Breaking News

ရွှေအမြုတေမဂ္ဂဇင်း နှစ် ၃၀ ပြည့် အခမ်းအနား စာပေပွဲတော်အသွင် ကျင်းပမည်






ရွှေအမြုတေမဂ္ဂဇင်း နှစ် ၃၀ ပြည့် အခမ်းအနား စာပေပွဲတော်အသွင် ကျင်းပမည် 

ရန်နောင်(ဗိုလ်တထောင်) ။ မိုးမခ၊ နိုဝင်ဘာ  ၂၃၊ ၂၀၁၉


ရန်ကုန် နိုဝင်ဘာ ၂၃ ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း နှစ် ၃၀ ပြည့် အခမ်းအနားကို ရန်ကုန်မြို့ သံစျေး ၅ လွှာရှိ Yangon Book Plaza ၌ နိုဝင်ဘာ ၂၂ ၊ ၂၃ ၊ ၂၄ ရက်နေ့များတွင် စာပေပွဲတော်အသွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ 


စာတည်းချုပ်ဦးဝင်းငြိမ်း တည်ထောင်ပြီး ၁၉၈၉ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့သော ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း နှစ် ၃၀ ပြည့် အခမ်းအနား ဖွင့်လှစ်ပွဲကို နိုဝင်ဘာ ၂၂ ရက်နေ့ နေ့လယ် ၁ နာရီက စတင် ကျင်းပ ပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ ရွှေအမြုတေ ပဲ့ကိုင်ရှင် အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက အမှတ်တရ စကားပြောကြားခဲ့သည်။ ထို့နောက် ခေတ်အရိပ်ထဲက ဝတ္ထုတို ခေါင်းစဉ် ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။ ကြားခံဆွေးနွေးသူ အဖြစ် စာရေးဆရာညီငယ်လေး က ဆောင်ရွက်ပြီး စံပယ်ဖြူ နု ၊ အဖြူ ရောင် ( ရွှေ) ၊ ထွန်းတောက်ထွဋ် ( သချင်္ာ) တို့က ဆွေးနွေးပြောဆိုခဲ့ကြသည်။ 


ညနေပိုင်း စကားဝိုင်း တွင် ခေတ်ပြိုင်ခံစားမှု ပြတင်းတံခါးမှ ဝတ္ထုရှည်များကို မျှော်ကြည့်ခြင်း ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည်။ စာရေးဆရာမြစ်ကျိုးအင်း က ကြားခံဆွေးနွေးပြီး ချောအိမာန် ( မန္တလေး) ၊ ဆေးဆေ ၊ နိုင်မြင့် ၊ အောင်ဖြိုးကျော် ( ပခုက္ကူ ) တို့က ဆွေးနွေးပြောဆိုခဲ့ကြသည်။

 ရွှေအမြုတေ မဂ္ဂဇင်း တွင် ပါဝင်ရေးသားခဲ့သော ပန်းချီအနုပညာရှင်များ၏ မဂ္ဂဇင်း သရုပ်ဖော်ပန်းချီပြပွဲအဖြစ် မူရင်း မဂ္ဂဇင်း သရုပ်ဖော်ပုံများကို ချိတ်ဆွဲပြသထားသည်။ နိုဝင်ဘာ ၂၃ နှင့် ၂၄ ရက်များတွင်လည်း စာပေဆွေးနွေး စကားဝိုင်းများကို ကျင်းပ ပြုလုပ်ဦးမည် ဖြစ်ကြောင်း သိရှိရပါသည်။