Breaking News

ဇင်လင်း ● ငြိမ်းချမ်းချိန်တန်ပါလျှက် ဘာကြောင့်ငြိမ်းချမ်းရေးနှင့် ဝေးနေရသနည်း

ဇင်လင်း ● ငြိမ်းချမ်းချိန်တန်ပါလျှက် ဘာကြောင့်ငြိမ်းချမ်းရေးနှင့် ဝေးနေရသနည်း
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၉

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၄-နှစ်မြောက် အခမ်းအနားကို နေပြည်တော် MICC 2   ခမ်းမ ၌ အောက်တိုဘာ  ၂၈ ရက်က   ပြုလုပ်ခဲ့ကြောင်း မီဒီယာသတင်းများအရ သိရှိကြရသည်။ NCA (၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အမှာစကားပြောကြားရာတွင် အစိုးရရှေ့ဆက်လျှောက်လှမ်းမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (၃)ရပ်နှင့်ပတ်သက်၍ အသိပေးရှင်းပြခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် အစိုးရအနေဖြင့် NCA လက်မှတ်ရေး ထိုးခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးမှုများကို အရှိန်မြှင့်တင် ဆောင် ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

၂၀၁၅ အောက်တိုဘာ ၁၅ တွင် NCA စာချုပ်ဖြစ်စဉ် အစပျိုးခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ရှိသည့် အနက် EAOs ၈ ဖွဲ့စတင် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းဖြစ်ရပ်၏ အကြောင်းရင်းကို ပြန်လည်သုံးသပ်ပါက  ‘အားလုံး ပါဝင်လက်မှတ်ရေးထိုးခွင့်ပြုရေး’ ဆိုသည့် မူ အပေါ် တပ်မတော်နှင့် သဘောကွဲလွဲကြသောကြောင့် ‘ဝ’ အဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့(SSPP)၊ ကချင်အဖွဲ့ (KIA)၊တို့အပါအဝင် EAOs များ NCA စာချုပ်တွင် ပါဝင် လက်မှတ် ထိုးခြင်းမပြုဘဲ အခြေအနေစောင့်ကြည့်ရန် နောက်ချန်နေခဲ့ကြသည်။ ထူးခြားသည့်အချက်မှာ စစ်အင်အား တောင့်တင်း သည့် အဖွဲ့များက NCA လက်မှတ်မထိုးသည့် အုပ်စု (NCA-NS-EAO) တွင် ကျန်ရစ်ခဲ့သည်။ လက်ရှိ NLD အစိုးရ လက်ထက် ၂၀၁၈ ဖေဖေါ်ဝါရီ ၁၃ ရက် တွင် မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့  NCA စာချုပ်တွင် ပါဝင်လက်မှတ်ထိုးခဲ့သည်။ ထို့ကြောင့် NCA-S-EAO လက်မှတ်ထိုးအဖွဲ့ ၁၀ ဖွဲ့ဖြစ်လာခဲ့သည်။

ယခင် သမ္မတ ဦးသိန်းစိန်လက်ထက် ၁၅-၁၀-၂၀၁၅ ရက်နေ့တွင် NCA စာချုပ် လက်မှတ်ရေးထိုးပွဲသို့ ကချင်အဖွဲ့ KIA ကို ဖိတ်ကြားခဲ့သော်လည်း ရခိုင်အဖွဲ့ (AA)၊ တအာန်းအဖွဲ့ (TNLA) နှင့် ကိုးကန့်အဖွဲ့(MNDAA) တို့ကို မဖိတ်ဘဲ ချန်ထား ခဲ့သည်။ ထိုသို့အဖွဲ့အားလုံးကို NCA စာချုပ်တွင် ပါဝင်လက်မှတ်ထိုးခွင့် မပေးခဲ့၍ KIA ကလည်း NCA စာချုပ်တွင် လက်မှတ်ရေးထိုးခြင်း မပြုဘဲ နေခဲ့သည်။ အကယ်၍ ထိုစဉ်က အမြော်အမြင်ရှိစွာ အားလုံးပါဝင် လက်မှတ်ထိုးခွင့်ပြုခဲ့ပါက ယခု အချိန်တွင် NCA လုပ်ငန်းစဉ် ခရီးအတော်ရောက်နေလောက်ပြီဖြစ်သည်။ NCA တွင် အားလုံးပါဝင်ခွင့်ကို တပ်မတော် က လက်မခံခဲ့သဖြင့် အပစ်ရပ်ရန် အခွင့်အရေးတစ်ရပ် ဆုံးရှုံးခဲရသည်။ အကျိုးဆက်မှာ ရခိုင်ပြည်နယ် စစ်ရေးပဋိပက္ခ ထပ်မံ ပေါ်ပေါက်ခဲ့ရသည်။

ထို့ကြောင့် အောက်တိုဘာ  ၂၈ ရက်က ပြုလုပ်ခဲ့သော (NCA) ၄-နှစ်မြောက် အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က - “နိုင်ငံတကာနဲ့ ကမ္ဘာလုံးဆိုင်ရာသမိုင်းကြောင်းနဲ့ ဖြစ်စဉ်တွေမှာ ငြိမ်းချမ်းရေးဖြစ်စဉ် တွေ၊ နိုင်ငံရေးဆွေးနွေးပွဲတွေကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ သာဓကတွေ၊ စံနမူနာတွေ အမြောက်အမြားရှိနေကြပါတယ်။ နှစ်အရှည် ကြာဆုံး ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ နောက်ခံအကြောင်းတရားမျိုးစုံ၊ စိန်ခေါ်မှုနဲ့ အခက်အခဲအမျိုးမျိုး ရောထွေးလျက်ရှိတဲ့ ကျွန်မတို့ နိုင်ငံရဲ့သမိုင်း နောက်ခံ၊ အကြောင်းတရားတွေလောက် နက်နဲကျယ်ပြန့်ရှုပ်ထွေးခြင်း မရှိ တာကိုလည်း အားလုံး အသိပဲ ဖြစ်ပါလိမ့်မယ်။ ဖြေရှင်းရမယ့် ပြဿနာတွေ၊ အရှုပ်အထွေးတွေကလည်း ရှင်းလင်းလွယ်ကူ ခြင်းမရှိပါဘူး။ ဒီလိုအကြောင်း တရားအမျိုးမျိုးနဲ့ အရှုပ်အထွေးအမျိုးမျိုးကို တစ်ခုချင်းစီ ခွဲခြမ်းစိတ်ဖြာပြီး ဖြေရှင်းနိုင်ဖို့ ဆိုတာလည်း လွယ်ကူလှတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံရဲ့သမိုင်းကြောင်းဖြစ်စဉ်နဲ့အတူ ဒွန်တွဲ တည်ရှိခဲ့တဲ့ ပဋိပက္ခတွေ၊ တင်းမာ မှုတွေနဲ့ ပြဿနာတွေရဲ့ အရင်းခံအကြောင်းတရားတွေရဲ့ နက်နဲရှုပ်ထွေးမှုတွေကို သိမြင်နားလည် သဘောပေါက်နိုင်မယ်ဆိုရင် ကျွန်မတို့ အားလုံး စိတ်ရှည်သည်းခံနားလည်မှု ထားရှိနိုင်ပါလိမ့်မယ်။” ဟု အမှာစကားပြောကြားခဲ့သည်ကို တွေ့ရသည်။

NCA လက်မှတ်ထိုး အဖွဲ့အစည်းများသည် ချင်းမိုင်မြို့၌ ၂၀၁၉ ခုနှစ် မတ်လ ၅  မှ ၇ ရက်အတွင်း PPST အထူး အစည်း အဝေးတစ်ရပ်ပြုလုပ်ခဲ့ပြီး၊ မတ်လ ၇ ရက်စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ဖူးသည်။ “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ညီနောင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးပါဝင်ရေးနှင့် ပတ်သက်၍ မည်သည့် သက်ဆိုင်သူကိုမျှ ချန်လှပ် မထားသော အခြေခံမူ (Non-Exclusive Principle)ကို တစိုက်မတ်မတ် ကိုင်စွဲ ကြိုးပမ်းသွား မည် ဖြစ်သည်။” ဟု ယင်းကြေညာချက်၌ ဖေါ်ပြထားသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုရှေးရှု၍ ထိုအချက်ကို အစိုးရနှင့် တပ်မတော်တို့က အလေးထားစဉ်းစားသင့်ပေသည်။

AA၊ TNLA နှင့် MNDAA မဟာမိတ် ၃ ဖွဲ့က ၂၀၁၉ သြဂုတ် ၁၂ ရက်နေ့စွဲဖြင့် “မြန်မာပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ် တို့တွင် တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများ”  အမြန်ဆုံး ရပ်တန့်ပေးရန် ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ဖူး သည်။ ရက္ခိုင့်တပ်တော် AA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နှင့် MNDAA  သုံးဖွဲ့က မြန်မာနိုင်ငံ မြောက်ပိုင်း နှင့် ရခိုင်ပြည်နယ်တို့တွင် အစိုးရတပ်မတော်က ထိုးစစ်ဆင်မှုများ ပြုလုပ်နေသောကြောင့် ငြိမ်းချမ်းရေးဆောင်ရွက်ရာ၌ ယုံကြည်မှုပျက်ပြားနေသည်ဟု ဆိုသည်။ ထို့ကြောင့် တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် ထိုးစစ်များအမြန်ရပ်ရန် တောင်းဆို ရခြင်း ဖြစ်သည်ဟု AA အဖွဲ့က ပြောသည်။ တိုက်ပွဲများ ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်း AA မရှိမီက တိုက်ပွဲများ မရှိကြောင်း၊ AA ဝင်ရောက်လာပြီးမှ ယခုကိစ္စများ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြား ရေးအဖွဲ့မှ ဗိုလ်မှူးချုပ်  ဇော်မင်းထွန်းက မီဒီယာများအား ပြောကြားခဲ့သည်။ မည်သို့ဆိုစေ ရခိုင်စစ်ပွဲများသည် နိုင်ငံရေး အကြောင်းခံအရ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သဖြင့် ပြဿနာကို အပေါ်ယံရှပ်၍ သုံးသပ်ရန် မသင့်ပေ။

“၁၉၄၇ ခုနှစ်၊ (၂၀)ရာစုပင်လုံညီလာခံက အစပြုခဲ့တဲ့ ပြည်ထောင်စု တည်ဆောက်ရေးအိပ်မက်ဟာ ဒီကနေ့ဒီအချိန်အထိ ပြည့်ဝအောင်မြင်နိုင်ခြင်း မရှိသေးပါဘူး။ ကျွန်မတို့ရဲ့ မိဘ၊ ဘိုးဘွားတွေရဲ့မျှော်လင့်ချက်တွေ၊ အိပ်မက်တွေဟာ ဒီကနေ့ ဒီအချိန်မှာ မျိုးဆက်သစ် တိုင်းရင်းသားလူငယ်တွေရဲ့ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေဖြစ်လာခဲ့ပါပြီ။ ဒီကနေ့အထိလည်း ပြည်ထောင်စုအိပ်မက်ဟာ အိပ်မက်အဖြစ်ကနေ လက်တွေ့အကောင်အထည် ပေါ်လာဖို့ ကျွန်မတို့ကြိုးပမ်းနေရဆဲ၊ အားထုတ်နေရဆဲပဲဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူအားလုံး တန်ဖိုးထား၊ အမြတ်တနိုးထားရတဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ဆိုတာ ဒီကနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ကျွန်မတို့အားလုံးရဲ့ သမိုင်းပေးတာဝန်ပဲ ဖြစ်ပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို ထောက်ရှုလျှင်၊ တိုင်းရင်းသားအစုအဖွဲ့အသီးသီး၌ ပြည်ထောင်စုအိပ်မက်ကို ပီပီပြင်ပြင် ဖေါ်ဆောင်စေလိုသော ဆန္ဒများ ရှိနေကြသည်ဟု ဆိုနိုင်သည်။

ပြည်ထောင်စု၏ အနာဂတ်ကို လက်ရှိ စစ်ရေးပဋိပက္ခများက ခြိမ်းခြောက်နေခြင်းသည် အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က NCA ၄-နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား၌ ပြောကြားခဲ့သည်။ ပြည်တွင်းစစ် ပဋိပက္ခများအတွင်း  ဆင်းရဲဒုက္ခအများဆုံး တွေ့ကြုံခံစားနေရသူများသည် တိုင်းရင်းသားမျိုးနွယ်စုများဖြစ်၍၊  စစ်ရေး ပဋိပက္ခများကြောင့် နေအိမ်၊ စည်းစိမ်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဒေါ်လာဘီလီယံနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ရပြီး တန်ဖိုးမဖြတ်နိုင်သည့် လူ့အသက်ပေါင်း များစွာ သေကြေပျက်စီးခဲ့ရသည်ဟု ဒေါ်အောင်ဆန်းစုကြည် ကဆိုသည်။

“အကြီးမားဆုံးသော ဆုံးရှုံးမှုကတော့  ပြည်ထောင်စုရဲ့ အနာဂတ်ကို တိုက်ပွဲတွေက ခြိမ်းခြောက်သလိုဖြစ်ခြင်းပါပဲ။ ဒါ ကြောင့် လူနည်းစုတိုင်းရင်းသားတွေရဲ့ ခံစားချက်တွေ၊ နာကျင်မှုတွေ၊ ဒဏ်ရာဒဏ်ချက်တွေကို ကျွန်မတို့ရဲ့ နှလုံးသားနဲ့ ခံစားနားလည်ပေးပြီး အားလုံးကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ ရုန်းကန်မှုတွေကို ကျွန်မတို့ သိမြင်သဘောပေါက် ကုစားပေးနိုင်မှသာ ပဋိပက္ခ ဖြေရှင်းရေးကို ဦးတည်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

လက်နက်ကိုင်လမ်းစဉ်ဖြင့် ပြည်တွင်းစစ် စတင်ဖန်တီးခဲ့သူများသည် ၂၁ ရာစု ယနေ့အချိန်တွင် လက်ရှိ လောက၌ မရှိကြ တော့သော်လည်း၊ လက်ရှိ ပြည်တွင်းစစ်မီးကို ငြှိမ်းသတ်ရန်နှင့် ဖက်ဒရယ်ပြည် ထောင်စုအိပ်မက်ကို အကောင်အထည် ဖော်ရန်မှာ ယခု ခန်းမအတွင်း ရောက်ရှိနေကြသူ အားလုံး၏ ပခုံးထက်သို့ သမိုင်းတာဝန်များအဖြစ်  ရောက်ရှိနေပြီဖြစ် သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ပြောကြားခဲ့သည်။

"ဒီကနေ့ကျွန်မတို့ထားရှိနေကြတဲ့ မာနတွေ၊ အာဃာတတွေ၊ အသာစီးရယူလိုမှုတွေ၊ မယုံကြည်မှုတွေကြောင့် ကျွန်မတို့ ရဲ့ နောင်လာနောက်သားတွေရဲ့အနာဂတ်ကို ဘယ်လောက် အထိ နောက်ကျသွားစေနိုင်သလဲ မြင်ယောင် တွေးကြည့်ကြ စေလိုပါတယ်။ ကျွန်မတို့နိုင်ငံဟာ ငြိမ်းချမ်းရေးရရှိဖို့ အချိန်တန်နေရုံမကဘူး၊ အချိန်တောင်အတော်လွန်နေပါပြီ။" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ယနေ့လက်တွေ့ မြေပြင်ပေါ်ရှိ အနေအထားသည် နိုင်ငံရေးပဋိပက္ခများကို စစ်ရေးမဟာဗျူဟာ အမြင်ဖြင့် ကိုင်တွယ် ဖြေရှင်းနေခြင်းကြောင့် အပ်နှင့်ထွင်ရမည့်ကိစ္စ ပုဆိန်နှင့်ထွင်းသကဲ့သို့ ဖြစ်နေပြီး နိုင်ငံနှင့် ပြည်သူတို့ စစ်ဘေးဒုက္ခ ဝဲသြဃ၌ တဝဲလယ်လယ် ဖြစ်နေကြရသည်။ စစ်ရေးအရ ဖိအားပေးသည့်နည်းဖြင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းနေခြင်း သည် မှားယွင်းသည့် လုပ်ရပ်ဖြစ်သည်။ စစ်ရေးဖိအားကြောင့် အမုန်းတရားကြီးထွားလာရန်သာရှိ၍ စစ်ရေးဖိအား အသုံး ပြုမှု ရပ်သင့်ပြီ။ အစိုးရအနေဖြင့် မိမိ၏ ငြိမ်းချမ်းရေး မူဝါဒလမ်းစဉ်ကို တပ်မတော်ခေါင်းဆောင်များနှင့်တကွ တိုင်းရင်းသား ခေါင်းဆောင်များပါ ယုံကြည် လက်ခံလာအောင် အသေအချာ ဆွေးနွေးညှိနှိုင်းရန် လိုသည်။ ယနေ့ပြည်သူတို့အမြင်တွင် အစိုးရနှင့် တပ်မတော်တို့သည် ငြိမ်းချမ်းရေးကိစ္စ ဆောင်ရွက်ကြရာ၌ စည်းဝါးမကိုက် ဖြစ်နေသည်ဟု မြင်နေကြသည်။ အစိုးရ၏ မူဝါဒနှင့် ကတိကဝတ်များကို တပ်မတော်ကလည်း လက်ခံဆောင်ရွက်လျှက်ရှိကြောင်း သက်သေ သာဓက လက်တွေ့ပြမှသာ တိုင်းရင်းသားတို့ အမြင်ရှင်းမည်ဖြစ်သည်။

တနည်းအားဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရန်  အမျိုးသားရင်ကြားစေ့ရေး နိဒါန်းပျိုးနိုင်ဖို့လိုသည်။ အမျိုးသားရင်ကြားစေ့ရေးဖြစ်ပေါ်ရန် နိုင်ငံရေးဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ကျင်းပဖို့လိုသည်။ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်စဉ် အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သံသယရှင်းမှသာ အပြန် အလှန်ယုံကြည်မှု တိုးတက်ခိုင်မာလာမည်။ အပြန်အလှန် ယုံကြည်မှုခိုင်မာမှလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ထွန်းနိုင်မည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ခိုင်မာမှသာ လက်ရှိ ကြုံတွေ့ နေရသော ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေသည့် အခြေအနေကို ကျော်လွှားနိုင်မည်။  အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အစိုးရခေါင်းဆောင်များ အမြော်အမြင်ရှိဖို့လိုသည်။ EAOs အားလုံး တစ်ဖွဲ့မကျန် ၂၀၂၀ တွင် ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်နိုင်စေရန် အမျိုးသား ရင်ကြားစေ့ရေး မူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် ခင်းကျင်းရမည်။ AA၊ TNLA၊ MNDAA၊ KIA တို့အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အားလုံး အကြုံးဝင်သည့် တစ်နိုင်ငံလုံး ယာယီ အပစ်ရပ်ရေးကို ထပ်မံ ကြေညာသင့်သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ကျယ်ပြန့်လာနေသော တိုက်ပွဲအရှိန်ကို အချိန်မနှောင်းမီ ချက်ချင်းရပ်ပစ်ခြင်းဖြင့် နိုင်ငံရေး ဆွေးနွေးပွဲဆိသို့ လမ်းကြောင်းပြောင်း ပေးသင့်သည်။

နိုင်ငံရေးပြဿနာကို စစ်ရေးနည်းးဖြင့် တင်းမာစွာ ဖြေရှင်းရန် မကြိုးစားဘဲ၊ နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းကို ကျယ်ကျယ် ပြန့်ပြန့် ခင်းကျင်းသည့်နည်းနာဖြင့် အဖြေရှာသင့်သည်။ NCA စာချုပ်တွင် “အားလုံးပါဝင် လက်မှတ်ရေးထိုးရေးမူ” ကို တပ်မတော်က လက်မခံခဲ့ သောကြောင့် NCA လုပ်ငန်းစဉ် အချိန် မကြာသင့်ဘဲ ကြာခဲ့ရသည့်ဖြစ်စဉ်ကို သင်္ခန်းစာယူရ မည်။ မာနနှင့် အာဃာတစိတ်တို့ကို ခဝါချပြီး၊ ‘အပြုစိတ်’ မွေး၍ စစ်ပွဲများကို အဆုံးသတ်ကြချိန်တန်ပြီ ဖြစ်သည်။ အရေးအကြီးဆုံးကိစ္စမှာ တပ်မတော်သည် အစိုးရ၏ နိုင်ငံရေးဦးဆောင်မှုကို ခံယူ၍ စတုတ္ထပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အောင်မြင်စွာ ကျင်းနိုင်ရေး အားပေးကူညီဖို့လိုသည်။

“ကျွန်မတို့ရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ ကျွန်မတို့ နိုင်ငံရဲ့ သမိုင်း ကြောင်း တစ်လျှောက် အမြစ်တွယ်ခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ပထမ ဦးဆုံး ပေါ်ပေါက်လာ ခဲ့တဲ့ သမိုင်းဝင် နိုင်ငံရေးဆွေးနွေးပွဲတွေပဲ ဖြစ်ပါတယ်။ ဒီလို နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းငြိမ်း ချမ်းချမ်း ညှိနှိုင်းအဖြေရှာပြီး အားလုံးသဘောတူလက်ခံတဲ့ နိုင်ငံရေးသဘောတူညီချက်တွေကနေ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ၊ အာမခံချက်တွေအပြည့်အဝရှိတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို ကျွန်မတို့အားလုံး ခိုင်ခိုင်မာမာ ဆက်လက် လျှောက်လှမ်းသွားကြဖို့ အထူးပဲ အရေး ကြီးလှပါတယ်။” ဟု NCA ၄-နှစ်မြောက်အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က နှိုးဆော်ခဲ့သည်။

ထို့ကြောင့် ငြိမ်းချမ်းရေး ကိစ္စဆောင်ရွက်ရာ၌ ရန်ကို ရန်ချင်း တုန့်ပြန်လိုသော သဘောထားများကို ချိုးနှိမ်သင့်သည်။ နိုင်ငံ၏ အကျိုးကို ရှေးရှု၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကိစ္စကို ရှေ့တန်းတင်စဉ်းစားသင့်သည်။ ဖြစ်သင့်သည်မှာ ကိုယ့်အကျိုးထက် အများအကျိုး ရှေးရှုရမည်။ ကိုယ့်ပါတီ အဖွဲ့အစည်းအကျိုးထက် ပြည်ထောင်စုအကျိုး ရှေးရှုရမည်။ ငါမာနကဲနေသည့် အတ္တအစွဲများကို ရှေ့တန်းတင်နေသမျှ ငြိမ်းချမ်းရေးနှင့် နီးလျှက် ဝေးနေပေဦးမည်။ သို့ဖြစ်၍ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းငြိမ်းချမ်းချမ်း မျှမျှတတ တန်းတူရည်တူ ညှိနှိုင်းအဖြေရှာရန် ရှေးရှုကြချိန် တန်ပြီဟု တိုက်တွန်းလိုသည်။ ဘက်အသီးသီးက စစ်လက်နက် အင်အားဖြင့် အသာစီးရယူလိုသော လောဘစိတ်များကို ခဝါမချနိုင်သမျှ ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေဦးမည်ဟု သုံးသပ်မိပါသည်။

  ၂၀၁၉ နိုဝင်ဘာ ၄ ရက်၊ နေ့ထုတ် ဒီလှိုင်းစာစောင်၌ ဖေါ်ပြသည့်ဆောင်းပါး။