လက်နက်ကိုင် တိုက်ခိုက်မှုနဲ့ နိုင်ငံရေး ဦးဆောင်မှု
မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၂၃ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၂၄၊ ၂၀၂၃
လက်နက်ကိုင် တိုက်ခိုက်မှုနဲ့ နိုင်ငံရေး ဦးဆောင်မှု
ယခုရက်ပိုင်းမှာ ကျင်းပတဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ယခင်က ကြံ့ခိုင်ရေးပါတီက ထောက်ပံ့ပေးခဲ့ပြီး လက်ရှိတော့ စစ်ကောင်စီက ထောက်ပံ့ပေးနေတဲ့ သတင်းဌာနတခုနဲ့ စစ်ကောင်စီ ထောက်ပံ့ခံ အခြားသတင်းဌာနတခုတို့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၊ PDF အဖွဲ့တွေနဲ့ပတ်သက်လို့ ဆွပေးတဲ့ မေးခွန်းမျိုးကို မေးမြန်းခဲ့ပါတယ်။
လွတ်လပ်တဲ့ သတင်းဌာနအများစု ပြည်တွင်းမှာ ပေါ်ပေါ်ထင်ထင် ရပ်တည်လို့မရတော့တာကြောင့် စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်တာ မရှိသလောက်ဖြစ်လာခဲ့ပြီး ကြံ့ခိုင်ရေး ပါတီရဲ့ အထောက်အပံ့ခံ မီဒီယာ၊ မှုခင်းသတင်းထောက်နဲ့ စစ်ကောင်စီဘက်က ပေါ်ပေါ်ထင်ထင် ထောက်ခံရေးသားပေးတဲ့ ငွေကြေးအားဖြင့်လည်း အထောက်အပံ့ရယူထားကြတဲ့ သတင်းမီဒီယာတွေပဲ တက်ရောက်မေးမြန်းကြတာ ဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲဆိုတာထက် ဝါဒဖြန့်အခမ်းအနားတခုလို့ ခေါ်ဆိုတာက ပိုသင့်တော်မယ့် အခမ်းအနားဖြစ်ပါတယ်။
စစ်ကောင်စီဘက်က ထောက်ခံပြီး လက်နက်ကိုင် အဖွဲ့တွေကို ပြတ်ပြတ်သားသား နှိမ်နှင်းဖို့ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာဖို့ စတဲ့ မေးခွန်းမျိုးတွေနဲ့ ဆွပြီးမေးခဲ့ကြရာမှာ PDF တွေနဲ့ ဆွေးနွေးရေးဖို့ဆိုရင် အကြမ်းဖက်လုပ်ရပ်တွေကို မလုပ်တော့ပါဘူးလို့ ကမ္ဘာသိ ဝန်ခံဖို့ လိုပြီး အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချကြောင်း ကြေညာဖို့လိုတယ်လို့ စစ်ကောင်စီဘက်က ဆိုပါတယ်။
တဖန် PDF တွေကို စစ်သင်တန်းတွေပေးပြီး လက်နက် ကူညီတာ၊ စစ်ရေး ဦးဆောင်မှုတွေ လုပ်ပေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာဖို့မရှိဘူးလားဆိုတဲ့ စစ်ကောင်စီကို မြှောက်ပင့်ပေးတဲ့ မေးခွန်းကိုလည်း အထက်က ဝါဒဖြန့်မီဒီယာတွေက မေးမြန်းခဲ့ပါသေးတယ်။ စစ်ကောင်စီ ဘက်ကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့ကို မြေပြင်ရော လေကြောင်းပါ အသုံးပြုပြီး ထိုးစစ်ဆင်နေတာရှိပေမယ့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာမယ်၊ မကြေညာဘူးဆိုတဲ့ မေးခွန်းကို ရှောင်ကွင်းဖြေဆိုသွားတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်တဲ့ NUG ရဲ့ လက်အောက်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ဒေသအလိုက် ကျေးရွာအလိုက် ပေါ်ထွက်လာတဲ့ ယေဘုယျ အမည်နဲ့ PDF လို့ခေါ်ကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ စစ်တပ် လက်နက်ချတဲ့အထိ သို့မဟုတ် အပြီးတိုင် ချေမှုန်းနိုင်တဲ့အထိ ဆက်လက်တိုက်ခိုက်သွားမယ်လို့ သတင်းမီဒီယာတွေက မေးမြန်းမှုတွေမှာ ထုတ်ဖေါ်ပြောဆိုထားကြပါတယ်။
တဖက်မှာတော့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်တဲ့ ဒေါ်ဇင်မာအောင်က NUG အနေနဲ့ လက်နက်ကိုင် လမ်းစဥ်က ယခုလက်ရှိ အနေအထားမှာ ကိုင်စွဲထားတဲ့ လမ်းစဥ် အနေနဲ့ ယူဆပြီး အဆင့်တခု အခြေအနေတခု ရောက်တဲ့အခါ တွေ့ဆုံဆွေးနွေးရေး လမ်းစဥ်ကို ပယ်ချမထားဘူးဆိုတဲ့ သဘောမျိုး မီဒီယာ အင်တာဗျူးတခုမှာ ဖြေကြားထားတာ တွေ့ရပါတယ်။
နိုင်ငံရေးခေါင်းဆောင်တွေက အဆိုပါ သဘောထားမျိုးထားရှိတာဟာ သဘာဝလို့ဆိုနိုင်ပြီး နိုင်ငံရေး ဆိုရိုးစကား တခုဖြစ်တဲ့ နိုင်ငံရေးပြဿနာဟာ နောက်ဆုံး တနေ့မှာ စားပွဲဝိုင်းမှာ ဖြေရှင်းကြရစမြဲဆိုတဲ့ ဆိုရိုးအရ နားလည် ခံယူကြတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိ အနေအထားမှာတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ နောက်ဆုံးမှာ ဖြေရှင်းကြရစမြဲ ဆိုတဲ့ အဆိုကို လက်နက်ကိုင်လှုပ်ရှားမှုထဲ ပါဝင်နေကြတဲ့ သူအများအပြားက လက်ခံနိုင်ကြမှာ မဟုတ်ပါဘူး။ ဘယ်လို အနေအထားမှာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မလဲ ဆိုတဲ့အချက်ကို မေးခွန်းထုတ်ကောင်း ထုတ်နိုင်တာလည်း ဖြစ်ပါတယ်။ အာဏာပါဝါ တန်းတူယှဥ်နိုင်လာတဲ့အခါ တဖက် ရန်သူအနေနဲ့ ၄င်းတို့ အနေအထားက အသာစီးရနေတဲ့ အနေအထားမဟုတ်တော့တဲ့ အခါ သို့မဟုတ် ၄င်းတို့အတွင်းမှာ အချင်းချင်းစည်းလုံးမှု ပြိုကွဲတဲ့အခါမျိုးမှာ ဖြစ်နိုင်ချေရှိတယ်လို့ ဆိုရမှာပါ။
လက်နက်ကိုင် လှုပ်ရှားမှုထဲ ပါဝင်နေတဲ့သူ အများစုကတော့ စစ်အာဏာရှင် တပ်တွေကို အမြစ်ဖြတ်မယ်၊ အင်အားစု တခုအနေနဲ့ မရှိအောင်ကို လက်နက်ကိုင် တိုက်ခိုက်ပြီး ဖယ်ရှားမယ်လို့ ရည်မှန်းချက် ထားကြတာ တွေ့ရပါလိမ့်မယ်။ လက်တွေ့မှာ အဲလို အခြေအနေက ခန့်မှန်းကာလအားဖြင့် ဘယ်နှစ်လ၊ ဘယ်နှနှစ် အတွင်းဖြစ်ပေါ်နိုင်မလဲ ဆိုတဲ့ မေးခွန်းရှိပေမယ့် ဖြေဆိုဖို့တော့ ခက်ခဲမှာ ဖြစ်ပါတယ်။
ခုလက်ရှိ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် နည်းလမ်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ နိုင်ငံရေး ဦးဆောင်မှု တနည်းအားဖြင့် နိုင်ငံရေးဦးဆောင်ပါတီ၊ နိုင်ငံရေး အဖွဲ့အစည်း ရှိသလားဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီလား၊ အန်အယ်လ်ဒီပါတီလား အဲဒီ ၂ ခုစလုံးလား ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ဆိုရမှာ ဖြစ်ပါတယ်။ NUCC က NUG အစိုးရကို ဖွဲ့စည်းပေးလိုက်တာ မှန်ပေမယ့် နောက်ပိုင်းမှာ NUCC ရဲ့ အခန်းကဏ္ဍက တဖြည်းဖြည်းမှေးမှိန်လာတဲ့ သဘောလည်း တွေ့ရပါတယ်။
နိုင်ငံရေး ဦးဆောင်ပါတီ/ အဖွဲ့အစည်းက လက်နက်ကိုင် လှုပ်ရှားမှုကို ဦးဆောင်နေသလား သို့မဟုတ် လက်နက်ကိုင် လှုပ်ရှားမှုတွေက သူ့ဆုံးဖြတ်ချက် နဲ့ သူ ဆုံးဖြတ်လှုပ်ရှားနေကြသလားဆိုတာ ပြန်လည်သုံးသပ်သင့်တဲ့ အချိန်ရောက်ပြီလို့လည်းဆိုချင်ပါတယ်။ လက်နက်ကိုင် လှုပ်ရှားမှုတွေမှာ စစ်ကောင်စီတပ်ကို တိုက်နေသမျှ၊ စစ်အာဏာရှင်ကို မုန်းတီးတယ်ဆိုရင်ပဲလုံလောက်နေပြီး အခြား နိုင်ငံရေး ဦးဆောင်မှုမလိုအပ်ဘူးလို့ ယူဆမှုတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ အဲလိုအယူအဆ နားလည်မှု ခံယူမှုက လက်နက်ကိုင် လှုပ်ရှားမှုရဲ့ အချို့သော အကျိုးဆက်တွေဖြစ်တဲ့ အာဏာအလွဲသုံးမှုတွေ၊ အခွန်အကောက် ကိစ္စတွေ၊ လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်းအကြား နိုင်ငံရေးအရ စည်းလုံးမှုမရှိပဲ အကျိုးစီးပွားအခြေခံတဲ့ ဆက်ဆံရေးသာရှိတဲ့ အခြေအနေ၊ အကျိုးဆက် ပြဿနာတွေ ဖြစ်ပွားရင် ရှင်းလင်း ကိုင်တွယ်ရ ခက်ခဲမှာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီး နောက် မကြာခင် လအနည်းငယ် အတွင်းပေါ်ထွက်လာတဲ့ ယင်းမာပင်နယ်က ဗိုလ်သံမဏိ ဦးဆောင်တဲ့ အဖွဲ့က ကျူးလွန်မှုတွေက စလို့ မကြခင် ကာလတွေမှာ ဖြစ်ပွားတဲ့ ပခုက္ကူ နယ်ရေလည်ကျွန်းက အဖြစ်အပျက်၊ ဆောနယ်က အဖြစ်အပျက်၊ ချောင်းဦးက အသက်မပြည့်သေးတဲ့ လူငယ်တွေ၊ မိန်းကလေးတွေ အပါအဝင် သတ်ဖြတ် အလောင်းဖျောက်မှုတွေက လက်နက်ကိုင် လှုပ်ရှားမှုတွေမှာ ဖြစ်ပေါ်လာလေ့ရှိတဲ့ အာဏာအလွဲသုံးမှု၊ လက်နက်နဲ့ အနိုင်ကျင့်မှု၊ လက်နက်နဲ့ ရန်ပုံငွေရှာမှုတွေ ဖြစ်ပါတယ်။ ဒီလို ပြဿနာတွေကို နိုင်ငံရေး ဦးဆောင် အဖွဲ့အစည်းရှိမှ လက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်း အကြား နိုင်ငံရေး အရစည်းလုံးမှုရှိမှ ရှင်းလင်း နိုင်မယ့် သဘောလည်း ဖြစ်နေပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar