Breaking News

မာန်သီဟထွန်း – ပိုက်ဆံ၏ အလုပ်



မာန်သီဟထွန်း – ပိုက်ဆံ၏ အလုပ်

Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၁၉
စာရေးသူခွင့်ပြုချက်နဲ့ ကူးယူဖော်ပြပါသည်

Sapiens - 62 - ပိုက်ဆံ၏အလုပ်လုပ်ပုံ


ခရုကြွေစေ့တွေ၊ ဒေါ်လာတွေဟာ ကျွန်တော်တို့ရဲ့ စုပေါင်းစိတ်ကူးထဲမှာပဲ တန်ဖိုးရှိပါတယ်။ သူတို့ရဲ့အဖိုးထိုက်တန်မှုဟာ ခရုတွေ၊ စက္ကူတွေရဲ့ နဂိုဓာတုတည်ဆောက်ဖွဲ့စည်းပုံအပေါ် အခြေမခံပါဘူး။ သူတို့ရဲ့အရောင် ဒါမှမဟုတ် ပုံပန်းသဏ္ဍာန်ပေါ်မှာလည်း အခြေမခံပါဘူး။ နောက်တစ်နည်းနဲ့ပြောရရင် ပိုက်ဆံဆိုတာ ရုပ်ဝတ္ထုအမှန်တရားတစ်ခု မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ရုပ်ဖွဲ့မှုတစ်ခုပါ။ ဒြပ်ဝတ္ထုတစ်ခုကို စိတ်ကူးဝတ္ထုတစ်ခုအဖြစ် ပြောင်းလဲအလုပ်လုပ်တာပါ။ ဒါပေမယ့် အဲဒါဘာကြောင့် အောင်မြင်တာပါလိမ့်။ ဘာကြောင့်များ လူတစ်ယောက်ဟာ မြေသြဇာကောင်းတဲ့လယ်ကွင်းတစ်ကွင်းကို ဘာမှသုံးစားမရတဲ့ ခရုကြွေစေ့ လက်တစ်ဆုပ်စာနဲ့ လှဲလယ်ဖို့ စိတ်အားထက်သန်တာပါလိမ့်။ ဘာလို့များ လူတွေဟာ ဟမ်ဘာဂါတွေ ညှပ်ဖို့၊ ကျန်းမာရေး အာမခံတွေရောင်းရဖို့၊ အလိုလိုက်ထားလို့ ပျက်စီးနေတဲ့ အမြင်ကတ်စရာကလေးသုံးယောက်ကို ထိန်းကျောင်းဖို့.. စတဲ့အလုပ်တွေကို အရောင်ဆိုးထားတဲ့ စက္ကူစာရွက်တစ်ချို့ရရှိဖို့ ခွန်အားစိုက်ထုတ် အလုပ်လုပ်ချင်ကြတာပါလိမ့်။

လူတွေ ဒီလိုမျိုးအလုပ်တွေလုပ်ဖို့ စိတ်အားထက်သန်ကြတာဟာ သူတို့ရဲ့စုပေါင်းစိတ်ကူးမှု ထုထည်ကြီးရဲ့ အပိုင်းအစလေးတွေကို ယုံကြည်ကြတာကြောင့် ဖြစ်ပါတယ်။ ယုံကြည်မှုဆိုတာ အမျိုးမျိုးသော ပိုက်ဆံတွေကို တံဆိပ်နှိပ်တဲ့ ကုန်ကြမ်းပစ္စည်းပဲ ဖြစ်ပါတယ်။ ချမ်းသာတဲ့ လယ်သမား တစ်ယောက်က သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ရောင်းချလိုက်လို့ရလာတဲ့ ခရုကြွေစေ့ တစ်အိတ်ကိုပိုက်ပြီး တခြားအရပ်တစ်ခုဆီ ခရီးထွက်သွားတယ်ဆိုပါစို့။ သူသွားတဲ့နေရာ ရောက်တဲ့အခါမှာလည်း ဒီကြွေစေ့တွေနဲ့ အလဲအလှယ်လုပ်ပြီး တခြားလူတွေဆီက အိမ်တွေ၊ ဆန်တွေ၊ လယ်ကွင်းတွေကို ဝယ်လို့ရမှာပဲလို့ သူယုံကြည်ထားလို့ ဖြစ်တယ်။ ပိုက်ဆံဆိုတာ အဆင်ပြေစေတဲ့ အပြန်အလှန် ယုံကြည်မှုစနစ်တစ်ခု ဖြစ်ပါတယ်။ ပြီးတော့လည်း ရိုးရိုးသာမန် အပြန်အလှန် ယုံကြည်မှုစနစ်တစ်ခုတင် မကပါဘူး။ ပိုက်ဆံဟာ လူတွေထွင်ခဲ့သမျှထဲမှာ ကမ္ဘာတဝှမ်းလုံးအတိုင်းအတာနဲ့ ကောင်းမွန်ထိရောက်မှုအရှိဆုံး အပြန်အလှန်ယုံကြည်မှု စနစ်တစ်ခုဖြစ်ပါတယ်။

ခုလိုမျိုး ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့တာက အလွန်တရာရှုပ်ထွေးသိမ်မွေ့ပြီး ရှေးအရင်ကတည်းက စတင်လာတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဆက်သွယ်မှုကွန်ရက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဘာလို့ ကြွေစေ့ကိုဖြစ်စေ၊ ရွှေဒင်္ဂါးပြားကိုဖြစ်စေ၊ ဒေါ်လာငွေကိုဖြစ်စေ ကျွန်တော် ယုံကြည်တာပါလဲ။ ဘာလို့လဲဆိုတော့ ကျွန်တော့်အိမ်နီးချင်းတွေကလည်း အဲဒါကို ယုံတာကိုး။ အပြန်အလှန်အနေနဲ့ ကျွန်တော်က ဒါတွေကို ယုံလို့ပဲ အိမ်နီးချင်းတွေကလည်း ယုံကြတာ။ ဒါတင်မက ကျွန်တော်တို့အားလုံး ခုလိုယုံတာကလည်း ကျွန်တော်တို့ရဲ့အုပ်ချုပ်သူဘုရင်ကလည်း ဒါတွေကိုယုံတာကိုး။ ပြီးတော့ အခွန်တွေပေးတဲ့အခါကျရင် အဲဒါတွေနဲ့ ပေးဖို့တောင်းဆိုတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ရဲ့ပုရောဟိတ်တွေကလည်း ဒါတွေကိုယုံကြည်ကြပြီး ဘာသာရေးအခွန်ခတွေကို ပေးတဲ့အခါမှာ ဒါတွေနဲ့ပေးဖို့ တောင်းဆိုကြတာကိုး။ တစ်ဒေါ်လာတန်ကို တစ်ရွက်ကိုယူပြီး အသေချာကြည့်ကြည့်ပါ။ ရိုးရိုးရောင်စုံစက္ကူ အပိုင်းလေးတစ်ပိုင်းရဲ့ တဘက်မှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးရဲ့ လက်မှတ်ကိုတွေ့ရမှာဖြစ်ပြီး နောက်တဘက်မှာတော့ “ဘုရားသခင်ကို ကျွနု်ပ်တို့ယုံကြည်ပါ၏” ဆိုတဲ့စာသားပဲ တွေ့ရမှာဖြစ်ပါတယ်။ ဒီဒေါ်လာနဲ့ပေးချေတာကို ကျွန်တော်တို့လက်ခံကြတာ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်နဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး နှစ်ယောက်လုံးကို ကျွန်တော်တို့ယုံကြည်ကြလို့ ဖြစ်တယ်။ ဘာကြောင့်ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေးစနစ်တွေမှာ ကျွန်တော်တို့ရဲ့ နိုင်ငံရေး၊ လူမှုရေး နှင့် တွေးခေါ်စဉ်းစားမှုစနစ်တွေ ထဲထဲဝင် ပတ်သက်နေသလဲဆိုတာကို ယုံကြည်မှုဆိုတဲ့ အလွန်အရေးပါတဲ့အခန်းကဏ္ဍက ရှင်းပြနိုင်တယ်။ နောက်ပြီးတော့ မကြာခဏ စီးပွားရေးကျဆင်းမှုတွေဖြစ်တာဟာ ဘာဖြစ်လို့ နိုင်ငံရေးတိုးတက်မှုတွေ ကြောင့်ဖြစ်ရတာလဲ ဆိုတာအပြင် စတော့ဈေးကွက်အတက်အကျဟာ ကုန်သည်ကြီးတွေ မနက်ခင်းတစ်ခုမှာ ဘယ်လိုစိတ်အခြေအနေရှိသလဲ ဆိုတဲ့အပေါ် မူတည်ရတာလဲ ဆိုတာတွေကိုလည်း ရှင်းပြနိုင်ပါတယ်။

အစပိုင်းမှာ ပိုက်ဆံရဲ့ကနဦးပုံစံတွေကို ထွင်တုန်းက လူတွေမှာခုလိုမျိုး ယုံကြည်မှုတွေ မရှိခဲ့ကြပါဘူး။ ဒါကြောင့် ‘ပိုက်ဆံ’ လို့သတ်မှတ်ကြတဲ့ အရာဝတ္ထုတစ်ခုခုဟာ နဂိုအရှိတန်ဖိုး တစ်ခုခုရှိဖို့ လိုအပ်ခဲ့တယ်။ သမိုင်းရဲ့ ပထမဆုံး ပိုက်ဆံဖြစ်တဲ့ ဆမားရီးယန်း ဘာလီစေ့ပိုက်ဆံဟာ ဥပမာကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ သူက ဘီစီ ၃၀၀၀ လောက်က ဆူမာ(ယနေ့ခေတ် အီရတ်တောင်ပိုင်း)မှာ ပေါ်ပေါက်ခဲ့တာပဲ ဖြစ်တယ်။ အဲဒါနဲ့ တစ်ချိန်တည်း၊ တစ်နေရာတည်းမှာပဲ တူညီတဲ့အခြေနေတွေရဲ့အောက်မှာ အရေးအသားစနစ်ဟာလည်း ပေါ်ပေါက်ခဲ့တယ်။ စီမံအုပ်ချုပ်ရေး လုပ်ဆောင်စရာတွေ များပြားထူထပ်လာတာတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် အရေးအသားဟာ တိုးတက်လာရသလိုပဲ ဘာလီစေ့ပိုက်ဆံကလည်း များပြားထူထပ်လာတဲ့ စီးပွားရေး လုပ်ဆောင်မှုတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ တိုးတက်လာခဲ့ပါတယ်။

ဘာလီပိုက်ဆံဆိုတာ ဘာလီစေ့သက်သက်ပါ။ သတ်မှတ်ထားတဲ့ ဘာလီစေ့အချင်အတွယ်နဲ့ တခြားကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ဆန်းစစ်လဲလှယ်တာဟာ လူတိုင်းလက်ခံတဲ့နည်းအဖြစ် အသုံးပြုကြပါတယ်။ အများဆုံးချင်တွယ်ကြတာတော့ ဆီလာ ဖြစ်ပြီး တစ်လီတာနဲ့ ပျမ်းမျှအားဖြင့် ညီမျှပါတယ်။ သတ်မှတ်ထားတဲ့ စံချိန်ခွက် တစ်ခုချင်းစီဟာ တစ်ဆီလာ ဆန့်ပြီး လူတွေဘယ်အချိန်မဆို ရောင်းလို့၊ ဝယ်လို့အဆင်ပြေအောင် အဲဒီလိုခွက်တွေ အများအပြားထုတ်လုပ်ထားပါတယ်။ ဒီတော့ လိုအပ်တဲ့ ဘာလီစေ့ပမာဏကို အလွယ်တကူ ချင်တွယ်လို့ရပါတယ်။ လစာတွေကိုလည်း သတ်မှတ် ထားတဲ့ ဘာလီစေ့ ဆီလာနဲ့ပဲ ပေးတာပါ။ ယောကျ်ားအလုပ်သမားတစ်ယောက်ဟာ တစ်လကို ဆီလာ ၆၀ ရပြီး မိန်းမအလုပ်သမားကတော့ ၃၀ ရတယ်။ အလုပ်သမားခေါင်းတစ်ယောက်ကတော့ ဆီလာ ၁၂၀၀ ကနေ ၅၀၀၀ ကြား ရပါတယ်။ အလွန်အစားကြီးပါတယ်ဆိုတဲ့ အလုပ်သမားခေါင်း တစ်ယောက်တောင် တစ်လကို ဆီလာ ၅၀၀၀ ကုန်အောင်မစားနိုင်ပါဘူး။ ဒါပေမယ့် သူမစားဘဲကျန်တဲ့ ဆီလာတွေကို ဆီ၊ ဆိတ်၊ ကျွန်၊ နှင့် ဘာလီ မဟုတ်တဲ့ အခြားစားစရာတွေကို ဝယ်ယူဖို့ အသုံးပြုလို့ရပါတယ်။

ဘာလီစေ့မှာ နဂိုအရှိတန်ဖိုးရှိပေမယ့်လည်း သူ့ကို ရိုးရိုးကုန်ပစ္စည်းတစ်ခုဆိုတာထက်ပိုပြီး ပိုက်ဆံအဖြစ် အသုံးပြုဖို့ လူတိုင်းကိုအယုံသွင်းရတာ မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတာ သိချင်ရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ရှော့ပင်းစင်တာတစ်ခုကိုသွားပြီး ဘာလီစေ့တစ်ထုပ်နဲ့ ရှပ်တစ်ထည် သို့မဟုတ် ပီဇာတစ်ချပ် သွားဝယ်ဖို့ကြိုးစားရင် ဘာဖြစ်မလဲဆိုတာသာ စဉ်းစားကြည့်ပါ။ ဆိုင်ရှင်တွေက လုံခြုံရေး ခေါ်ဖို့သာ များပါတယ်။ သို့ပေမယ့်လည်း ဘာလီစေ့ကိုပဲ ကနဦးပိုက်ဆံအဖြစ် ယုံကြည်မှု တည်ဆောက် ဖို့က ပိုလွယ်ကူခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ ဘာလီစေ့မှာက နဂိုမူလ ဇီဝတန်ဖိုးရှိတယ်။ လူတွေ သူ့ကိုစားလို့ရတယ်။ တခြားဘက်ကနေကြည့်ရင်လည်း ဘာလီကို သိမ်းဆည်းထားဖို့၊ သယ်ယူပို့ဆောင်ဖို့ ခက်ခဲတယ်။ လူတွေက နဂိုအရှိတန်ဖိုးမရှိတဲ့ ပိုက်ဆံကို ယုံကြည်လက်ခံလိုက်တဲ့ အချိန်ဟာ ငွေကြေးသမိုင်းနဲ့ပတ်သက်ပြီး လူသားတွေ စစ်မှန်တဲ့အောင်မြင်မှု ရလိုက်တဲ့ အခိုက်အတန့်ပါပဲ။ အဲဒီလိုပိုက်ဆံတွေက သိမ်းဆည်းဖို့၊ သယ်ယူဖို့ ပိုလွယ်ကူတယ်။ အဲဒီလိုပိုက်ဆံတွေ ရှေးခေတ် မက်ဆိုပိုတေးမီးယားမှာ ဘီစီ ၃၀၀၀ အလယ်ဝန်းကျင်က ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒါကတော့ ရှဲကယ်ငွေတုံး (sliver shekel) တွေပဲ ဖြစ်ပါတယ်။

ရှဲကယ်ငွေဆိုတာ ငွေဒင်္ဂါး မဟုတ်ပါဘူး။ အလေးချိန် ၈.၃၃ ဂရမ်ရှိတဲ့ ငွေတုံး တစ်ခုပါ။ ဟမ်မူရာဘီ ကိုဓဥပဒေမှာ ကျွန်မိန်းမတစ်ယောက်ကို သတ်သော အထက်တန်းစားလူတစ်ယောက်သည် ကျွန်ပိုင်ရှင်ကို ငွေအလေးချိန် ၂၀ ရှဲကယ်ပေးရမယ်လို့ သတ်မှတ်ထားပါတယ်။ ဆိုလိုတာက အဲဒီလူက ငွေအလေးချိန် ၁၆၆ ဂရမ်ကိုပေးရမှာပါ.. ငွေဒင်္ဂါးအခု ၂၀ ပြောတာမဟုတ်ပါဘူး။ ခရစ်ယာန် ဓမ္မဟောင်းကျမ်းက ငွေကြေးအသုံးအနှုန်း တော်တော်များများဟာ ဒင်္ဂါးပြားတွေအစား ငွေအလေးချိန်နဲ့ပဲ ပြောပါတယ်။ သမ္မာကျမ်းစာမှာဆို ယောသပ်ကို သူ့အစ်ကိုတွေက ဣရှမေလလူမျိုးတွေဆီ ၂၀ ရဲှကယ် သို့မဟုတ် ငွေအလေးချိန် ၁၆၆ ဂရမ်နဲ့ ရောင်းစားခဲ့ပါတယ်။ (ကျွန်မိန်းမတစ်ယောက်ရဲ့ တန်ဖိုးနဲ့အတူတူပါပဲ.. အဲ့တုန်းက သူကလူငယ်ပဲ ဖြစ်သေးတာကိုး။)



ဘာလီ ဆီလာနဲ့မတူတာက ရှဲကယ်ငွေမှာ အရှိတန်ဖိုးဆိုတာ မရှိပါဘူး။ ငွေထည်ဆိုတာ စားလို့မရ၊ သောက်လို့မရသလို ခြုံထားလို့လည်း မရပါဘူး။ ပြီးတော့လည်း အသုံးဝင်ကိရိယာတွေ လုပ်ရအောင်လည်း ငွေထည်ဟာ ပျော့ပျောင်းလွန်းတယ်။ ငွေနဲ့လုပ်ထားတဲ့ ထွန်သွား၊ ဓားလိုဟာမျိုးဟာ အလူမီနီယမ်လိပ် တစ်ခုနဲ့ လုပ်ထားသလိုပဲ ချက်ချင်း တွန့်လိမ်သွားတာပါ။ ငွေ နဲ့ ရွှေ ကို တစ်ခုခုအဖြစ် အသုံးပြုတော့မယ်ဆို ရတနာပစ္စည်း၊ သရဖူ နှင့် တခြား ရာထူးအထိမ်းအမှတ် သင်္ကေတတွေ စတဲ့ လူ့ယဉ်ကျေးမှုတစ်ခုရဲ့ အထက်တန်းလွှာကလူတွေရဲ့ အဆင့်အတန်းကိုပြသတဲ့ ဇိမ်ခံပစ္စည်းတွေ ပြုလုပ်တဲ့နေရာမှာပဲ အသုံးပြုကြပါတယ်။ ဒါကြောင့် ရွှေ နှင့် ငွေရဲ့ တန်ဖိုးဆိုတာ ယဉ်ကျေးမှုဆိုင်ရာ သက်သက်ပါပဲ။

တန်ဖိုးရှိတဲ့ သတ္တုတွေရဲ့အလေးချိန်ကို သတ်မှတ်ရာကနေ ဒင်္ဂါးပြားတွေ မွေးဖွားလာပါတယ်။ သမိုင်းရဲ့ ပထမဆုံး ဒင်္ဂါးပြားတွေကို ဘီစီ ၆၄၀ ဝန်းကျင်က အနာတိုးလိယ အနောက်ပိုင်း (ယနေ့ခေတ် တူရကီ) လစ်ဒီယာနိုင်ငံ အလီယာထီးစ်ဘုရင်ပုံ (King Alyattes of Lydia) နဲ့ု ဖြစ်ပါတယ်။ ဒီဒင်္ဂါးတွေဟာ အလေးချိန်စံနှုန်းနဲ့ သတ်မှတ်ထားတဲ့ ငွေဒင်္ဂါး၊ ရွှေဒင်္ဂါးတွေ ဖြစ်ပြီး တူညီတဲ့အမှတ်အသားနဲ့ ခတ်နှိပ် ထားပါတယ်။ အမှတ်အသားတွေမှာ အဓိပ္ပါယ်၂ ခု ရှိတယ်။ ပထမတစ်ခုက ဒင်္ဂါးပြားဟာ ဘယ်လောက် အဖိုးတန်တယ် ဆိုတာကို ညွှန်ပြတယ်။ ဒုတိယတစ်ခုကတော့ ဒီဒင်္ဂါးပြားမှာပါဝင်တဲ့ တန်ဖိုးစစ်မှန်ကြောင်း သက်သေထူတဲ့ ထုတ်လုပ်သူအာဏာပိုင်ကို ဖော်ပြပါတယ်။ ကျွန်တော်တို့ ဒီနေ့ခေတ်မှာသုံးသမျှ ဒင်္ဂါးတွေအားလုံးနီးပါးဟာ လစ်ဒီယန်ဒင်္ဂါးတွေရဲ့ နောင်လာနောက်သားတွေပဲ ဖြစ်ပါတယ်။

ဘာအမှတ်အသားမှ မရှိတဲ့ သတ္တုချောင်းတွေထက်စာရင် ဒင်္ဂါးတွေမှာ အရေးပါတဲ့အားသာချက် ၂ ချက်ရှိတယ်။ ပထမအချက်က သတ္တုချောင်းတွေနဲ့ အရောင်းအဝယ်လုပ်တိုင်း သူတို့ကို အမြဲချင်တွယ် ရတယ်။ ဒုတိယအချက်က ဒီသတ္တုချောင်းတွေကို ချင်တွယ်ရုံနဲ့မပြီးဘူး။ ကိုယ့်ရဲ့ဘွတ်ဖိနပ် အဖိုးအခ အတွက် ကိုယ်ပေးလိုက်တဲ့ ငွေချောင်းဟာ ဘာနဲ့မှမရောဘဲ ငွေအတိနဲ့လုပ်ထားတဲ့ငွေချောင်းပါလို့ ဖိနပ်ချုပ်ဆရာ ဘယ်လိုသိမလဲ။ ခဲချောင်းတစ်ခုကို အပေါ်ကငွေသားမျှင်မျှင်လေးနဲ့ အုပ်ထားတာရော မဖြစ်နိုင်ဘူးလား။ ဒင်္ဂါပြားတွေက ဒီပြဿနာတွေကို ဖြေရှင်းပေးပါတယ်။ ဒင်္ဂါးတွေအပေါ် အမှတ်အသားတွေ ခတ်နှိပ်ထားတာကြောင့် သူတို့ရဲ့တန်ဖိုးအတိအကျကို အာမခံတယ်။ ဒါကြောင့် ဖိနပ်ချုပ်ဆရာအနေနဲ့ သူ့ရဲ့ကောင်တာမှာ ချိန်ခွင်တစ်ခု ဆောင်ထားစရာမလိုတော့ဘူး။ ဒါထက် ပိုအရေးပါတာက.. ဒင်္ဂါးပြားပေါ်ကအမှတ်အသားဟာ နိုင်ငံရေးအာဏာပိုင်တစ်ဦးရဲ့ လက်မှတ် ဖြစ်တာကြောင့် ဒင်္ဂါးပြားရဲ့တန်ဖိုးကို အာမခံပါတယ်။

သမိုင်းတလျှောက်မှာ ဒင်္ဂါးပေါ်ကအမှတ်အသားတွေရဲ့ အရွယ်အစား၊ ပုံစံတွေ အမျိုးမျိုး ကြီးကြီးမားမားပြောင်းလဲခဲ့ပါတယ်။ ဒါပေမယ့် သူတို့ပြောချင်တဲ့ ဆိုလိုရင်းကတော့ အမြဲတူညီတယ်။ “ ကြီးကျယ်မြင့်မြတ်သော ရှင်ဘုရင်ဖြစ်သည့် ငါ (မည်သူမည်ဝါ) ဘုရင်မှ ဤရွှေထည်၏အလေးချိန်သည် ၅ ဂရမ် အတိအကျရှိကြောင်း အမိန့်တော်ထုတ်ပြန်လိုက်သည်။ အကယ်၍ တစ်ဦးတစ်ယောက်က ဤဒင်္ဂါးကို တုပထုတ်လုပ်ဝံ့လျှင် ထိုသူသည် ငါ၏လက်မှတ်ကို မဟုတ်မမှန်လုပ်ကြံတုပခြင်းဖြစ်ပြီး ငါဘုရင်မင်းမြတ်၏ ဂုဏ်သိက္ခာကို အမည်းစက်ထင်စေရာ ကျပေသည်။ ဤသို့သော ရာဇဝတ်မှုမျိုးကို အပြင်းထန်ဆုံးသော ပြစ်ဒဏ်ဖြင့် ငါဘုရင် ဒဏ်ခတ်စီရင်တော်မူမည်”။ ဒါကြောင့်ပဲ ပိုက်ဆံအတုလုပ်ခြင်းကို တခြားသော လိမ်လည် လှည့်ဖြားမှုတွေထက် အလွန်တရာ ပိုမိုကြီးလေးတဲ့ ရာဇဝတ်မှုအဖြစ် လူတွေအမြဲယူဆခဲ့ကြတာ ဖြစ်ပါတယ်။ ပိုက်ဆံအတုလုပ်တယ်ဆိုတာ လှည်ဖြားခြင်းတစ်ခုသက်သက် မဟုတ်ပါဘူး။ အဲဒါဟာ အချုပ်အခြာအာဏာကို ချိုးဖောက်တာဖြစ်ပြီး ဘုရင်မင်းမြတ်ရဲ့ အာဏာ၊ အခွင့်ထူး၊ လူပုဂ္ဂိုလ် ဆိုတဲ့ အရာတွေကို မထီမဲ့မြင်ပြုတဲ့ အဖျက်အမှောင့်လုပ်ရပ်ပဲဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ သူတို့ဘုရင်ရဲ့ အာဏာ၊ မှန်ကန်မှုကို ယုံကြည်နေသရွေ့ သူ့ရဲ့ဒင်္ဂါးပြားတွေကိုလည်း ယုံကြည်ကြပါတယ်။ လုံးဝ တစ်ဦးနဲ့တစ်ဦးမသိကြတဲ့ တစိမ်းနှစ်ယောက် ရောမဒေနာရိ ဒင်္ဂါးတစ်ပြားရဲ့တန်ဖိုးနဲ့ပတ်သက်ပြီး အလွယ်တကူ သဘောတူနိုင်ကြတယ်။ ဘာလို့လည်းဆိုတော့ အဲဒီဒင်္ဂါးမှာ တန်ဆာဆင်ထားတဲ့ အမည်ဖြစ်တဲ့ ရောမဧကရာဇ်ရဲ့ မှန်ကန်မှု နှင့် အာဏာ ကိုယုံကြည်ကြလို့ပဲဖြစ်ပါတယ်။

အပြန်အလှန်အားဖြင့် ဧကရာဇ်ရဲ့ အာဏာဟာလည်း ဒေနာရိဒင်္ဂါးတွေအပေါ် မူတည်ပါတယ်။ ဒီဒင်္ဂါးတွေမရှိဘဲ ရောမအင်ပါယာကိုထိန်းသိမ်းရတာ ဘယ်လောက်ခက်ခဲမလဲဆိုတာ စဉ်းစားသာ ကြည့်ပါတော့။ တကယ်လို့ အခွန်တုတ်တွေတိုးမြှင့်တာ၊ လစာတွေပေးတာကို ဧကရာဇ်အနေနဲ့ ဘာလီတွေ၊ ဂျုံတွေနဲ့ ပေးချေရမယ် ဆိုပါစို့။ ဆီးရီးယားက အခွန်တုတ်တွေကို ဘာလီစေ့နဲ့ကောက်ခံ၊ ကောက်ခံလို့ ရသမျှအားလုံးကို ရောမမှာရှိတဲ့ ဗဟိုဘဏ္ဍာတိုက်ကို ပို့၊ ပြီးတာနဲ့ အဲဒါတွေကို ဗြိတိန်က ရောမ စစ်ဗိုလ်ချုပ်တွေဆီ နောက်တဖန်ပြန်ပို့ဖို့ဆိုတာ လုံးဝဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ဒါတင်မက ရောမမြို့တော်မှာ နေထိုင်သူတွေပဲ ဒီရွှေဒင်္ဂါးတွေကို ယုံကြည်ပြီး လက်အောက်ခံပြည်သူတွေက အဲဒါကို မယုံကြည်ဘဲ အဲဒီအစား ကြွေစေ့တွေ၊ ဆင်စွယ်ပုတီးတွေ၊ ပိတ်စအထည်လိပ်တွေကိုသာ ယုံကြည်ကြတယ်ဆိုရင်လည်း ဒီအင်ပါယာကို ထိန်းသိမ်းဖို့ဟာ စောစောကလိုပဲ အင်မတန်ခက်ခဲမှာ ဖြစ်ပါတယ်။

ဘာသာပြန် - မာန်သီဟထွန်း
စာဖတ်သူအားလုံးကိုယ်ချမ်းသာပြီး စိတ်ချမ်းမြေ့ပါစေ။ ကျေးဇူးတင်ပါတယ်။
ပုံတွေကိုအောက်ပါလင့်တွေကနေယူပါတယ်။

http://www.romancoins.info/Animals-On-Coins.html
http://www.bible.ca/…/Jesus-coins-of-the-bible-Phoenician-T…
http://www.seunogunmola.com.ng/diary/historyofmoney/