Breaking News

မင်နီရှဲလ် - SILENCE OF THE CATS




မင်နီရှဲလ် - SILENCE OF THE CATS

(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၉

ဆရာဝန်ထံသို့ သူမရောက်လာချိန် ဆေးခန်းပိတ်ခါနီး သောကြာနေ့ ညနေ သုံးနာရီခန့်မှာ ဖြစ်သည်။

ညနေ သုံးနာရီကျော်ဆိုတာ တခုခုလုပ်ဖို့ သိပ်စောသေးတယ်ဆိုလား ၊ သိပ်နောက်ကျသွားပြီဆိုလား ဆရာဝန် မှတ်သားဖူးသည် ၊သောကြာနေ့ ညနေ မပြီးပြတ်သော ၊ မြောက်မြား လှစွာသော PAPERWORK တွေကို လက်စသတ်နေတုန်း သူမရောက်လာခဲ့သည် ၊ ရောက်လာရတဲ့အကြောင်ရင်းက PERSONAL တဲ့ ။ ကောင်တာက မိန်းမတွေကို မသိစေချင်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စမျိူးပေါ့ ။

ဆရာဝန်မှာ အံတိုနေပြီမို့ PERSONAL ဆိုတဲ့ ကိစ္စတွေကို ရိုးနေပြီဖြစ်သည်။ လင်မယား တွေအဆင်မပြေ လို့ ထသတ်တာမျိုး ၊ သားသမီးက ဆေးချ ၊ ထောင်ကျဆိုတာ မျိုး ၊ မိသားစု ထဲမှာ တယောက်ယောက် သေဆုံးသွားတာ မျိုး ၊ ဟိုလူ ဒီလူနဲ့ အိပ်မိလို့ စစ်လို့ရတာ အကုန်စစ်ကြည့်တယ်တို့ ၊ အလုပ်ပြုတ်သွားတာတို့ စတဲ့ ဖန်တရာတေ နေတဲ့ ဓာတ်ပြားဟောင်း တွေ သာဖြစ်သည်။ မောင်နှမ ချင်းအမွေ လုကြတာတွေလည်း ခဏခဏ ကြုံရသည်။

ထားပါတော့။ ဆရာဝန် မှာ အပ်ချလောင်းဆရာ မဟုတ်တာမို့ သူတို့ပြဿနာကိုလိုက်ပြီး ဖြေရှင်း မပေးနိုင်ပါ။ သူတို့ပြောတာတွေက တကယ် ဟုတ်မဟုတ် လည်း မသိနိုင်ပါ။ သူတို့အိမ်ကို လိုက်ပြီး လက်တွေ့ ကွင်းဆင်း လေ့လာဖူး တာလည်း မဟုတ်ပါ။ ဆရာဝန် တတ်နိုင်တာက သူတို့လာတုန်း သူတို့ပြောတာတွေကို စိတ်ဝင်စားချင်း ဟန်ဆောင်ပြီး နားလည်နှစ်သိမ့်မှုပေးဖို့ သာဖြစ်သည်။ သူတို့အဖို့က လည်း ပြော ချင်ရာတွေ ဇွတ်ပြောလိုက်ရလို့ ရင်ထဲပေါ့သွား ရောဂါတစ်ဝက် သက်သာသွားပြီ။ ကျန်တာကတော့ လိုအပ်တာကုသမှု၊ အကြံပေးမှုပြုဖို့ပါ ပဲ။

ဒီမိန်းမလည်း ဒါမျိုးဘဲ နေမှာပါပဲ။ ဇွတ်ကြီးလေရှည်နေမှာ ဦးမလား မသိဘူး၊ ဆရာဝန်သည် သောကြာနေ့ နေ့လည်မှာ အလုပ်တွေ မြန်မြန် ပြီးချင်ပြီ။ ဒါမျိုး လေရှည်နိုင်တဲ့မိန်းမ ကို သောကြာနေ့ မှာ လာခွင့်ပေးသော ကောင်တာက ဝန်ထမ်းကောင်မ တွေကို စိတ်ထဲက ကျိန်ဆဲမိလိုက်၏။

သူမရဲ့ မှတ်တမ်း ကို ပြန်ကြည့်တော့လည်း သာမာန်ပဲ။ ဘာမှ စိတ်ဝင်စားစရာမရှိ၊ နေမကောင်းဖြစ်လို ၊ ရင်ကျပ်လို့ ၊ ဗိုက်အောင့်လို့ စသဖြင့် လာပြဖူးသည်။ သွေးဖောက်၊ ကိုလက်စထရောစစ်တာတွေ လုပ်ဖူးသည်။

သူမရှိရာ အခန်းထဲ သို့ ဆရာဝန် ဝင်သွားပြီး တံခါးကိုပြန်ပိတ်လိုက်သည်။ သူမမှာ ဘာမှ ထူးခြားမှုမတွေ့ ရပါ။ ဆံပင်မှာ ကပိုကယို ဖြစ်နေသည်။ (ရုံးဆင်းချိန်မို့လို့လည်း ဖြစ်နိုင်၏။) သူမ ဝတ်ထားသော ဆွယ်တာ မှာဈေးကြီးသော်လည်း မကြာခဏ ရေလျှော်ပြီးသား ဖြစ်သည်။ ဖိနပ်အကောင်းစား အနက်ရောင်ဝတ်ထားပြီး ခြေထောက်များမှာ အငြိမ်မနေဘဲ လှူပ်ရှားနေသည်။ ပိုက်ဆံအိတ်တစ်လုံး အပြင် ကွန်ပျူတာ အိတ်လိုမျိုး အိတ်တစ်လုံး နှင့် ဖိုင်တွဲ တွေလည်းပါသေးတော့ အလုပ်ရှိသူ ဖြစ်ရမည်ဟု ခန့်မှန်းကြည့်ရသည်။ အမျိုးသမီး မှာမိတ်ကပ်တွေ နဲ့ ပြင်ဆင်ထားခြင်း မရှိသော်လည်း မျက်လုံးမှာ စူးရှပြီး တည်ငြိမ်သော အလှတစ်မျိုး ကိုပိုင်ဆိုင် ထားသည်။

ဆရာဝန်က အချိန်မဆိုင်းဘဲ ဘာကြောင့် လာပြပါသလဲဟု မေးလိုက်သည်။

သူမ က 'ကျွန်မ စိတ်လှုပ်ရှားနေတယ် ဒေါက်တာ' အင် ... းထင်တဲ့အတိုင်းပါပဲ။ စောစော အလုပ်ပြီးတော့မှာ မဟုတ်ဘူး၊

'ကဲပြောပါလေ၊ စိတ်လှုပ်ရှား တယ်ဆိုတာ လူတွေအများကြီး ကြုံရတတ်ပါတယ်၊ ကူညီပေးလို့ရတဲ့ နည်းလမ်းတွေလည်းရှိပါတယ်။ အရင်ကရော ဒါမျိုးဖြစ်ဖူးသလား၊ ဘာကြာင့် ဒီနေ့ လာပြရတာလဲ။' (သောကြာနေ့ ရုံးဆင်းခါနီးမှာမှ ရွေးလာရသလားကွယ်။)

'စိတ်လှုပ်ရှားတယ် ဆိုတာ သူများတွေထက်တော့ ထူးပြီးမဖြစ်ပါဘူး ဒေါက်တာ၊ ဒါပေမယ့် အခုဟာကလေ သူများတွေထက် ထူးနေတယ်၊ ကျွန်မ မျက်စိထောင့်ထဲမှာ၊ တခါတလေ ကြောင်တွေကို မြင်နေရတယ် ဒေါက်တာ၊ ကြောင်အများကြီး လည်မဟုတ်ဘူး၊ တခါတလေ ကြောင်တစ်ကောင်လောက် ဖြတ်ပြေးသွားတာမျိုး၊ ဒါပေမယ့် တခါတလေ ကျတော့မရှိဘူး၊ အမြဲဖြစ်တာတော့လည်း မဟုတ်ဘူး၊ စဖြစ်တာ တစ်လ၊နှစ်လ ထက်မပိုသေးဘူး တစ်ပတ်တခါလောက် ဖြစ်မယ်ထင်တယ်၊ စက္ကန့်ပိုင်းလောက်ဘဲ ကြာတယ်။'

'မြတ်စွာဘုရား ' ဆရာဝန်စိတ်ဝင်စားသွားသည်။ သူတွေးထင်ထားတာတွေ တစ်ခုမှမဟုတ်။ ဒီမိန်းမက စိတ်ဓာတ်ကျတာတို့၊ အလုပ်အဆင်မပြေတာ၊ အိမ်ထောင်ရေး အဆင်မပြေတာတွေနဲ့ လာတာမျိုး ဖြစ်လိမ့်မယ် လို့ထင်ထားတာတွေ မဟုတ်တော့ ။ အသံတွေကြားနေရတာမျိုးလည်း မဟုတ်။ မှားယွင်းတဲ့ တွေးခေါ်မှူတွေလည်း မတွေ့ရ။ သူအံတိုနေပြီ ဆိုပေမယ့် ကြောင်တွေကို မြင်နေသောလူနာ တစ်ခါမှ မတွေ့ ဖူးပါ၊ ကြောင်ကြောက်သောလူနာပဲ တွေ့ဖူးသည်။ ဒီမိန်းမ စိတ်ဖိစီးမှုတွေ များနေတာများလား ဆိုပြီး ဆရာဝန် သည် မေးခွန်း တွေအများကြီး ထုတ်မိလေတော့သည်။ အလုပ်ကို စိတ်ဝင်စားသွားတော့လည်း သောကြာနေ့ ဆိုတာကိုမေ့သွားပြီ။ သောကြာနေ့ မို့ အူမြူးနေကြသော အပြင်ဖက်က ဝန်ထမ်းတွေရဲ့ ခိုးခိုးခစ်ခစ် ရယ်နေသံတွေကိုတောင် သတိမထားနိုင်တော့။

'ကျွန်မ ငယ်ငယ်က ကြောင်တွေ အများကြီးနဲ့ ကြီးခဲ့တာပါ ဒေါက်တာ။ ဘယ်နေရာမဆို သူတို့ချည်းပဲ သူတို့နဲ့စား၊ သူတို့နဲ့နေ၊ သူတို့နဲ့အိပ်ပေါ့နော်၊ ကြောင်တွေမှ အရောင်စုံ၊ အရွယ်စုံပဲ ဒေါက်တာရဲ့၊ အနက်၊ အညို၊ အဖြူ၊ အဝါ၊ အကျား၊အကွက် စုံလို့စုံလို့။ သူတို့ကိုကျွေးရတာတင် အတော်ကုန်တယ်။ (သူမရဲ့ မျက်နှာတွင် အပြုံးရိပ်ထင်သန်း လာသည်။ တခြားတစ်နေရာကို ရောက်နေသလိုမျိုး။) သူတို့ဟာ ကျွန်မ ရဲ့ ကစားဖော်တွေပေါ့။ သူတို့က ဖြူစင်တယ် ၊ဟန်မဆောင်တတ်ဖူးလေ။ '

'ဒီလိုပျော်ပျော်ရွှင်ရွှင် နေလာရင်းနဲ့ တစ်နေ့ကျတော့ ကျွန်မတို့ တိုက်ခန်းတစ်ခု ကို ပြောင်းရပါရော။ ကြောင်တွေကို ခြံထဲမှာထားသလို ဆက်မထားနိုင်တော့ ပေးပစ်ရတယ်။ (သူမအသံ တိမ်ဝင်သွားသည်။) ကျွန်မ ကြောင်ကလေးတွေကို ဂုံနီအိတ်ထဲ ထည့်ခေါ်သွားတာကို ဘာမှမတတ်နိုင်ဘဲ ကြည့်နေခဲ့ရတယ်၊ ကျွန်မကလေးဘဝမှာ စိတ်အထိခိုက်ရဆုံး အဖြစ်အပျက် တစ်ခုပါပဲ။ ကြောင်လေးတွေရဲ့ အသံ ရပ်သွားတယ်။ ကြောင်လေးတွေ ဘဝထဲက ပျောက်ကွယ်သွားတယ်လေ။ ပျော်ရွှင်မှု တစ်ပိုင်းတစ်စလည်း ပျောက်ဆုံးသွားတယ်။ ဘယ်သူကမှ ကျွန်မ ဘယ်လို ခံစားရမလဲ ဆိုတာ ထည့်မတွက်ကြဖူးလေ။ '

ဒီ့နောက်ပိုင်း ကျွန်မလည်း ကျောင်းစာတွေ၊ အလုပ်တွေ၊ တာဝန်တွေနဲ့ ဘဝကို ဆက် ဖြတ်သန်းရတာပေါ့နော်။ ကြောင်တွေလည်း မမွေးဖြစ်တော့ဘူး၊ တကယ်တော့ လူတွေက မသိကြလို့ပါ။ ကြောင်ဆိုတာ ကံတရားက စီမံပေးတဲ့ အကောင်းဆုံး လက်ဆောင်တွေပါ။

'ဘာပြောတယ် ဒေါက်တာ။ သားသမီးတွေ ဟုတ်လား။ သားသမီး ဆိုတာက လိုရင်တစ်မျိုး၊ မလိုရင်တစ်မျိုး၊ အချိန်တန်ရင် ဒုက္ခ ပေးကြရော၊ သောကတွေ ပေးကြရော၊ ပြဿနာတွေ အိမ်ပေါ်ခေါ်တင်လာကြရော၊ နောက်ပြီး သူတို့က ဈေးကြီးတယ်လေ။ ကြောင်ကတော့ ဆိုင်မှာ ပိုက်ဆံနည်းနည်း သွားပေးပြီး ဝယ်ထားလိုက်ပါ။ စိတ်ချမ်းသာမှုရပါလိမ့်မယ်။ '

ကျွန်မ ကြောင်ထပ်မွေးချင်ပေမယ့် အခုအချိန် မှာ အရင်ကလို ငယ်ရွယ်တုန်းကလို ခံစားမှုမျိုးမရှိတော့ဘူး ဒေါက်တာ၊ ယောကျ်ား လုပ်သူကိုလည်း ငဲ့ညှာရသေးတယ်လေ။ နောက်ပြီး ကိုယ်တိုင်က မရှိမဖြစ်နေရာ ရောက်နေချိန်မှာ ကြောင်ကို အချိန်မပေးနိုင်တော့ဘူး၊ သူများကြောင်တွေကိုတော့ ချစ်ပါတယ်။ အခုဟာက ကြောင်တွေကို မျက်စိထဲမှာ စက္ကန့်ပိုင်းလောက် တွေ့လိုက်ရလို့ ဘရိန်းကျူမာတွေ ဘာတွေဖြစ်နေမှာစိုးလို့ပါ။ တခြားဘာ ပြဿနာမှ မရှိပါဘူး။

ဆရာဝန်က ဆေးသောက်ဖို့ ဆေးပေးသော်လည်း သူမက လက်မခံပါ။ သေချာအောင် ဆိုပြီး သွေးလည်းမဖောက်ရတာ ကြာပြီမို့ သွေးဖောက်စစ်ခိုင်းသည်။ အိပ်ရေးဝဝအိပ်ဖို့၊ စိတ်ဖိစီးမခံဖို့တွေပြောတော့ သူမက အဲ့တာတော့ ကတိမပေးနိုင်ဘူး ဟုပြုံးပြီးပြောသည်။ အခြေအနေပိုဆိုးလာရင် ချက်ချင်း ပြန်လာဖို့ မှာရသည်။

အဲ့ဒီနေ့ညက ဆရာဝန် အိပ်မပျော်ပါ။ လူးလွန့်လှုပ်ရှားရင်း နောက်ဆုံးအိပ်ပျော်သွားတော့ အိမ်မက်ထဲမှာ ကြောင်တွေနဲ့ တွေ့သည်။ အရောင်စုံ၊ အရွယ်စုံ ကြောင်တွေလေ။

နောက်တစ်နေ့ မနက် အိပ်ရာကထတော့ သိပ်ပြီး အိပ်ရေးမဝ တာမို့ ခေါင်းကမကြည်မလင်။ လက်ဖက်ရည် တစ်ခွက်ဖျော်ပြီး တီဗွီသတင်း ကြည့်ဖို့ လှည့်လိုက်မိစဉ် မျက်စိထောင့်မှာ ကြောင်တစ်ကောင် ဖျတ်ကနဲပေါ်လာတာ မြင်လိုက်ရလေ၏။ နံရံပေါ်က မှန်ချပ်ကို ကြည့်လိုက်တော့ လူနာအမျိုးသမီးရဲ့ ပုံရိပ်က ဝိုးတစ်ဝါးပေါ်လာသည်။

Nov 2nd 2019