွင်ချွင်ပ ၊
နောက်တော့ နှစ်ယောက် ငိုမိသေးတော့ ၊
တို့လက်ထပ်ပွဲအတွက် တချွင်ချွင် ၊
ပွင့်ဝေဝေနဲ့ ခေါင်းလောင်းတွေက ၊
တယောက်ကို တယောက် ရွေးခဲ့ပြီ ၊
နောက်တော့ ငါတို့ ကွဲခဲ့ကြရ။

အဲ့ဒီနောက် ခဏတာ ကြာသွား
ဘဝဆိုတာ ဒီလိုပဲ ထင့်၊
ဒါထက် စံပယ်ပွင့်ပြန်ပေါ့လား ၊
ငါချစ်ပြန်ခဲ့ နောက်တယောက်နှင့် ။

ဟိုမှာ လမ်းကလေးကွေ့ကောက်သွားရာ
သတိရစရာလေး လွင့်ခဲ့ပေ ၊
ငါ့ငွေလက်စွပ် ပြန်မရပါ ၊
ရွှေလက်စွပ်တော့ ရခဲ့ပြီလေ ။

ငါ့လက်ချောင်းကို ရစ်ပတ်ထားရဲ့ ၊
ငါ မင်းကို ပွေ့ဖက်မယ့်ပုံပ ။

ငါ့နှလုံးသား တဝက်ဆုံး
ဒီလက်စွပ်တော့ မဆုံးစေရ ။

ယာရောဆလာ့ဗ် ဆိုက်ဖဲ့ရ်တ်

စကားအသုံးအနှုန်းလွယ်လွယ်နဲ့ ရေးထားတာဖြစ်လေတော့ အကြမ်းဖျင်းနားလည်ဖို့ မခက်ချေဘူး ။ ဒါပေမဲ့ သေသေချာချာဖတ်ကြည့်ပါမှသာ သူ့ကဗျာပရိယယ်တွေကို နားလည်သဘောပေါက် နိုင်လိမ့်မယ်။

ကဗျာကို စစချင်း ကွေ့ကောက်သွားတဲ့လမ်းကလေးကို ညွှန်ပြလိုက်တယ်။ ဒီကထဲက သူတို့ဘဝလမ်းဟာ၊ တနည်း အချစ်ခရီးလမ်းဟာ ဖြောင့်ဖြူးတော့မယ်မဟုတ်ဘူးဆိုတာကို နိမိတ်ထိုးပြလိုက်သလို ဖြစ်နေတယ်။ အဲဒီလမ်းကလေးနားမှာ စံပယ်ပန်းကလည်း ပွင့်နေသတဲ့။ စပယ်ဟာ ဖြူတယ်။ ဒီ ဖြူတဲ့စံပယ်ပန်းကို အပြစ်ကင်းစင်တဲ့ ငယ်ရွယ်သူတို့ရဲ့အချစ်အတွက် သင်္ကေတအဖြစ်သုံးတဲ့ထုံးစံ ရှိတယ်။ ကျပျောက်ရတာလည်း ငွေလက်စွပ်။ စံပယ်ရဲ့အဖြူရောင်ကို ငွေရဲ့အဖြူရောင်နဲ့ အားဖြည့်ပေးလိုက်ပြန်တာ ဖြစ်တယ်။ ဒီလိုလမ်းကွေ့ကွေ့ စံပယ်ရုံနား ၊ ငွေလက်စွပ်ပျောက်ခဲ့ရတာကို မကြာမကြာသတိရမိတယ်ဆိုတော့ ငယ်ချစ်ကိုမကြာမကြာ သတိရမိတာလို့ ဆိုလိုတာ ဖြစ်နေပြန်တယ်။

သတိရတာက သူတယောက်ထဲ မဟုတ်ဘူး။ နှစ်ယောက်စလုံးကပဲ သတိရကြတာဖြစ်တယ်။ ဒါကြောင့် ဒုတိယပိုဒ်မှာ ဒီပါဒကို ပြန်ကြော့ရာမှာ “သတိရမိကြပါ” ဆိုထားတယ်။ လက်စွပ်က ကျောက်ကလေးတလုံးနဲ့တဲ့။ တယောက်ထဲကိုပဲ ချစ်ခဲ့တယ်လို့ ဆိုလိုတယ်။ နုနယ်တဲ့ငယ်ရွယ်သူ အချစ်ကလေးမို့ ညှာတံအစိမ်းကလေးပေါ်က ခွာညိုပန်းကလေးနဲ့ နှိုင်းပြလိုက်တယ်။

သူ့ငွေလက်စွပ်ကလေး ပျောက်သွားတယ်ဆိုတော့ ၊ ချစ်ဦးသူနဲ့အတူ တငုံ့ငုံ့ တကိုင်းကိုင်း ရှာကြတယ်။ မြေကြီးမှာ လက်နဲ့စမ်းရင်း ရှာကြဟန် တူရဲ့။ လက်ချင်းဆုံမိကြသတဲ့။ အဲဒီအချိန်မှာ ခေါင်းလောင်းသံ တချွင်ချွင်ပေါ်လာတယ်။ ခေါင်းလောင်းသံ မြိုင်မြိုင်ဆိုင်ဆိုင်ပေါ်လာတာကိုပဲ ပန်းတွေဝေဆာနေတာနဲ့ နှိုင်းပြတယ်။ လက်စွပ်ကတော့ ရှာမရဘူး။ တယောက်ငိုတော့ တယောက်က ကူငိုပေးပြန်ရော။

ငိုရင်းက အကောင်းမြင်ဘက်က စဉ်းစားမိပြန်တော့ ဒီခေါင်းလောင်းတွေဟာ ငါတို့လက်ထပ်ပွဲမှာ ထိုးမယ့်ခေါင်းလောင်းတွေရဲ့ အတိတ်နိမိတ်ပေပဲလို့ တွေးမိကြပြန်တယ်။ သူတို့နှစ်ဦးဟာ တဦးကိုတဦး ဘဝကြင်ဖေါ်တွေအဖြစ် ရွေးခဲ့ကြပြီ ၊ တနေ့မုချ လက်ထပ်ကြမယ်လို့ ကတိပြုခဲ့ကြတယ်။ ဒါပေမဲ့ အကြောင်းကံ ဖန်လာတော့ သူတို့နှစ်ဦး ကွဲကွာခဲ့ကြရတယ်။

အချိန်ကုန်လွန်သွားတယ် ။ သိပ်တော့ မကြာလိုက်ဘူး။ ဘဝဆိုတာ ဒီလိုပါပဲလေ ။ ကွဲသွားလိုက်။ အချိန်ကုန်မှန်းမသိ ကုန်သွားလိုက်ပါပဲ ။ ဟော……..ပြောရင်းဆိုရင်း စံပယ်တွေပွင့်ကြပြန်ပြီ။ စံပယ်ဆိုတော့ ငယ်ချစ်ကလေးကို သတိရမိစရာပ ။ ဒါပေမဲ့ ကျနော်တို့ဇာတ်လိုက်မှာ နောက်ထပ်မိန်းကလေးတယောက်နဲ့ ချစ်သူဖြစ်နေပါပြီ။

ငယ်စဉ်က လမ်းကလေးကွေ့ကောက်သွားရာမှာ ၊ စံပယ်ရုံဘေးမှာ ချစ်ဦးသူလေးနဲ့ ကြည်နူးခဲ့ရတာလေးတွေကို သတိရစရာပါပဲ ။ ဒါပေမဲ့ တမ်းတတဲ့စိတ်ဟာ လွင့်ပျယ်ခဲ့ပါပြီ။ မတမ်းတမိတော့ဘူး။ အဲဒီတုန်းက ပျောက်ခဲ့တဲ့ငွေလက်စွပ်ကလေးကို ပြန်မရတော့တာ မှန်ရဲ့။ (အဲဒီတုန်းက ငယ်ချစ်ဦးလေးနဲ့ မပေါင်းရတာကို ဆိုလိုတယ်။) ဒါပေမဲ့ အခု ရွှေလက်စွပ် အစားရခဲ့ပြီ။ သူ့ထက်ပိုချစ်ရသူတဦးကို ရခဲ့ပြီ။ ကြီးရင့်ချိန်မှ နှစ်နှစ်ကာကာချစ်မိတဲ့ ဒီအချစ်ကို “ရွှေ” အချစ်လို့ ဆိုလိုရင်းဖြစ်တယ်။ (လက်ထပ်တဲ့အခါ လဲရတဲ့လက်စွပ်ကို ညွှန်းတာလည်း ဖြစ်တယ်။)

ရွှေလက်စွပ်ကလေးဟာ သူ့လက်ချောင်းမှာ တင်းတင်းရင်းရင်း ရစ်ပတ်လို့နေတယ်။ သူ့ချစ်သူကိုသူ အားပါးတရ ပွေ့ဖက်ထားမယ့်ပုံစံမျိုးပါပဲ။ ငွေလက်စွပ်နဲ့နှိုင်းခဲ့ရတဲ့ ချစ်ဦးသူကို လွဲခဲ့ရလေတော့ သူ့နှလုံးသားတဝက် ဆုံးခဲ့ရတယ်။ ရွှေလက်စွပ်နဲ့တူတဲ့ ဒီချစ်သူသစ်ကို၊ ချစ်ရတဲ့နှလုံးသားကိုတော့ အဆုံးမခံနိုင်တော့ပါဘူး။

မြီးကောင်ပေါက်အရွယ် ခုမှ ချစ်ဖူးသူ၊ ခုတွေ့ရတဲ့ချစ်သူကိုမှ ချစ်သူ ၊ တသက်လုံးမခွဲဘဲ ချစ်ရမယ့်သူ၊ သူကလွဲရင် ဘယ်သူမှ ချစ်စရာရယ်လို့ ထင်မှတ်နိုင်မယ်မဟုတ်ဘူး ဆိုသူများကတော့ ၊ ဒီကဗျာကို ခံစားလို့မရတဲ့အပြင် ဒေါတောင်ပွကြလိမ့်ဦးမယ်။ အသက်ကလေးရလာမှ တချစ်က နှစ်ချစ် ၊ သုံးချစ် ပြောင်းလာခဲ့ရပြီး ၊ နောက်ဆုံးအချစ်မှာ အနည်ထိုင်သူများကမှ “ဟုတ်ပါပေလား၊ အချစ်ဆိုတာ ဒီအတိုင်းပါလား ၊ ဘဝဆိုတာ ဒီတိုင်းပါလား” လို့ ကိ်ုယ်တွေ့နဲ့ယှဉ် သဘောပေါက်ကာ ၊ ဒီကဗျာကို အရသာတွေ့နိုင်ကြပါလိမ့်မယ်။

မောင်သာနိုး
ကဗျာခံစားမှုဆောင်းပါးကောက်နှုတ်ရာ
မောင်သာနိုး၊ ခေတ်ပေါ်အချစ် ခေတ်ပေါ်ကဗျာ ။ ရန်ကုန်၊ နတ်သမီးစာအုပ်တိုက်၊ ၁၉၉၉ ။