Breaking News

ကျော်မောင် (တိုင်းတာရေး) ● ကျယ်ကျယ်ရွတ်ဖို့

ကျော်မောင် (တိုင်းတာရေး) ● ကျယ်ကျယ်ရွတ်ဖို့
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၉

စာသင်ခန်းထဲသို့ ဆရာမ ဝင်လာသောကြောင့် သူတို့အားလုံး မတ်တပ်ရပ်ကာ လက်ပိုက်လိုက်ကြသည်။ “မင်္ဂလာပါ ဆရာမ” ဟု နှုတ်ခွန်းဆက်သကြပြီး ပြန်ထိုင်ကြ လွယ်အိတ်ထဲမှ စာအုပ်များထုတ်သူက ထုတ်ကြဖြင့် တဒင်္ဂပိုင်းမှာပင် အလုပ်များသွားကြသည်။

“တရားစီရင်ခန်းတွေကို တခန်းချင်းစီ ဖတ်လာကြတာ အတော်ရောက်နေပြီ။ ကဲ ဒီနေ့ ဘယ်သူ ရွတ်ဖတ်ပြရမယ့်အလှည့်ပါလိမ့်”
ပြဌာန်းစာအုပ်ထူကို လက်တဖက်ဖြင့် ကိုင်ကာ သူထလိုက်သည်။ တရားစီရင်ခန်းထဲမှ သူဖတ်ရမည့် အခန်းကို မနေ့ညကတည်းက အိမ်မှာ ကျကျနနလေ့ကျင့်ရွတ်ဖတ်ခဲ့ပြီးဖြစ်သည်။ ခါတိုင်း စာကျက်သည့်အခါ သူစာကျက်သည်ကို နားထောင်နေပါက ဘာကိုဆို၍ဆိုနေမှန်းမသိအောင် မပီမသဖြင့် မြန်မြန်ရွတ်ဆိုတတ်သည်။ ယခု ဖတ်ရမည့်စာမှာ အလွတ်ကျက်ဖို့ မဟုတ်ဘဲ စာသင်ခန်းထဲရှိ သူငယ်ချင်းများအလယ်တွင် မတ်တပ်ရပ်ကာ ထဖတ်ရမည်ဆိုသဖြင့် အသံနေအသံထားဌာန်ကရိုဏ်းကျဖို့ အရေးပါမှန်း သူနားလည်ထားသည်။ ထိုသို့ဖြစ်အောင်လည်း ဘယ်နေရာမှာ ဖြတ်၊ ဘယ်နေရာမှာ ရပ်ဆိုသည်ကို မလွဲအောင် သူ့အနေဖြင့် အိမ်တွင် အခေါက်ပေါင်းများစွာ ရွတ်ဆိုလေ့ကျင့်ခဲ့ရသည်။ ရွတ်ဆိုနေစဉ်တွင် လူကြီးများ သတိထားမိပြီး ဒီတခေါက်တော့ ဒီကလေး စာဖတ်တာ ပီလာသဟဟု သူ့ကိုချစ်စနိုးဖြင့် နောက်ပြောင်ပြောနေကြသည်ကို ကြားသော်လည်း စာဖတ်ရှိန်ပျက်သွားမည်စိုးသဖြင့် ပြန်လည်ခွန်းတုံ့ မဆိုမိ။ သူ အသံထွက်၍ စာဖတ်သည့်အခါတိုင်းတွင် မြန်မြန်ဆိုလေ့ရှိသဖြင့် သူဖတ်နေသည်မှာ ဘာကို ဖတ်၍ ဘာကို ဆိုနေမှန်း ဘေးနားရှိလူများ နားမလည်ကြသည်က များလေသည်။

တရားစီရင်ခန်းတစ်ခုကို သူ စဆိုပြသည့်အခါ အတန်းသည် အနည်းငယ်ဆူညံနေရာမှ ချက်ချင်းငြိမ်ကျသွားသည်။ အတန်းသူ အတန်းသား လေးဆယ်ဝန်းကျင်လောက် ရှိသော်လည်း ထိုသို့ ရုတ်တရက်တိတ်ဆိတ်သွားသည့် အခန်းထဲတွင် သူ့အသံကို သူပြန်ကြားရသလို ဖြစ်လာသည့်အတွက် ရွတ်ဖတ်နေဆဲမှာပင် အသံကို မသိမသာနှိမ့်ချမိလျက်သား ဖြစ်သွားသည်။

“စာကို ရွတ်ဆိုတဲ့အခါ ကျယ်ကျယ်လေးဆိုရတယ်ကွဲ့”ဟု မြန်မာစာပြဆရာမမှ သတိပေးသည်။ အသံကို ပြန်မြှင့်လိုက်ရသည်။ တရားစီရင်ခန်းတစ်ပုဒ်လုံးကို အထစ်အငေါ့မရှိ ရွတ်ဖတ်ပြပြီးသောအခါ ဆရာမထံမှ ချီးကျူးမှုကို သူကြားရပြီး ပီတိဖြစ်ခဲ့သည်။ စာအုပ်ကို ကြည့်ပြီး ရွတ်ဆိုနေစဉ်တလျှောက်လုံး စိတ်လှုပ်ရှားသဖြင့် တုန်ယင်နေမှုကို သူ၏အတန်းဖော်များ ရိပ်မိကြလိမ့်မည်မဟုတ်ဟု သူတွေးလိုက်မိပြီး အတွင်းကျိတ်ပြုံး ပြုံးမိသည်။

ဆရာမဆီမှ ချီးကျူးမှုသည် ယခုအထိ ရှိနေသေးကြောင်း သတိထားမိပြီး ချီးကျူးမှုနောက်တွင် ဆက်ပြောနေသည်များကို နားစိုက်မိသည်။

“ဆရာမတို့ ဒီသင်ခန်းစာကို စသင်ကတည်းက မရှင်းပြမီမှာ ဒီလိုမျိုး ထဖတ်ကြဖို့ တိုက်တွန်းခဲ့တယ်။ ကဗျာတွေကို ရွတ်ဖတ်တဲ့အခါ အသံနေအသံထားနဲ့ ရွတ်ဖတ်နေကြတာကို နားထောင်မိရင် နားဝင်ပီယံဖြစ်တယ်။ တယောက်ထဲ ရွတ်ဖတ်နေတဲ့အခါ ဖြစ်နိုင်ရင် ကျယ်ကျယ်ရွတ်ဖတ်ပေးဖို့ လိုတယ်။ ဘာဖြစ်လို့ ကျယ်ကျယ်ရွတ်ဖတ်ပေးဖို့လိုအပ်သလဲဆိုရင် ကျယ်ကျယ်ရွတ်တဲ့အခါ အနီးအနားက တယောက်ယောက် မကြားခင် ကိုယ့်အသံကိုယ်ကြားရတာပါပဲ။ ကိုယ့်အသံကို ကိုယ့်နားနှစ်ဖက်က ကျက်မိနေဖို့လိုတယ်။ နောက်တခု ကောင်းတာတချက်က ကျယ်ကျယ်ဆိုနေတဲ့အတွက် အသံထွက်မှားဖတ်တာပဲဖြစ်ဖြစ် အဖြတ်အတောက်မှားဖတ်တာပဲဖြစ်ဖြစ် ရှိခဲ့လို့ရှိရင် ဘေးမှာရှိတဲ့ တတ်သိနားလည်တဲ့ တစုံတယောက်ယောက်က ပြင်ပေးနိုင်လို့ပဲဖြစ်တယ်”

“ဆရာမ စာသင်တဲ့အခါ စကားပြေပဲဖြစ်ဖြစ် ကဗျာပဲဖြစ်ဖြစ် မသင်ခင် သားတို့ သမီးတို့ အားလုံးကို ကဲ ဆိုကြဆိုပြီး ဆိုခိုင်းတာကို သတိထားမိကြမှာပဲ။ ဆိုခိုင်းပြီးမှ အဲဒီစကားပြေကို သင်တယ်၊ ကဗျာကို သင်ပါတယ်။ ဒါက အားလုံးဆိုတဲ့အခါမှာ ဘယ်နားမှာ အဆင်မပြေအဖြစ်ဆုံးလဲဆိုတဲ့ အသံကို ဆရာမ ကြားချင်လို့ပဲ ဖြစ်ပါတယ်။ အများစုဝိုင်းပြီး ညီညီညာညာဆိုတဲ့အခါ ဖြစ်တတ်တာတခုရှိတာက ညာဝါးပြီး ဆိုကြတာဖြစ်တယ်။ အဲဒီအတွက် ဆရာမက တယောက်ချင်းစီရဲ့ ပါးစပ်ပေါက်လေးတွေကို လိုက်ကြည့်ပြီး ဝါးချနေတာတွေ့ရင် မဝါးချရအောင် သတိပေးတာဖြစ်ပါတယ်။ ဝါးချလေ့ရှိတဲ့သူဟာ တယောက်တည်း ဆိုခိုင်းတဲ့အခါ ကောင်းမွန်စွာ ဆိုနိုင်ဖို့ ခဲယဉ်းပါတယ်”

“အဲဒီတော့ ကျယ်ကျယ်ဆိုမယ်၊ ညာဝါးမဆိုကြနဲ့။ ကဲ နောက်တယောက် စာဖတ်ပြဖို့ ထပါ။ ခုနက ဆိုသွားတဲ့သူဟာ အဖြတ်အတောက်ကောင်းမွန်စွာနဲ့ ကျယ်ကျယ်ဆိုပြသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သူ့ကို အတုယူကြပါ”

ဘေးနားမှာ ထိုင်နေတဲ့ သူငယ်ချင်းက “ဟေ့ကောင် မင်းစကားပြောရင်လည်း စာဖတ်သွားသလိုပဲ ကျယ်ကျယ်နဲ့ နှေးနှေးပြောကွနော်” ဟု အသံခပ်အုပ်အုပ်ဖြင့် ပြောသည်။

တရားစီရင်ခန်း နောက်ထပ်တပုဒ်ကို နောက်တယောက်က မတ်တပ်ရပ်ကာ ဖတ်ပြနေပြီဖြစ်သည်။ ရှေ့လူက ကျယ်ကျယ်ဖတ်ပြသွားသည့်အတွက် ထိုတယောက်မှာ ထိုသူထက်ပိုကျယ်ရန် အသံကုန်ဟစ်နေရသည့်ပုံဖြစ်လေသည်။

စကားပြောလျှင် ဆရာမဆူမည်ကို ကြောက်သဖြင့် ဗလာစာအုပ်ကို နောက်ဆုံးစာမျက်နှာသို့လှန်ကာ ခဲတံဖြင့် တစုံတခု ရေးခြစ်လိုက်ပြီး ဘေးက သူငယ်ချင်းကို ပြလိုက်သည်။

“ကျယ်ကျယ်ပြောချင်တိုင်း ပြောလို့မရဘူးကွ၊ အခြေအနေအပေါ်မူတည်တယ်”

“ဟိုမှာ ဖတ်ပြနေတာ မင်းဖတ်ပြသွားတာထက်တောင် ပိုကျယ်သေးတယ်။ ဖတ်ပြီးသွားတာနဲ့ ရေသွားတိုက်ရမယ် ထင်တယ်”

သူတို့နှစ်ယောက် စာအုပ်ထဲတွင် အပြန်အလှန်ရေးနေကြခြင်း ဖြစ်သည်။

ကျောင်းဆင်း၍ အိမ်ပြန်ရောက်သောအခါ စားပွဲပေါ်တွင် အဆင်သင့် တွေ့ရသော နေ့စဉ်သတင်းစာကို ကောက်လှန်လေသည်။ ကျောင်းမှ လမ်းလျှောက်ပြန်လာရသည်မှာ အနည်းငယ်ပင်ပန်းသွားသဖြင့် အမောဖြေသည့်အနေဖြင့်လည်းကောင်း၊ ကိုယ်လက်သန့်စင်မှုကို ခဏနားပြီးမှ ပြုလုပ်မည်ဟု ရည်ရွယ်ထားသဖြင့်လည်းကောင်း သတင်းစာကို ဖတ်နေခြင်းဖြစ်သည်။

သတင်းစာဖတ်သည့်အခါတိုင်း သတင်းစုံသာမက ပါသမျှဆောင်းပါးများကိုပါ ဖတ်လေ့ရှိသော်လည်း သူမဖတ်ဘဲ ကျော်သွားသည့်အပိုင်းရှိသည်။ ၎င်းမှာ သတင်းစာ ခေါင်းကြီးပိုင်းဖြစ်သည်။ ဘယ်အတွက်ရယ်ကြောင့်ဟု မသိသော်လည်း ထိုခေါင်းကြီးပိုင်းဆိုသည်ကို သူမဖတ်။ ဆရာကြီးတစ်ဦး၏ တိုက်တွန်းပြောစကားကို သူသတိရသွားမိသည်။ ထိုဆရာကြီးမှာ မြန်မာစာပြဆရာကြီးဖြစ်သည်။

“တပည့်တို့ သတင်းစာဖတ်တဲ့အခါ ခေါင်းကြီးပိုင်းကို ဖတ်ကွဲ့၊ အဲဒီခေါင်းကြီးပိုင်းမှာ ရေးသားထားတာက တပည့်တို့အနေနဲ့ စာစီစာကုံးရေးတဲ့အခါမှာ အတုယူလို့ရတဲ့ အရေးအသားတွေပဲဖြစ်တယ်”

ဆရာကြီးတိုက်တွန်းမှုကို အလေးပေးသည့် အနေဖြင့် သတင်းစာခေါင်းကြီးပိုင်းကို သူစဖတ်ရန် ပြင်လိုက်သည်။ ဒီနေ့ ကျောင်းမှာ စာကျယ်ကျယ်ဆိုပြခဲ့သည်ကို အမှတ်ရမိပြီး ယခု ခေါင်းကြီးပိုင်းဆိုသည်ကိုလည်း အသံထွက်ကာ ကျယ်ကျယ်ဆိုဖို့ သူဆုံးဖြတ်လိုက်သည်။ ဆရာကြီးပြောသည်မှာ မှန်လှသည်။ ခေါင်းကြီးပိုင်းတွင် ရေးသားထားသော အရေးအဖွဲ့သည် ရှင်းလင်းပြတ်သားမှုရှိသည်၊ ဆိုလိုရင်းမြောက်သည်၊ ပုဒ်အထားအသိုမှန်သည်၊ အတုယူဖွယ်ဖြစ်သည်။

အနီးအနားတွင် မီးပူတိုက်နေသော အမေက ခေါင်းကြီးပိုင်းကို အသံကျယ်ကျယ်ဆို၍ဖတ်နေသော သားဖြစ်သူကို ပြုံးပြီး ကြည့်လေသည်။ ညက တညလုံး မအိပ်ခင်အထိ စာဆို စာရွတ်၍ လေ့ကျင့်နေသော သားသည် ဒီမနက်က စာဖတ်ပြရသည့် အလှည့်တွင် အဆင်ပြေချောမွေ့ခဲ့ပုံရသည်။ ယခုလည်း သတင်းစာဖတ်လျှင် အသံတိတ်ဖတ်လေ့ရှိသော သူ၏သားဖြစ်သူသည် အသံထွက်၍ ကျကျနန ရွတ်ဖတ်နေသည်မှာ နားထောင်၍ပင် ကောင်းလှပါပေသည်။ အမေသည် သူတို့ငယ်စဉ်ကလေးဘဝက လသာသောညများတွင် အိမ်ရှေ့ကွပ်ပျစ်ပေါ် လက်ဖက်သုပ်ပန်းကန်လေး အလယ်မှာချကာ ရေနွေးကြမ်းသောက်ရင်း အသံကျယ်ကျယ်ဖြင့် ပုံပြင်ပြောပြလေ့ရှိသော သူ၏ ကြီးတော်ကြီးအား လွမ်းမိလေတော့သည်။

သားသည် ခေါင်းကြီးပိုင်းကို ဖတ်ပြီးသော်လည်း သတင်းစာရှိ ရေးထားသမျှသော သတင်းအတိုအစပါမကျန် စိတ်ဝင်စားဖွယ်ဖြစ်သည့် သတင်းများကို အသံကျယ်ကျယ်ဆို၍ ဆက်ဖတ်နေသည်။ အမေသည် သားဖတ်သည့်စာကို ကြည်နူးစွာဖြင့် နားထောင်နေလေသည်။