Breaking News

ဧရာ(မန္တလေး) - အရက်၊ ယဉ်ကျေးမှုနှင့် ဘာသာတရား




ဧရာ(မန္တလေး) - အရက်၊ ယဉ်ကျေးမှုနှင့် ဘာသာတရား

(မိုးမခ) နိုုဝင်ဘာ ၂၄၊ ၂၀၁၉

ယနေ့ခေတ်တွင် အရက်ဘီယာ သောက်သုံးမှုမှာ ယဉ်ကျေးမှုတစ်လို ဖြစ်လာသဖြင့်၊ သုရာမေရယသိက္ခာပုဒ် အကြောင်းကို ကျမ်းကိုးကျမ်းကား, အနောက်တိုင်းအမြင်, ကိုယ်ပိုင်အမြင်များနှင့် သုံးသပ်၍ စာတစ်ပုဒ်ရေးရန် စာဖတ်သူတစ်ဦးက တိုက်တွန်းထားသည်။

✦✦✦

(၁)

ငါးပါးသီလတွင် သုရာမေရယ သိက္ခာပုဒ်က အခြားသိက္ခာပုဒ်တို့ထက် ပို၍ အငြင်းပွားဖွယ်ရာ များသည်ဟု ဆိုနိုင်သည်။ သူ့အသက်ကို သတ်ခြင်း, သူ့ကို ခိုးယူခြင်း, သူ့တစ်ပါး၏ မယားကို ပြစ်မှားခြင်း, လိမ်ညာပြောဆိုခြင်းဟူသည့် သိက္ခာပုဒ် လေးပါးတို့သည် သူတစ်ဖက်သားကို တိုက်ရိုက် ထိခိုက်စေသည့် အတွက် မကောင်းမှု အကုသိုလ် ဖြစ်ကြောင်း ထင်ရှားသည်။ သို့သော် အရက်သေစာ သောက်သုံးခြင်းမှာမူ သူတစ်ဖက်သားကို တိုက်ရိုက် ထိခိုက်စေသည့် အမှုမျိုးမဟုတ်သဖြင့် အပြစ်မဟုတ်ဟု ယူဆကြသူများ ရှိသည်။ အချို့ကလည်း ဆေးဖြစ်ဝါးဖြစ် သောက်သုံးခြင်းသည် အပြစ် မဟုတ်ဟု မှတ်ယူကြသည်။ “ဗျစ်ရည်သည် ဆေးခါးကြီးနှင့် တူကြောင်း၊ ဆေးအဖြစ် အနည်းငယ် သောက်ရုံမျှဖြင့် အပြစ်မရှိကြောင်း” ယောမင်းကြီး ဦးဘိုးလှိုင်က ဆိုခဲ့ဖူးသည်။ ဆရာကြီးရွှေဥဒေါင်းကလည်း “သုရာမေရိယကံ ကျူးလွန်မှုသည် သီလပျက်သော်လည်း ဒုစရိုက်ဆယ်ပါးတွင် မပါသောကြောင့် အပါယ်သို့ ကျကောင်းသော အပြုအမူ မဟုတ်” ရေးသားခဲ့ဖူးသည်။

အနောက်တိုင်း ယဉ်ကျေးမှု ရှုထောင့်အရ ကြည့်လျှင် ပို၍ပင် အငြင်းပွားဖွယ်ရာ များသည်။ သမ္မာကျမ်းစာတွင် မူးယစ်ခြင်း၏ အပြစ်ကို ထောက်ပြဝေဖန်သည့် အဆိုအမိန့် အများအပြားပါဝင်သည် ဆိုသော်လည်း၊ ယေရှုခရစ်တော် ကိုယ်တိုင် ‘ဝိုင်’ ကို သောက်သုံးကြောင်း တွေ့ရသည် (Matthew 26:29, Luke 7:34)။ ထို့ကြောင့် အများစုက မလွန်ကျူး မမူးယစ်လျှင် အပြစ်မရှိဟု ယူဆကြသည်။ ‘အချို့ကလည်း ဟေဗရူးဘာသာစကား ‘ယာယင်’ (yayin) ဆိုသည်မှာ ယနေ့ခေတ် ဝိုင်အရက်နှင့် မတူ၊ အယ်ကိုဟော အနည်းငယ်သာပါသည့် (သို့မဟုတ် အယ်ကိုဟော လုံးဝ မပါသည့်) စပျစ်ရည် ဖြစ်သည်ဟု ယူဆကြသည်။

အကြမ်းအားဖြင့် အရက်သေစာ သောက်သုံးခြင်းအပေါ် အနောက်တိုင်း ခရစ်ယာန် ယဉ်ကျေးမှု ရှုထောင့်မှ အမြင် သုံးမျိုးရှိသည်ကို တွေ့ရ၏။

၁။ အရက်ကို အလွန်အကြွံ သောက်သုံးခြင်းသည် အန္တရာယ်ရှိသည် မှန်သော်လည်း၊ ဝိုင်သည် “လူသား၏ စိတ်နှလုံးကို ရွှင်လန်းစေသည့် ဘုရားပေးသော လက်ဆောင်” (Pslam 104:15) ဖြစ်သဖြင့် လုံးဝပိတ်ပင် ရှောင်ကြဉ်နေစရာ မလို၊ အသိဉာဏ်ဖြင့် ချင့်ချင့်ချိန်ချိန် သောက်သုံးနိုင်သည်ဟု အချို့က ယူဆကြသည်။ သူတို့ကို မယုတ်မလွန် အမြင်ရှိသူများ (moderationists) များဟု ခေါ်သည်။

၂။ သမ္မာကျမ်းစာတွင် အရက်သေစာ မသောက်စားရဟု ယတိပြတ် တားမြစ်ထားခြင်း မရှိသော်လည်း၊ အရက်သည် လွန်ကျူးမှုကို ဖြစ်စေတတ်ပြီး (Ephesian 5:18) ကောင်းကျိုးထက် ဆိုးပြစ်က ပိုများသဖြင့် မိမိ၏ ကိုယ်ပိုင်အသိဉာဏ်ဖြင့် အရက်ကို ရှောင်ကြဉ်သင့်သည်ဟု ဒုတိယအုပ်စုက ယူဆကြသည်။ ရှောင်ကြဉ်ရေး အမြင်ရှိသူများ (abstentionists) ဟု ခေါ်သည်။

၃။ ကြီးလေးသည့် ဒုစရိုက်မှုများကို ဖြစ်စေသဖြင့် အရက်သေစာ သောက်သုံးခြင်း, ရောင်းဝယ် ဖောက်ကားခြင်းကို ဥပဒေဖြင့် ထိရောက်စွာ တားမြစ် ပိတ်ပင်သင့်သည်ဟု အချို့က ယူဆကြသည်။ ထိုသို့ တားမြစ်ပိတ်ပင်ရေး အမြင်ရှိသူများ (Prohibitionists) ဟုခေါ်သည်။ အမေရိကန်နိုင်ငံတွင် ၁၉၂၀ ခုနှစ်မှ ၁၉၃၃ ခုနှစ်ထိ ကာလတွင် အရက်ဘီယာ ရောင်းဝယ်ဖောက်ကားမှုကို ဥပဒေပြဋ္ဌာန်း၍ ပိတ်ပင်ခဲ့ဖူးသည်။ မွတ်စလင်နိုင်ငံ အများစုတွင်လည်း အရက်ဘီယာ ရောင်းဝယ်ဖောက်ကားမှုကို ဥပဒေဖြင့် ကန့်သတ် ထိန်းချုပ်ကြသည်။

ဤအမြင်သုံးမျိုးနှင့် ချိန်ထိုးကြည့်လျှင် ယောမင်းကြီး ဦးဘိုးလှိုင်နှင့် ဆရာကြီးရွှေဥဒေါင်းတို့၏ အယူအဆများသည် ချင့်ချင့်ချိန်ချိန် သောက်လျှင် အပြစ်မရှိဟု ယူဆသည့် “မယုတ်မလွန် အမြင်ရှိသူများ” ဟု ဆိုနိုင်သည်။ ယောမင်းကြီးက “ဆေးဖြစ်ဝါးဖြစ် အနည်းငယ် သောက်နိုင်သည်” ဟု ကျန်းမာရေးရှုထောင့်မှ သုံးသပ်ခြင်း ဖြစ်သည်။ ဆရာကြီးရွှေဥဒေါင်းကမူ “မူးယစ်ရမ်းကားခြင်း မပြုဘဲ ဂုဏ်သရေရှိ လူကြီးလူကောင်းဆန်ဆန် သောက်လျှင် အပြစ်မရှိ” ဟု လူမှုရေးရှုထောင့်မှ သုံးသပ်ခြင်း ဖြစ်သည်။ ဘာသာရေးရှုထောင့်မှ လုံးဝ မကြည့်ကြသည်တော့လည်း မဟုတ်။ ဒုစရိုက်ဆယ်ပါးတွင် သုရာမေရယကံ ကို ထည့်သွင်း မထားသည့် အချက်ကို အခြေခံကာ သုံးသပ်ကြခြင်း ဖြစ်သည်။

(မှတ်ချက်။ မည်မျှသောက်ခြင်းကို ဆေးဖြစ်ဝါးဖြစ်ဟု ယူဆနိုင်၍, မည်သို့သောက်ခြင်းကို Gentlemen ဆန်ဆန် သောက်ခြင်းဟု ယူဆနိုင်ကြောင်းမှာ မေးခွန်းထုတ်ဖွယ်အချက်များ ဖြစ်သည်။)

✦✦✦

(၂)

သေရည်အရက် သောက်သုံးမှုသည် လူ့သမိုင်းတွင် ကျောက်ခေတ်ကပင် စခဲ့သည်ဟု သမိုင်းပညာရှင်ဆို့က ဆိုသည်။ ကမ္ဘာတဝှမ်းတွင် လူမျိုးအသီးသီးသည် သေရည်အရက်ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှာဖွေတွေ့ရှိခဲ့ကြသလို သေရည်နှင့် ပတ်သက်သည့် ဒဏ္ဍာရီပုံပြင်များလည်း အသီးသီး ရှိကြသည်။ ဂရိဒဏ္ဍာရီတွင် ဒိုင်အိုနီးဆပ် (Dionysus) ကို ဝိုင်အရက်ကိုပေးသည့် နတ်ဘုရား(God of Wine) အဖြစ် ယုံကြည်ကိုးကွယ်ကြသည်။ ထိုနတ်ဘုရားကို ပူဇော်သည့် ပွဲတွင် လူတို့သည် ဝိုင်အရက်ကို သောက်၍ မြူးတူးပျော်ပါးစွာ ကခုန်သီဆိုကြရင်း လူတို့၏ စိုးရိမ်သောကများမှ လွတ်မြောက်စေသည်ဟု ယုံကြည်ကြသည်။ အာရိယန်တို့ အိန္ဒုမြစ်ဝှမ်းဒေသသို့ ဝင်ရောက်လာသောအခါတွင် “သောမ” ခေါ် ယစ်ရည်ကို သောက်သုံးသည့် ဓလေ့ကို သယ်ဆောင်လာခဲ့ကြသည်။ နတ်ဒေဝတာတို့သည် သောမရည်ကို သောက်သုံး၍ မသေခြင်းကို ရသောကြောင့် အမြိုက်ရည် (အမတ) ဟုလည်း ခေါ်သည်။ ယစ်ပူဇော်ပွဲများတွင် နတ်တို့ကို သောမရည်ဖြင့် ပူဇော်ကြသလို လူတို့လည်း သောက်သုံးကြသည်။ သေရည်၏ တန်ခိုးဖြင့် မူလအသိစိတ်များ ကင်းပျောက်ကာ နတ်ဒေဝတာတို့ ပူးဝင်သကဲ့သို့ ခံစားရပြီး ကြောက်စိတ်, စိုးရိမ်စိတ်များ တဒင်္ဂကင်း ဝေးသွားစေနိုင်ခြင်းသည် သေရည်နှင့် နတ်ပူဇော်ပွဲတို့ ဆက်စပ်နေသည့် အကြောင်းတစ်ရပ် ဖြစ်နေနိုင်ပါသည်။

ယနေ့ခေတ်တွင် အရက်သေစာ သောက်သုံးကြသည့် ရည်ရွယ်ချက် အမျိုးမျိုး ရှိနိုင်သည်။ ယစ်မူးရီဝေသည့် အရသာကို ခံစားပျော်ပါးရန်သက်သက် ဖြစ်နိုင်သလို၊ ဘဝအမောများနှင့် စိတ်ဖိစီးမှုများကို ဖြေဖျောက်ရန်၊ လူမှု အပေါင်းအသင်း ဝင်ဆံ့နိုင်ရန်၊ မိမိ ရှက်ရွံ့တုန့်ဆုတ်နေသည့် ကိစ္စတစ်ခုကို ဆောင်ရွက်ရာတွင် ရဲဆေးတင်ရန်၊ အောင်ပွဲခံရန် စသဖြင့် ရည်ရွယ်ချက် အသီးသီးဖြင့် သောက်သုံးကြသည်လည်း ရှိမည်။ ကျန်းမာရေးအတွက် ဆေးတစ်ခွက် အဖြစ် သောက်သုံးသူများလည်း ရှိမည်။

ဘီယာ, ဝိုင်, အရက်တို့တွင် ပါဝင်သည့် အယ်ကိုဟောက အသိစိတ် (တနည်း ဦးနှောက်အတွင်းရှိ နျူရွန်ဆဲလ်များ၏ ဆက်သွယ်ရေးပုံစံများကို) ထိန်းကျောင်းပေးနေသည့် ဓာတုပစ္စည်းများ၏ ဟန်ချက်ကို ပြောင်းလဲပေးနိုင်သည်။ အယ်ကိုဟော သုံးစွဲပြီးစ လတ်တလောကာလတွင် စိတ်နှလုံး ရွှင်လန်းပျော်ရွှင်သည့်အခါ ထွက်လေ့ရှိသည့် Dopamine နှင့် စိုးရိမ်သောကကင်းပြီး မိမိကိုယ်မိမိ ယုံကြည်မှု မြင့်တက်နေသည့်အခါတွင် ထွက်လေ့သည့် ရှိသည့် Serotonin ဓာတ်များ မြင့်တက်လာသည်။ GABA (Gamma-Aminobutyric Acid) ဓာတ်က ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်သောက ဝေဒနာများကို တဒင်္ဂ မေ့ပျောက် မိန်းမောစေနိုင်သည်။ ထို့အပြင် အယ်ကိုဟောက AgRP ခေါ် ဦးနှောက်ဆဲလ်များကို လှုံ့ဆော်ပေးသဖြင့် ဆာလောင်ကာ စားကောင်း သောက်ကောင်း ခံတွင်းတွေ့စေသည်။

အရက်သေစာ၏ လတ်တလော အကျိုးကျေးဇူးများသည် နှစ်လိုဖွယ် ဖြစ်သည်ဟု ထင်ကောင်း ထင်နိုင်မည်။ သို့သော် အယ်ကိုဟောသည် လူ့ခန္ဓာကိုယ်အတွက် အဆိပ်သာ ဖြစ်သည်။ ခန္ဓာကိုယ် ဒယိမ်းဒယိုင်ဖြစ်ခြင်း, စကား ဗလုံးဗထွေးဖြစ်ခြင်း, ထင်ယောင်ထင်မှား ဖြစ်ခြင်း, မူးနေစဉ်ကာလ အဖြစ်အပျက်များကို အမှတ်မရတော့ခြင်း, အော့အန်ခြင်း, နောက်တစ်နေ့တွင် ခေါင်းကိုက်, ကိုယ်လက် မအီမသာ ဖြစ်ကာ အရက်နာကျခြင်း တို့သည် အယ်ကိုဟော အဆိပ်တက်ခြင်း၏ မြင်သာသော လက္ခဏာများ ဖြစ်သည်။ လက်ငင်း သိလွယ်မြင်လွယ် မဟုတ်သည့် ဆိုးကျိုးများမှာ လူ့ခန္ဓာကိုယ်မှ အဆိပ်အတောက်တို့ကို ဖယ်ရှားပေးရန် တာဝန်ယူရသည့် အသည်းကို အယ်ကိုဟောက ထိခိုက်စေခြင်းပင် ဖြစ်သည်။ အရက်ကို စွဲစွဲမြဲမြဲ သောက်သူတို့တွင် အသည်းအဆီဖုံးခြင်း, အသည်းရောင်ခြင်း, အမာရွတ်တက်၍ အသည်းကြွပ်ခြင်း, နောက်ဆုံး အသည်းကင်ဆာ အထိ ဖြစ်စေနိုင်သည်။ အယ်ကိုဟောက နျူရွန်ဆဲလ်များ ဆက်သွယ်ရေးကို ထိခိုက်စေနိုင်သဖြင့် ဦးနှောက်ကျုံ့ကာ မှတ်ဉာဏ်ချို့ယွင်းသည့် သူငယ်ပြန်သလို (Dementia) ရောဂါမျိုး ရနိုင်သည်။ အရက်က စိတ်ဖိစီးမှုများကို ဖြေဖျောက်စေနိုင်သည်ဟု ဆိုခဲ့သော်လည်း၊ ပင်ကိုယ် သဘာဝအလျောက် ထုတ်လုပ်သည့် Dopamine နှင့် Serotonin ဓာတ်များ လျော့ကျသွားပြီး အရက် မသောက်ရလျှင် မနေနိုင် အရက်စွဲကာ၊ အရက်ကြောင့် ဖြစ်သည့် စိတ်ဖိစီးမှုနှင့် စိတ်ကျဝေဒနာများကို ရင်ဆိုင် ခံစားရနိုင်သည်။ ထို့အပြင် အရက်မူးယစ်၍ အသိဉာဏ် ကင်းပျောက်ကာ ကာမဂုဏ် လွန်ကျူးခြင်း, ခိုက်ရန်ဖြစ်ခြင်း, ကားတိုက်ခြင်းစသည့် ဘေးထွက် ဆိုးကျိုးများစွာကိုလည်း ရင်ဆိုင်ရနိုင်သည်။

🔹 “ခွက်ထဲတွင် သွေးနီရောင်တောက်နေပြီး လည်ချောင်းတွင်းသို့ ချိုမြိန်စွာ စီးဝင်သွားမည့် ဝိုင်အရက်ကို တပ်မက်သောစိတ်ဖြင့် မကြည့်လေလင့်။ နောင်တွင် အဆိပ်ပြင်းသော မြွေသို့ ကိုက်လတ္တံ့” (Proverb 23:31-32)

🔹 “ချစ်သား ... စိမ်ရည်ကို သုရာဟု ခေါ်၏။ အကြင်သုရာရည်သည် စိတ်နှလုံးကို ရွှင်လန်းစေ၏။ မွှေးပျံ့သော ရနံ့ရှိ၏။ ရဲရင့်သော အဖြစ်သို့ ရောက်စေ၏။ ပျားငယ်ရည်၏ အရသာနှင့် တူ၏။ ချစ်သား နာရဒ ... ထိုသုရာကို မြတ်သောအကျင့် ကျင့်သူတို့၏ ‘အဆိပ်’ ဟု သူတော်ကောင်းတို့က ဆိုကြ၏။ (စူဠနာရဒဇာတ်)

သုရာရည်သည် အပေါ်ယံအားဖြင့် နှစ်လိုဖွယ်ဖြစ်သော်လည်း၊ မြတ်သောအကျင့်ကို ကျင့်သူတို့အတွက် ‘အဆိပ်’ ဖြစ်သည်ဟု တင်စားကာ စူဠနာရဒဇာတ်တွင် ဆုံးမထားသည်။ ခရစ်ယာန်ကျမ်းစာတွင်လည်း အရက်ကို ‘မြွေဆိပ်’ အဖြစ် တင်စားထားသည်။ ဆေးပညာများအရဆိုလျှင်ကား အယ်ကိုဟောသည် လူ့ခန္ဓာကိုယ်အတွက် ‘အဆိပ်’ စင်စစ်ပင် ဖြစ်သည်ဟု ဆိုရမည်။

✦✦✦

အရက် အပေါ် ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များမှ အမြင်များကို ဆက်လက်ဖော်ပြပါမည်။