Breaking News

ဖိုးသံ(လူထု) - ကျွန်တော့်ရဲ့ကုလားသူငယ်ချင်းများ



ဖိုးသံ(လူထု) - ကျွန်တော့်ရဲ့ကုလားသူငယ်ချင်းများ

(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၉

ဗမာပြည်မှာနေခဲ့တဲ့နေ့ရက်တွေ၊ အထူးသဖြင့် ကျောင်းသားဘဝနေ့ရက်တွေမှာ ကုလားအမြောက် အမြား၊ အမျိုးအစားအစုံစုံကြုံတွေ့ခဲ့ရပါတယ်။ တချို့များဆိုရင် ကျွန်တော့်ရဲ့အကောင်းဆုံး၊ အရင်းနှီးဆုံး သူငယ်ချင်းတွေလို့တောင်ပြောလို့ရပါတယ်။ ကျွန်တော်ပြောတဲ့ကုလားဆိုတဲအထဲမှာ ဗမာမင်းများလက် ထက်ကတည်းက အမရပူရ၊ မန္တလေးမှာနေခဲ့ကြတဲ့ဗမာမွတ်စလင်တွေ၊ ကိုလိုနီခေတ်ကျမှ အိန္ဒိယက နေ ဝင်ရောက်လာတဲ့ မာရဝါရီ၊ စူရတီ၊ ဂူဂျာရတီ၊ ဘင်္ဂါလီ၊ ပန်ချာပီ၊ ဂေါ်ရင်ဂျီစတာတွေပါပါတယ်။ သူတို့ နာမည်တွေကလည်း ဘို့စ်၊ ဆင်ဂုပ်တား၊ ချန်ဒရာ၊ ဆင်း၊ ကူးမား၊ အလီ စတဲ့ပီဘိ ကုလားနာမည် တွေဖြစ်ပါတယ်။

ကျွန်တော်နေခဲ့တဲ့စိန်ပီတာကျောင်းဆိုတာမှာက တရုတ်၊ ကုလားအမျိုးစုံနေကြတာပါ။ အဲဒီအချိန် တုန်းက စိန်ပီတာဆိုတာဟာ စီးပွားရေးတစုံတရာကောင်းတဲ့မိသားစုက သားသမီးတွေလာတက်ကြတာ ဖြစ်တော့ သဘာဝကျစွာပဲ ကုလား-တရုတ်များထဲမှာ ငွေကြေးတတ်နိုင်သူတွေပေါတာမို့ ဒီလို ခရစ်ယာန် သာသနာပြုကျောင်းတွေမှာ ကုလား-တရုတ်ကျောင်းသားတွေများကြပါတယ်။ အတန်းတတန်းမှာ သူတို့ ရဲ့အရေအတွက်ဟာ ၃၀%-၄၀%လောက်တောင်ရှိမယ်ထင်ပါတယ်။ အတန်းထဲမှာ ကျောင်းသား တွေဟာ နှစ်ယောက်ကိုတခုံ၊ တစားပွဲထိုင်ကြရတာဖြစ်တော့ ကျွန်တော်နဲ့အတူထိုင်ခဲ့ဖူးတဲ့ ကုလား ကျောင်းနေဖက်တွေ အများကြီးပဲလို့မှတ်မိနေပါတယ်။

ခရစ်ယာန်သာသနာပြုကျောင်းဆိုပေမယ့် ဒီကျောင်းမှာနေတဲ့လူမျိုး၊ ဘာသာဝင်တွေက အမျိုးအမယ် စုံလှပါတယ်။ သူတို့သာသနာပြုဖို့ခေါ်လာတဲ့ ချင်းတောင်တန်းပေါ်ကကျောင်းသားတွေဆိုတာကိုကပဲ ရာ ဂဏန်းရှိပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေထဲမှာတယောက်ကိုတယောက် လူမျိုးနာမည်၊ ဘာသာအမျိုး အမည်နဲ့တပ်ခေါ်တာ၊ နှိမ်ပြောတာဆိုလို့ မကြားဖူးသလောက်ပါပဲ။ ကုလားချင်းဆိုရင်လည်း ဇာတ်အမျိုး အစားနဲ့ဆက်ဆံပြောဆိုတာမတွေ့ရဖူးပါဘူး။ ကလေးတွေပေမယ့် လူကြီးလူကောင်းဆန်ဆန် ပြောဆိုနေ ထိုင်မှုကို ပညာပေးခံထားကြရတော့ လူမျိုးအရ၊ ဘာသာရေးအရ ပြောဆိုတာကို ရိုင်းတယ်၊ မယဉ်ကျေး တဲ့လူတွေရဲ့အပြုအမူ၊ အပြောအဆိုလို့သဘောထားပြီး ရှောင်ရှားကြပါတယ်။

အထက်မှာပြောခဲ့တဲ့ကုလားတွေထဲမှာ ဗမာမွတ်စလင်ဆိုသူတွေဟာ သူတို့အိမ်မှာလည်းဗမာ စကားပြောကြပြီး ကျန်အိန္ဒိယကလာသူတွေကတော့ ကိုယ့်အိမ်ထဲမှာကိုယ့်လူမျိုးရဲ့စကားပြောတာ များ ကြပါတယ်။ လူမျိုးမတူတဲ့သူတို့ချင်းတော့ အူရဒူဆိုလား၊ ဟင်ဒီဆိုလား ပြောကြတယ်လို့ဆိုပါတယ်။ သူ တို့နဲ့အတူနေတာကြာတော့ ကျွန်တော်တောင်ကုလားစကားနည်းနည်းပါးပါး နားလည်၊ ပြောတတ်လာပါ တယ်။ ကလေးချင်း ညစ်တီးညစ်ပတ်ပြောတာမျိုးတွေလည်း တတ်ပါတယ်။ တနှစ်ဆီက ဒီမှာအိန္ဒိယက အမျိုးသမီးငယ်တယောက်နဲ့တွေ့တော့ ကျွန်တော်ကကုလားလိုစကားနည်းနည်းပါးပါးပြောလိုက်တော့ သူကပါးစပ်အဟောင်းသားဖြစ်သွားပါတယ်။ ဒါကြောင့်ကျွန်တော်က သူ့ကိုတခေတ်ကဆိုရင်ရန်ကုန်မှာ ကုလားစကားမပြောတတ်သူကို တောသားလို့တောင်အထင်ခံရတဲ့အကြောင်း ဟာသပုံပြင်လေးနဲ့ပါ ပြောပြလိုက် (အင်္ဂလိပ်လို)တော့ သူကရီလိုက်တာ။

ကျွန်တော်ပြောခဲ့တဲ့မန္တလေးကဗမာမွတ်စလင်ဆိုသူတွေဟာ ဗမာမင်းများလက်ထက်ကတည်းက၊ အင်းဝ၊ အမရပူရခေတ်များကတည်းက နန်းတွင်းကိုပေါက်ရောက်နေသူတွေဆိုတော့ ဗမာစကားကိုဗမာ တွေနဲ့မခြား ပြောနိုင်ပါတယ်။ ဦလေးကျားဘငြိမ်းများပြောလိုက်ရင် ဗမာတွေငေးနားထောင်ရတယ်ဆို တာမျိုးပေါ့။ ကျွန်တော့်ငယ်ပေါင်းသူငယ်ချင်းတွေထဲမှာ ဗမာမွတ်စလင်တင်အေးဆိုတဲ့ ဘော့လုံးဂိုး သမားတယောက်ရှိပါတယ်။ သူကသူတို့လိုမွတ်စလင်ချင်းကိုတောင်မှ “ဟေ့ကောင်၊ ငါတို့ကရွှေကြိုး သတ်မှတ်တဲ့မျဉ်းအတွင်းမှာနေတာကွ”လို့ ကြွားလေ့ရှိပါတယ်။ ဒီလိုပြောလိုက်ရင် ဘေးမှာရှိတဲ့ မန္တလေးသားဗမာတွေကတောင် “ဟ-ဟ၊ ရွှေကြိုးသတ်မှတ်တဲ့မျဉ်းအတွင်းဆိုတာဘယ်နေရာကို ပြော တာလဲကွ”လို့ ပြန်မေးရပါတယ်။ ဒီတော့မှကိုယ့်ဆရာကသူ့ရင်ကိုကော့ပြီး “အရှေ့ဘက်ဆိုရင် ဘူတာကြီးရဲ့ဒီဘက်၊ တောင်ဘက်ဆိုရင် အေလမ်းအဆုံး၊ မြောက်ဘက်ဆိုရင် ဘီလမ်းအဆုံး၊ အနောက် ဘက်ဆိုရင် ၈၄လမ်း၊ ဒီကြားကအပိုင်းဟာ တို့မန္တလေးရဲ့ရွှေကြိုးသတ်မှတ်တဲ့မျဉ်းပဲ”လို့ ခပ်တည်တည် အပီမှုတ်ပါတယ်။ ဘယ်သူမှသူနဲ့ပြိုင်ငြင်းတာမတွေ့ဖူးပါဘူး။ သူနေတာက အေလမ်းရဲ့ မြောက်ဘက် နား၊ ၈၃လမ်းပေါ်မှာနေတာပါ။ အပ်ချုပ်ဝင်းအနောက်ပေါက်နဲ့မျက်နှာချင်းဆိုင်မှာ၊ သူပြောတဲ့ရွှေကြိုး သတ်မှတ်တဲ့ဝိုင်းထဲမှာ သိုးကာသီကာ ပါရုံမျှပါတာပါ။ 

သူတို့နေတဲ့ အကွက်ရဲ့မြောက်ဘက်က ကပ်ရက် အကွက်၊ တိုင်းချစ်ကျောင်းဝင်းအကွက်ကို ကိုယ်ရံတော်ဝင်းလို့ ခေါ်ပြီး အဲဒီဝင်းထဲကဗလီကို ကိုယ်ရံ တော်ဗလီလို့ခေါ်ပါတယ်။ မြန်မာမင်းလက်ထက်က ကိုယ်ရံတော်(မွတ်စလင်)တွေနေခဲ့တဲ့ အဓိပ္ပာယ်ပါ။ နောက်ပြီး ၃၅လမ်းနဲ့၃၆လမ်းအကြား၊ ၇၄လမ်းနဲ့၇၅လမ်း အကြားကအကွက်ကိုလည်း ကုန်ဘောင် မင်းများလက်ထက်ကအမြောက်တပ်သားတွေနေခဲ့တာမို့ အမြောက်တန်းလို့ ခေါ်တယ်မဟုတ်လား။ နေထိုင်ကြသူတွေက အဲဒီအမြောက်တပ်သားတွေရဲ့အဆက်တွေဖြစ်တဲ့ မွတ်စလင် ကုလားတွေပဲလေ။ မန္တလေးနဲ့ မွတ်စလင်ကုလားလို့စကားစလိုက်တော့ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့အတူ အသတ်ခံရတဲ့ ဆရာကြီးဦးရာဇတ်ဟာလည်း တကယ့်ဗမာမွတ်စလင်စစ်စစ်ကြီးဆိုတဲ့အချက်ကို ပြောရပြန်တာပေါ့။ ကျွန်တော့် မိဘများနဲ့ ဦးလေး၊ အဒေါ်တွေအပါ၊ မန္တလေးသားတွေအားလုံးက အင်မတန် လေးစားတာ ခံရတဲ့ ကုလားကြီးလေ။

ကျွန်တော်တို့နဲ့အိမ်ချင်းကပ်ရက်၊ အရှေ့ဘက်မှာက ဦးလှမြင့်-ဒေါ်ကူတို့ရဲ့မွတ်စလင်မိသားစုနေ ပါတယ်။ အဲဒီတုန်းကသူတို့အိမ်က မုန့်ဖုတ်ပါတယ်။ သူတို့မှာလည်းသားသမီးငါးယောက်၊ ကျွန်တော်တို့ မှာလည်းမောင်နှမငါးယောက်၊ ကလေးတွေဟာ နှစ်အိမ့်တအိမ်ကူးလူးကစားနေကြတာပါ။ သူတို့ရဲ့သား၊ ကျွန်တော်နဲ့ရွယ်တူအေးကို (အိမ်နာမည် ဟီးရိုး)ဆိုရင်လည်း ကျွန်တော့်ရဲ့ငယ်ငယ်ကအရင်းဆုံးသူငယ် ချင်းဖြစ်ပါတယ်။ ကျွန်တော့်ကိုတယောက်ယောက်က“ချ”ရင်သူကကျွန်တော့်ဘက်ကဝင်ချမယ်လို့ မပြတ်ပြောနေခဲ့သူတယောက်ပေါ့။

ကျွန်တော်တက္ကသိုလ်ရောက်တော့ အရင်ကကုလားဘော်ဒါတွေထဲက အတူပါလာပါတယ်။ တချို့ က မက်ထရစ်မအောင်တာ၊ တချို့ကတက်တဲ့ ဘာသာရပ်မတူတာနဲ့ တဝက်လောက်ပဲ မန္တလေး တက္ကသိုလ်ကို အတူရောက်ကြတယ်လို့သတိရနေပါတယ်။ အဲဒီအထဲက ကျွန်တော်နဲ့ ညီအစ်ကိုတမျှ အင်မတန်ရင်းနှီးတဲ့ ဆူရာ့ဂျ်ချန်ဒရာ (Suraj Chandra) ဆိုရင် ဘာသာရပ်တူတဲ့အတန်းတိုင်းမှာ ကျွန်တော်နဲပဲ အတူထိုင် ပါတယ်။ တခါတော့ ဗမာစာ အတန်းတက်ကြရင်း ကျွန်တော်ကသူ့နာမည်ကို မြန်မာမှုပြုလိုက်မယ်ဆိုပြီး သုရာစန္ဒြလို့ရေးပြလိုက်တော့ သူ့မျက်နှာအိုသွားတာကိုမှတ်မိနေပါတယ်။ ကျွန်တော်နောက်တတ်တာကို သိနေသူမို့တော်သေးတာပါ။

ကျွန်တော်မန္တလေးတက္ကသိုလ်ကိုတက်တော့ အိုင်အက်စီအငယ်တန်း (ပထမဆုံးနှစ်)မှာ မြန်မာစာ အတွက် ကဗျာယဉ်စာယဉ်ဆိုတဲ့စာအုပ်ကိုသင်ရပါတယ်။ တနေ့ အဲဒီအထဲကတောင်တွင်းရှင်ငြိမ်းမယ်ရဲ့ “စစ်မှာတမူ” အိုင်ချင်းထဲမှာ “မြင်းမှာအုန်းခွံ၊ ကျွန်မှာ ကုလား၊ ဓားမှာမိုးကြိုး၊ ယွန်းပုဆိုးနှင့်”ဆိုတဲ့ အပိုဒ်ကိုရောက်တော့ တတန်းလုံးဟာခနဲ အသံထွက်သွားကြပါတယ်။ တချို့ကလည်းအသံတိတ်ခွိ-ခွိ၊ ခွိ-ခွိရီပြီး အနီးအနားမှာ ဘယ်ကုလားများရှိသလဲဆိုတဲ့အကြည့်မျိုးနဲ့ လှည့်ပတ်ကြည့်ကြပါတယ်။ ကုလားကျောင်းသားများတော့ သိပ်ခံစားရမှာပေါ့။ ဒီအချိန်မှာဆရာသက်ရင့်နေပြီဖြစ်တဲ့ ကထိက ဒေါ်မိမိလေးက အားလုံးကိုနားထောင်ဖို့သတိပေးပြီး ချက်ခြင်းပဲ ဆက် ရှင်းပြလိုက်ပါတယ်။ “ဟာ”နေ၊ “ဟယ်”နေဖို့အချိန်မပေးပါဘူး။ ဆရာမရှင်းပြတာက ကုလားဆိုတာ ကူးလာဆိုတဲ့စကား ကနေ ဆင်းသက်လာတာ၊ ပြည်ပကနေကူးလာသူတွေကိုခေါ်တဲ့အသုံးအနှုန်းပဲ၊ ဒီလိုနဲ့ ကူးလာကနေ ကုလား လို့ဖြစ်လာတာ၊ နှိမ်တဲ့အဓိပ္ပာယ်လုံးဝမရှိဘူးလို့ရှင်းပြလိုက်တော့ ကျွန်တော့်ရင်ထဲမှာ ဘဝင်လည်းကျ၊ ဝမ်းလည်းသိပ်သာသွားပါတယ်။ ဆရာမကိုကျေးဇူးလည်းတင်လိုက်တာ။ နဂိုကလုံးဝ မကြားဖူးခဲ့တာ ကိုလည်း ဝန်ခံရပါတယ်။

အဲဒီနောက်တော့ မဆလအစိုးရရဲ့ပြည်သူပိုင်လုပ်ချက်ကြောင့် ကျွန်တော့်သူငယ်ချင်းမိသားစုများ အပါအဝင် ကုလားတွေ ၉၀%လောက် အိန္ဒိယကိုပြန်ကုန်ကြပါတယ်။ ကျွန်တော်ထောင်ကထွက်လာ တော့ တယောက်မှတောင်စုံစမ်းလို့မရတော့ပါဘူး။ လူမျိုးရေးအာဃာတဆိုတာ ကျောင်းသားငယ်တွေ အတွင်းရှိတာမဟုတ်ပါလားလို့ သဘောပေါက်သွားပါတယ်။ တလောကတော့ ကျွန်တော့ညီ ဘိုညို တယောက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး လှုပ်ရှားမှုမှာ စကားတက်ပြောနေတယ်ကြားရလို့ ညီအစ်ကိုချင်း သာဓုခေါ်မိပါတယ်။