Breaking News

တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၅)


တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၅)

(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀

(၁)
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ (၁၃) ရက်နေ့က နယူးယော့ခ်မြို့တော် အိုအက်စ်အိုင်ခန်းမမှာ ကျနော့်ကို နယ်သာလန်နိုင်ငံက ပရင့်စ်ကလော့ စာပေဆုချီးမြှင့်ပွဲ ကျင်းပပါတယ်။

ဆုရခြင်းကိုမျှော်ကိုးပြီး စာရေးတာမဟုတ်ပေမယ့် မိမိရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆုပေးတာမို့ သန့်သန့်ရှင်းရှင်း ဂုဏ်ယူမိ၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဆုချီးမြှင့်တဲ့ နယ်သာလန် နိုင်ငံကိုလည်း ကျေးဇူးတင်မိပါတယ်။

စာရေးသူ၊ အနုပညာဖန်တီးသူများဟာ ဆုကိုမျှော်ကိုးပြီး ရေးသားဖွဲ့နွဲ့ခြင်း၊ အားထုတ်ဖန်တီးခြင်းပြုခဲ့တာ မဟုတ်ဘူးဆိုတာ အများသူငါ သိကြပြီးသားပါ။ မိမိထမ်းဆောင်ရမယ့် အနုပညာတာဝန်ကို စေတနာရှေ့ထားပြီး ဖန်တီးလုပ်ဆောင်ကြမြဲဖြစ်ပါတယ်။

နိုင်ငံတော်ကဖြစ်စေ၊ အသင်းအဖွဲ့တခုခုကဖြစ်စေ၊ ပုဂ္ဂိုလ်တဦးဦးကဖြစ်စေ ဆုပေးခဲ့ရင် ကျေးဇူးတင်ရုံသာရှိပါတယ်။ ဆုရရှိအောင် လုံ့လထုတ်ခြင်း၊ ယှဉ်ပြိုင်ခြင်းပြုရန် မသင့်ပါ။ ရှက်ဖွယ်ကောင်းတဲ့ကိစ္စသာ ဖြစ်ပါတယ်။

(၂)
မြန်မာနိုင်ငံဟာ ၁၉၄၈ ခု လွတ်လပ်ရေးရကတည်းက စာပေဆုချီးမြှင့်ခဲ့တဲ့ အစဉ်အလာရှိပါတယ်။ နိုင်ငံတော်ကပေးတဲ့ဆုပါ။ စာချစ်သူနဲ့ စာရေးသူတို့က လိုလိုလားလား ဂုဏ်ယူပြီး လက်ခံခဲ့ကြပါတယ်။ ပထမဦးဆုံး စာပေဆုရှင်က စာရေးဆရာမင်းအောင်ပါ။ “မိုးအောက်မြေပြင်” ၀တ္ထုအတွက် “စာပေဗိမာန်ဆု” ချီးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအချိန်က မထင်မရှား စာရေးဆရာငယ်တဦးကို အဂတိ ကင်းကင်း မျက်နှာမလိုက်ဘဲ စာပေဗိမာန်သုခမိန်များက တရားမျှတစွာ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။ အလွန်ဂုဏ်သိက္ခာရှိတဲ့ စာပေဆုပါ။

ဒီလိုနဲ့ ဒီမိုကရေစီအစိုးရလက်ထက်မှာ ဦးသိန်းဖေမြင့်၊ လူထုဦးလှ၊ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင် တို့လို နိုင်ငံရေးအားဖြင့် အစိုးရနဲ့ ပလဲနံပမသင့်တဲ့ လက်ဝဲစာရေးဆရာတွေကိုလည်း စာပေဆုတွေ ချီးမြှင့်ခဲ့ပါတယ်။ စာပေလက်ရာစံချိန်ကိုသာ ကြည့်ပြီး အမြင်ကျယ်ကျယ် သိက္ခာရှိရှိ ဆုပေးခဲ့ပါတယ်။ တိုင်းပြည်ကလည်း ဆုရွေးချယ်ရေးသုခမိန်တွေနဲ့ သဘောထားတူခဲ့ပါတယ်။ လေးလေးစားစား တန်ဖိုး ထားခဲ့ကြပါတယ်။ ဆုနှင်းသဘင်မှာ ဝန်ကြီးချုပ်ရယ်၊ လေးစားလောက်တဲ့ စာပေပညာရှင်တဦးဦးရယ်က မိန့်ခွန်းစကား ပြောကြားလေ့ရှိပါတယ်။

၁၉၆၂ ခု စစ်အာဏာရှင်အစိုးရ တက်လာတဲ့အခါကျတော့ နိုင်ငံတော်စာပေဆုဟာ အကြီးအကျယ် သိက္ခာကျဆင်းခဲ့ရပါတယ်။ စာပေဆုကို စာစီစာကုံးပြိုင်ပွဲအဆင့်မျှနှိမ့်ချပြီး ပြိုင်ပွဲဝင်ခြင်း၊ ယှဉ်ပြိုင်ခြင်း အဆင့်သို့ နိမ့်လျှောခဲ့ပါတယ်။
ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထအဆင့်ခွဲပြီး ဆုပေးခဲ့တယ်။ စာရေးဆရာကြီး ဦးရန်အောင်လိုပုဂ္ဂိုလ်က စတုတ္ထဆုဖြစ်လိုဖြစ်၊ ဂျာနယ်ကျော်မမလေးလို စာရေးဆရာမကြီးက တတိယဆုရလိုရနဲ့ ကမောက်ကမ သိက္ခာကျခဲ့ကြရပါတယ်။
ကပ်ပါးရပ်ပါး ဖော်လံဖား စာရေးဆရာတွေကိုဆုပေးတော့ တိုင်းပြည်ကပါ အထင်အမြင်သေးပါတော့တယ်။ ပေါ်လစီနဲ့ညီအောင် ပုံသေချပြီးရေးတဲ့ အညံ့စားလက်ရာတွေကိုချည်း ဆုပေးတော့ ဆုရစာအုပ်ဆိုရင် စာဖတ်ပရိသတ်က ဝေရာမဏိ ရှောင်ကြဉ်ပြီး ဆုတွေလေးငါးဆယ်ကြိမ်ရနေတဲ့ စာပေဆုရဆိုသူတွေကို ပြည်သူက နှာခေါင်းရှုံ့ကြပါတော့တယ်။ စာပေဆုရဆိုတာ ရှက်ဖွယ်အလိလိ၊ မင်းလိုလိုက် မင်းကြိုက် ရေးနေတဲ့ အရှက်မရှိစာရေးဆရာလို့ အထင်သေးခံရပါတော့တယ်။

၁၉၆၉-၇၀ ခုနှစ်လောက်မှာတော့ ပြိုင်ပွဲစနစ်ကို ဖျက်ခဲ့ပါရဲ့။ ဒါပေမယ့် ဆုရွေးချယ်ပုံတွေက သိက္ခာ မရှိတော့တာမို့ အလေးစားမခံရတော့ပါဘူး။ အိမ်သာကျင်းထဲ ရေမွှေးတစက်ချလိုက်ပေမယ့် နံမြဲနံနေပါတော့တယ်။ ထိရောက်မှု မရှိတော့ပါဘူး။

(၃)
စာပေလွတ်လပ်ခွင့်၊ နိုင်ငံရေးလွတ်လပ်ခွင့်မရှိရင် စာပေဂုဏ်သိက္ခာ မြင့်တက်လာမှာ မဟုတ်ပါဘူး။ စာပေအနုပညာဟာ စာပေစိစစ်ရေးဓားချက်အောက်မှာ အသက်ပျောက်ခဲ့ရပါတယ်။ စစ်အာဏာရှင်ရဲ့ ခြေဖဝါးအောက်မှာ စာပေလည်းအနင်းခံရ၊ တခြားစီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေလည်း စစ်ဖိနပ်နဲ့ အနင်းခံရတာချည်းမို့ စာပေအနုပညာကြာပွင့် ဘယ်မှာပွင့်နိုင်ပါတော့မလဲ။

စစ်သူရဲ၊ စစ်မုန်တိုင်းတွေ တိုင်းပြည်မှာ မွှေနေသမျှ အနုပညာကြာပွင့်တွေ တပွင့်ပြီးတပွင့် ကြွေရမှာ အမှန်ပါ။

စစ်အာဏာရူးတွေလုပ်ရပ်ကြောင့် တို့တိုင်းပြည် လွတ်လပ်ခွင့်မျိုးစုံငတ်ခဲ့ပြီ။ စစ်ဖိနပ်အောက် အသက် ပျောက်ရတော့မယ်။ နိုင်ငံချစ်သူတိုင်း စစ်ဝါဒကိုဆန့်ကျင်၊ စစ်ဘုရင်တွေကိုဖယ်ရှားမှသာ ငွားငွားစွင့်စွင့် ကြွားကြွားဝင့်နိုင်တဲ့ ကြာပွင့်ကြီးပမာ ရွှေမြန်မာတို့ သာပါလိမ့်အမြဲ မှတ်ယူစွဲကြကုန်လော့။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၄၀)၊ ဇန်နဝါရီ ၂၀၀၅