Breaking News

မောင်ကြူးရင့် - လူလူချင်း

လူလူချင်း
 မောင်ကြူးရင့်
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၉

လန်ချားဟာ
လူကဆွဲပြီး
လူကစီးတာပါပဲ
လူလူချင်းစီးတာပါပဲ

ဆိုက္ကားဟာ
လူကနင်းပြီး
လူကစီးတာပါပဲ
လူလူချင်းစီးတာပါပဲ

မျက်လုံးအဝတ်စည်းပြီး
လူကလူကိုဖမ်းဆီး
လူကလူကိုပုံစံမျိုးစုံနှိပ်စက်
လူကလူကို ညှဉ်းပန်းတာပါပဲ

မတွေ့ဘူး မသိဘူးပါပဲ
လူကလူကိုသေနတ်နဲ့ပစ်ခတ်
လူကလူကို သတ်ဖြတ်တာပါပဲ

ကုလားထိုင်ပေါ်က
လူက လူကိုအမိန့်ပေး
လူကလူကို နှိပ်ကွပ်တာပါပဲ

လူလူချင်း
ရက်စက်တဲ့သံသရာဟာ
ခုထိလည်နေတုန်းပဲ

လူလူချင်း
ရက်စက်တဲ့သံသရာဟာ
ဘယ်မှာ ဆုံးမှာပါလဲ

လူလူချင်း
ပန်းတွေလိုနေကြတဲ့
လောကကိုရောက်ရင် မကောင်းဖူးလား

         ၁၇ . ၉ . ၂၀၁၉