Breaking News

ဖိုးသံ (လူထု) - အငြိမ့်

Credit - Pintrest.com


ဖိုးသံ (လူထု) - အငြိမ့်

(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၉

မနေ့တနေ့ကပဲ မန္တလေးသားငယ်သူချင်းတယောက်က အီးမေးလ်မှာဒီလိုရေးပို့လာတယ်-
It is a-nyeint season in Mandalay! တဲ့။ မန္တလေးမှာအငြိမ့်ရာသီရောက်ပြီေပါ့။
မင်သက်သလိုဖြစ်သွားတယ်။ ကြည်နူးတာလား၊ လွမ်းဆွတ်တာလား၊ ကွန်ပျူတာရှေ့မှာကိုယ့် တယောက်တည်း ငေးငေးငိုင်ငိုင်ဖြစ်နေတယ်။
လွန်ခဲ့တဲ့အနှစ်ငါးဆယ်လောက်က မန္တလေးကိုပြန်ရောက်သွားတယ်။ မန္တလေးအငြိမ့်ရဲ့ရွှေခေတ် တခေတ်လို့ဆိုနိုင်တဲ့အချိန်ပေါ့။ သီတင်းကျွတ်တန်ဆောင်မုန်းကာလမှာ ညအချိန်မြို့ထဲကိုပတ်လိုက်ရင် တနေရာမဟုတ်တနေရာမှာ အငြိမ့်ပွဲနဲ့ကြုံရတဲ့ခေတ်ကာလပါ။ တလမ်းမဟုတ်တလမ်းမှာလည်း အငြိမ့် ဆိုင်းသံ၊ မင်းသမီးသီချင်းဆိုသံကိုကြားရတဲ့အချိန်ဖြစ်ပါတယ်။ မှတ်မှတ်ရရ တခါက ။
တိတိကျကျပြောရရင် ၁၉၆၃ခုနှစ် ဒီဇင်ဘာညတညမှာ။ ကျွန်တော်တက္ကသိုလ်က အထုတ်ခံရပြီး နောက် ညကျောင်းပြန်တက်ခွင့်ရချိန်မှာ။ အဲဒီတုန်းက ကျွန်တော့်မိဘများက ကျွန်တော့်ကိုစိတ်မချလို့ ကျောင်းသွားကျောင်းပြန်ကို ကားနဲ့ပို့ကြိုနေတဲ့အချိန်ဖြစ်ပါတယ်။ အဲဒီတညမှာ အိမ်ကကားလာကြိုတာ နောက်ကျလို့ကိုယ်တယောက်တည်း မိန်းဟောလ်ကြီးရှေ့ကလှေခါးထစ် တွေပေါ်မှာ ထိုင်ပြီးရှေ့တူရူက လာ ကြိုတဲ့ကား လာမယ့်လမ်းကြီးကိုမျှော်နေပါတယ်။ အဲဒီအချိန်မှာ ဟိုအဝေးဆီက အငြိမ့်တခုက ဆိုင်းသံ၊ သီချင်းသံနဲ့ လူရွှင်တော်တွေရဲ့အသံဟာ တကိုယ်တည်းထိုင်နေတဲ့လူဆီကို ဆောင်းလေနုနုနဲ့အတူ တငြိမ့်ငြိမ့်ပျံ့လွင့်လာပါတယ်။ မန္တလေးရဲ့ယဉ်ကျေးမှုနဲ့ မန္တလေးရဲ့အနုပညာကို တမြိန့်မြိန့်ခံစားရင်း ကြည်နူးတာလား၊ လွမ်းဆွတ်တာလား ဝေခွဲလို့မရတဲ့ အဲဒီတုန်းက တသသခံစားမှုကိုအခုအထိမမေ့၊ ပြန်စဉ်းစားလိုက်တိုင်း မနေ့တနေ့ကလိုပဲ ပြန်ခံစားနေရပါတယ်။ 

ည ရှစ်နာရီခွဲ၊ ကိုးနာရီလောက်မှာ စက်ဘီးကိုယ်စီစီးပြီး ဘယ်ထောင့်ကများအငြိမ့်က လော် စပီကာသံကြားရလိမ့်မလဲလို့ နားစွင့်ပြီးအငြိမ့်ရှာကြတဲ့ဝါသနာအိုးတွေ၊ လမ်းပေါ်မှာ (လှည်းနောက်က ရံတိုင်မှာ ဘယ်သူ့အငြိမ့်လို့ရေးထားတဲ့ ဘင်ကြီးချိတ်ထားတဲ့) အငြိမ့်လှည်းကြီးဖြတ်မောင်းသွားတာ တွေ့ရရင် ဘယ်မှာကမှာလဲဗျလို့ မီရာနဲ့အပြေးအလွှားလိုက်မေးကြတာ၊ လက်ဖက်ရည်ဆိုင်လို၊ အိမ်ထမင်း ဝိုင်းလိုနေရာတွေမှာလူစုံရင် ဒီနေ့ညဘယ်မှာ ဘယ်သူ့အငြိမ့်ရှိတယ်ဟေ့လို့ တခုတ်တရ ပြောဆို သတင်းပေးကြတာ၊ ဒီနှစ်ဘယ်ဘုရားပွဲမှာ ဘယ်သူ့အငြိမ့်ပါမလဲလို့ အပင်ပန်းခံ စူစမ်း၊ သတင်းဖြန့်ကြ ရတာ၊ သံလမ်း (အေလမ်း)ပေါ်က ဒေါ်အောင်မြသင်းတို့ရဲ့ အိမ်နဲ့အငြိမ့်ဆိုင်းဘုတ်ကြီး၊ ၈၁လမ်း ဦးတာရဲ စျေးရှေ့၊ ချမ်းမြသာစည်မီးရထားလမ်းနဲ့ကားလမ်းဖြတ်တဲ့နေရာရဲ့အနောက်ဘက်၊ မျက်ပါးရပ်စတဲ့ နေရာတွေမှာ ဖြတ်သွားရင် အထဲမှာဘယ်မင်းသမီးကိုများမြင်ရပါ့မလဲလို့ လည်ပင်းကိုးတောင် ဆန့်ပြီးကြည့်ရတာ၊ ဒါမျိုးတွေကို ကျွန်တော်တို့ခေတ်မန္တလေးမှာပဲ တွေ့ရတယ်လို့ထင်ပါတယ်။ 

တခါ တလေများ မန္တလေးမြို့အပြင် ရွှေဘို၊ မြင်းခြံ၊ မုံရွာ၊ စစ်ကိုင်း၊ ကျောက်ဆည်၊ မိတ္ထိလာ စတာတွေကို သွားရင် အငြိမ့်ကားကြီးကကိုယ့်ကိုကျော်တက်သွားတဲ့အခါ၊ ဒါမှမဟုတ်ကိုယ်ကလိုက်မှီတာမျိုးကြုံရရင် အမလေး ဆွေမျိုးတွေ့သလိုပ- ဝမ်းသာတာ၊ ဒါပေမဲ့ တကယ်က အဲဒီကားကြီးပေါ်မှာ ကိုယ်နဲ့သိတဲ့လူ တယောက်မှ ပါတာမဟုတ်ဘူး။
ဒါတွေဟာ ကျွန်တော်ဖြတ်သန်းရတဲ့ မန္တလေးအငြိမ့်-ရွှေခေတ်ရဲ့ တစေ့တစောင်းမြင်ကွင်းတွေလို့ ဆိုရင်ရပါလိမ့်မယ်။ အငြိမ့်အကြောင်းလည်း ဘာမှ နားလည်တာမဟုတ်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် မန္တလေး သားကြီးလုပ်ပြီး ရန်ကုန်အငြိမ့်ကဘယ်လိုဖြစ်တယ်၊ ရန်ကုန်ကအငြိမ့်မင်းသမီးတွေ ကတာက ဘယ့်နှယ် ညာ့နှယ်ပြောခဲ့တာတွေဟာလည်း အခုပြန်စဉ်းစားကြည့်ရင် ရယ်စရာ၊ ရှက်စရာလိုဖြစ်နေပါတယ်။ အဲဒီတုန်းကတော့ နယ်ပွဲတွေမှာလည်း ဒီနှစ်တို့ဘုရားပွဲမှာ မန္တလေးအငြိမ့်ပါတယ် ဆိုတာကဂုဏ်တခုဖြစ်နေတဲ့ ခေတ်မဟုတ်လား။ ။
တကယ်တော့ကျွန်တော်ဟာ အငြိမ့်ကိုအနုပညာတရပ်အနေနဲ့ရော၊ အစဉ်အလာယဉ်ကျေးမှုအနေ နဲ့ အင်မတန်လေးစားတန်ဖိုးထားပေမယ့် အငြိမ့်ပွဲတွေကို တကောက်ကောက်လိုက်ကြည့်နေနိုင်ခဲ့တာ မဟုတ်ခဲ့ပါဘူး။ အငြိမ့်မင်းသမီးကိုစွဲလန်းပြီး နောက်ကလိုက်တဲ့အရွယ်မရောက်ခင်မှာပဲ ထောင်ထဲ- ကျွန်းပေါ်ကိုရောက်သွားပြီး၊ ထွက်လာတော့လည်း မင်းသမီးတွေရဲ့နာမည်ကိုမှ ကောင်းကောင်းမကျက် မိခင် တောထဲတောင်ထဲရောက်သွားခဲ့ပါတယ်။ ကံကောင်းချင်တော့ ကျွန်တော့်ကြီးတော်နဂါးဒေါ်ဦးဟာ မကြာမကြာအကြောင်းရှာပြီး အငြိမ့်တွေငှား ကစေတတ်သလို လူထုသတင်းစာတိုက်မှာလည်း စာဆို တော်နေ့မို့ရောက်ရင် အငြိမ့်ညွှန့်ပေါင်း နဲ့ လူရွှင်တော်ပေါင်းစုံကိုကြည့်ရတာမို့ အတော်ကိုမျက်စိယဉ်၊ နားယဉ်နေတဲ့အပြင် တစုံတရာလည်း ခံစားတတ်တယ်လို့ ကိုယ့်ကိုယ်ကိုထင်မိပါတယ်။
ကျွန်တော်တို့ခေတ်က မန္တလေးအငြိမ့်ရဲ့ထူးခြားချက်တခုက ဇာတ်ခုံပေါ်ကလူတွေနဲ့ ဇာတ်ခုံ အောက်ကလူတွေ(ပရိသတ်) တို့ရဲ့ဆက်ဆံရေးပါ။ ဇာတ်ခုံပေါ်လူရွှင်တော်၊ မင်းသမီးတွေကပရိသတ်ကို လှမ်းပြောတာ၊ အောက်ကပြန်ပြောတာတို့ဟာ အင်မတန်ပျော်ရွှင်ကြည်နူးစရာဖြစ်ပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားခေတ်တုန်းက အဆောင်ဒင်နာတွေမှာ အငြိမ့်မပါလို့မဖြစ်၊ ပါကြရပါတယ်။ အဲဒီ လိုပွဲတွေမှာ လူရွှင်တော်ကမင်းသမီးကို “ဟဲ့ကောင်မလေး၊ နင့်ရည်းစားကတက္ကသိုလ်ကျောင်းသားဆို၊ ဟုတ်လား”လို့များ မေးလိုက်ရင် မင်းသမီးကလည်း အော်တိုမက်တစ်ပဲ၊ “ဟုတ်တာပေါ့ရှင့်”လို့ဖြေ လိုက်တော့ ပရိသတ်ထဲမှာ ဝေါကနဲစီစီညံသွားပါတော့တယ်။
တခါက၊ ဘာအထိမ်းအမှတ်လည်းတော့ ကျွန်တော်မမှတ်မိတော့ပါဘူး။ မိန်းဟောလ်ကြီးရဲ့တောင် ဘက်က ယူတီစီ စစ်ရေးပြကွင်းထဲမှာအငြိမ့်ကပါတယ်။ ယုဝတီအငြိမ့်ပါ။ နောက်ဆုံးအဓိကမင်းသမီး ယု ၀တီရဲ့အလှည့်ကိုရောက်တဲ့အခါမှာ လူရွှင်တော်တယောက်ကနေ“အတုမမှီတဲ့ယုဝတီ၊ ဘယ်သူ့ဆီ ရောက်နေသလဲဟေ့”လို့ သူတို့ချင်းမေးသလိုလို၊ ပရိသတ်ကိုမေးသလိုလိုနဲ့ မက်ခွက်ကနေအော်လိုက် တော့ ကျွန်တော့်ဘေးနားမှာ စားပွဲကြီးတလုံးပေါ်မှာပူးကပ်၊ ရပ်ကြည့်နေကြတဲ့တက္ကသိုလ်ကျောင်းသား အုပ်- ၁၀ယောက်လောက်ရှိမယ်- က သူတို့ထဲကအသားဖြူဖြူ၊ ပိန်ပိန်ရှည်ရှည်ကျောင်းသားတယောက် ရဲ့လက်ကိုအတင်း ဆွဲမြှောက်ပြီး “ဒီမှာ-ဒီမှာ”လို့ အသံကုန်အော်ကြပါတယ်။ လက်ဆွဲမြှောက်ခံရတဲ့ ကျွန်တော့်သူငယ်ချင်းကြီး ရွှေဘိုသားသန်းထွန်းကြီးကတော့ မျက်နှာကြီးပြုံးဖြီးဖြီးနဲ့ ညိုမြလုပ်နေ ပါတယ်။
မန္တလေးအငြိမ့်အကြောင်းတွေရေးမိေတာ့ အမေရဲ့အငြိမ့်စာအုပ်ကြီးဖြစ်ေပါ်ရေးအတွက် ကိုယ့်ကျ ရာအခန်းကပါဝင်ခဲ့တာကိုလည်းသတိရမိပြန်ပါတယ်။ ကြည်နူးစရာ၊ တသစဖွယ်တွေတွေးမိနေတုန်းမှာ ဗြုန်းခနဲ တလောလေးဆီကဖတ်လိုက်တဲ့ ဆောင်းပါးတပုဒ်ထဲကစာသားတွေ ခေါင်းထဲကိုဖျတ်ခနဲ ဝင် လာတယ်။ အရင်က အဖွဲ့ပေါင်း ၃၀ကျော်ရှိတဲ့မန္တလေးအငြိမ့်အဖွဲ့အရေအတွက်ဟာ အခုအခါမှာသုံးဖွဲ့ပဲ ရှိတော့တယ်တဲ့။
စျေးချိုတော်ကြီးကိုဖျက်ပစ်ကြတယ်ဆိုတဲ့သတင်းကို ကြားတုန်းကလိုပဲ ရင်ထဲမှာနင့်ခနဲဖြစ်သွား တာပေါ့။