Breaking News

လင်းသက်ငြိမ် ● မီးထဲနေ့များ

လင်းသက်ငြိမ် ● မီးထဲနေ့များ
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၉

နွေညက ပေါ်မလာတဲ့ လေညှင်းဟာ
ဆောင်းညကျမှ အလည်ရောက်လာတယ်
ကံမကောင်းဘူးဆို
ဘာမှကို မကောင်းတော့ဘူးလား။

ပျော်ရွှင်ခြင်းတောင်
ပျော်စရာမကောင်းတဲ့ အရသာ
ပြောင်းလာပြီ။

လူတချို့အိမ်နဲ့
လူတချို့ အိမ်မဲ့ ။

မျှော်လင့်ခြင်းနဲ့
အသက်ရှင်နေရတဲ့ တိုင်းပြည်မှာ
မျှော်လင့်ရင်း သေဆုံးသွားကြတဲ့
လူတွေလည်း မနည်းဘူး။

လေယာဉ်ပျံ မြင်တာနဲ့
ပြေးထွက်ကြည့်လေ့ရှိတဲ့ကလေးတွေ
လေယာဉ်သံကြားတာနဲ့ တွင်းထဲ
ပြေးဝင်တတ်တဲ့အထိ
ပြောင်းလဲတိုးတက်လာပါပြီ ။

အပ်ကြောင်းထပ်နေတဲ့သီချင်းများ
ခေါက်ရိုးကျိုးနေတဲ့ ကဗျာများ
အကောင်းတွေသာ ဟောင်းဟောင်းသွားရတယ်
ကြေကွဲမှုက သစ်လွင်မြဲ
ဝမ်းနည်းမှုက လတ်ဆတ်ဆဲ
ဒဏ်ရာတွေရဲ့ တောက်ပမှုဟာ
ဘယ်အထိလဲ။

လင်းသက်ငြိမ်