Breaking News

ဗစ်တိုးရီးယားဖခင်ပြောပြသည့် ခက်ခဲလှသော ၆ လတာ


ဗစ်တိုးရီးယားဖခင်ပြောပြသည့် ခက်ခဲလှသော ၆ လတာ

လူမမယ် သမီးငယ် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုအတွက် တရားမျှတမှုကို ရှာဖွေနေသည့် ဗစ်တိုးရီးယား၏ ဖခင်သည် ခြောက်လတာအတွင်း သူကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများကို ရင်ဖွင့်ခဲ့သည်။

ထွန်းခိုင် Myanmar NOW

(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၉




ဗစ်တိုးရီးယားအမှုသည် အမှန်တကယ်မဖြစ်ခဲ့ဘဲ လုပ်ကြံဖန်တီးခဲ့သည့် ဇာတ်လမ်းတစ်ခုဟု Facebook မှတစ်ဆင့် လနှင့်ချီ ကြာမြင့်သည့် ဝေဖန်တိုက်ခိုက်မှုများသည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်က အဆုံးသတ်သွားခဲ့ရသည်။

ထိုနေ့က နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံး တရားခွင်တွင် နေပြည်တော် ခုတင် ၁၀၀၀ မှ မှုခင်းဆရာဝန်ကြီး ဒေါက်တာတင်မိုးမိုးခိုင်က “ဗစ်တိုးရီးယား၏မိန်းမကိုယ်တွင် သုက်ပိုးတွေ့ကြောင်း” ထွက်ဆိုခဲ့သည်။

ယင်းနေ့မတိုင်မီ ကာလများတွင် မိဘများ၏ချဲ့ကားပြောဆိုထားသော ဇာတ်လမ်းတစ်ပုဒ်အဖြစ် ထိုးနှက်ခံခဲ့ရသည့်အတွက် ကာလရှည်စိတ်ပင်ပန်းမှုဒဏ်ကို ခံခဲ့ရကြောင်း ဗစ်တိုးရီးယား၏ဖခင်က ပြောသည်။
“ဘယ်သူမှ မဖြစ်ချင်ဆုံးအရာကို ကျူးလွန်ခံရသေးတယ်။ ကျူးလွန်ခံရတဲ့အပြင် လူ့အဖွဲ့အစည်းတစ်ခုကနေ စာနာနားလည်မှု မရှိဘဲ ကိုယ့်သားသမီးကို လိမ်ညာထွက်ဆိုတဲ့ပုံ၊ ပုံသွင်းခံရတယ်” ဟု ဗစ်တိုးရီးယား၏ ဖခင်က သူကြုံနေရသည့် အဖြစ်အပျက်များထဲမှ တစ်ခုကို ရှင်းပြသည်။

နေပြည်တော် သပြေကုန်း Wisdom Hill မှ အသက် သုံးနှစ်ပင် မပြည့်သေးသည့် သူ၏သမီးငယ် မေလအတွင်းက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံခဲ့ရပြီးနောက် ဗစ်တိုးရီးယား၏ ဖခင်သည် သမီးအတွက် တရားမျှတမှုကို ရှာဖွေရန်အတွက် ဆုံးဖြတ်ခဲ့သည်။

ခြောက်လကျော် ကြာမြင့်ခဲ့ပြီဖြစ်သည့် သူ၏ တရားမျှတမှုရှာဖွေရေးခရီးစဉ်က မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို သူမသိနိုင်သော်လည်း သူတို့မိသားစု ကျော်ဖြတ်နေရသည့် လတ်တလောအချိန်မှာကား ဝဋ်ဒုက္ခတစ်ခုလို ဆင်းရဲပင်ပန်းလှသည်ဟု ဗစ်တိုးရီးယား၏ဖခင်က ရင်ဖွင့်ခဲ့သည်။

အဖြစ်ဆိုးကြုံခဲ့ရပြီးနောက် မိဘနှစ်ပါးက အလုပ်မသွားတော့ဘဲ သမီးဖြစ်သူကို ပိုမိုအချိန်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ အစိုးရဝန်ထမ်း မိဘနှစ်ယောက်လုံးက လစာမဲ့ခွင့်ယူရန် ဆုံးဖြတ်ခဲ့ကြပြီးနောက် သူတို့မိသားစုဝင်ငွေ မရှိသလောက် ဖြစ်သွားခဲ့ရသည်။

အိမ်မက်ဆိုးက သူတို့မိသားစု တစ်ခုထဲကို ခြောက်လှန့်နေခြင်းမဟုတ်ဘဲ သူတို့ကို ကူညီသူများဆီကိုပါ ကူးဆက်သွားခဲ့သည် ဟု ၎င်းက ဆိုသည်။ အထူးသဖြင့် သူတို့မိသားစုကို အနီးကပ်အကူအညီပေးနေသည့် ‘သက္ကမိုးညို’ အမည်ဖြင့် Facebook သုံးစွဲနေသူ ဒေါက်တာဝင်းကိုကိုသိန်း နှင့် အခမဲ့ ရှေ့နေလိုက်ပေး`နေသည့် ဒေါ်ရွက်နုအောင်တို့ထံ ဖိအားအများအပြား ကျရောက်ခဲ့ရသည်ဟုလည်း ဗစ်တိုးရီးယားဖခင်က ဆိုသည်။

သက္ကမိုးညိုသည် ဗစ်တိုးရီးယားအမှုတွင် ပြောရေးဆိုခွင့်ရှိသူတစ်ယောက်လို ဖြစ်နေခဲ့ပြီး မိသားစုကိုယ်စား သတင်းဌာနများနှင့် ဆက်သွယ်ပြောဆိုရာတွင် အဓိကကျသည့်သူ ဖြစ်သည်။ အလားတူ ရှေ့နေဒေါ်ရွက်နုအောင်သည်လည်း တရားခွင်အတွင်း မေးမြန်းမှုများ၊ တရားခွင်စစ်ဆေးမှုများကို သတင်းဌာနများကို ပြန်လည်ဖြေကြားနေသူ ဖြစ်သည်။

ဗစ်တိုးရီးယား၏ မိသားစုများက လူမြင်ကွင်းကို ထွက်မလာဘဲ သက္ကမိုးညို နှင့် ဒေါ်ရွက်နုအောင်တို့ကိုသာ မြင်တွေ့နေရသောကြောင့် ၎င်းတို့နှစ်ဦးက မိသားစုကို ချုပ်ကိုင်နေသည်ဆိုသည့် စွပ်စွဲချက်များဖြင့် ထိုးနှက် တိုက်ခိုက်ခံနေရသည့်အတွက် စိတ်မကောင်းဖြစ်ခဲ့ရသည်ဟု ဗစ်တိုးရီးယား၏ဖခင်က ဆိုသည်။

ထိုသူများမှာ မိသားစုပြောဆိုလိုသည့် အကြောင်းအရာများကို တစ်ဆင့်ခံ ပြောပေးသူများသာဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ကိုယ်ပိုင်ခံစားချက်များ၊ ရင်ဆိုင်နေရသည့် အကျပ်အတည်းများကို တိုက်ရိုက်လူလုံးထွက်ပြကာ ပြောဆိုရန်ဆိုသည်က သူတို့အတွက် မဖြစ်နိုင်သည့်အခြေအနေဟု ကလေးငယ်၏ဖခင်က ဆိုသည်။ ‘ဗစ်တိုးရီးယား’ ဟု အမည်လွှဲ ပေးထားသည့် သုံးနှစ်သာသာ ကလေးငယ် မည်သူဆိုသည်ကို လူအများသိသွားပါက သူ၏သမီး ရှင်သန်နေထိုင်ရမည့် ဘဝတစ်လျှောက်အတွက် စိုးရိမ်စရာဟု သူက ယူဆနေသည်။

”ကျွန်တော့သမီးလေးအပေါ်ကို တောက်လျှောက်ကြီး အရိပ်မဲကြီး ထိုးနေမှာကို ကျွန်တော် မလိုလားဘူး” ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် သူတို့မိသားစုကို ကူညီနေသည့် သက္ကမိုးညို နှင့် ဒေါ်ရွက်နုအောင် နှစ်ယောက်လုံးအား Wisdom Hill ကျောင်းကြီးကြပ်ရေးမှုး ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁-က (၂)ဖြင့် အမှုဖွင့်ထားသည်။ သည့်အပြင် ဗစ်တိုးရီးယား၏ အဖေ၊ ဦးလေး၊ အဒေါ်တို့သည်လည်း အလားတူ အမှုဖွင့်ခံထားရသည်။

ကလေးငယ်၏ တရားမျှတမှုကို ရှာဖွေနေသည့် ဖခင်သည် လာမည့်ရက်ပိုင်းအတွင်းတွင် သူ့အပေါ်စွပ်စွဲထားသည့် အမှုအတွက် ရဲစခန်းတွင် သွားရောက်စစ်ဆေးခံရမည်ဖြစ်သည်။

Victoria_infograph.Jpg


လူရှေ့ထွက်မပြဘဲ သိုသိုသိပ်သိပ်နေရန် ကြိုးစားခဲ့သော်လည်း သူတို့မိသားစုကို တုန်လှုပ်စေခဲ့သည့် အဖြစ်အပျက်တစ်ခု ကြုံခဲ့ရသေးသည်။ ဗစ်တိုးရီးယားအဖေက မူကြိုကျောင်းအဝင်အဝကို မှတ်တမ်းတင်ထားသည့် CCTV ရုပ်သံဖိုင်အား သူ၏သမီးကို ပြသပြီး ထိုနေ့က ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ချော့မော့မေးမြန်းကာ ဖုန်းနှင့် ရုပ်သံ ရိုက်ကူးထားခဲ့သည်။ ထိုရုပ်သံဖိုင်ကို အမှုအတွက် အထောက်အကူဖြစ်စေရန် ရဲတပ်ဖွဲ့ထံသို့လည်း ပေးအပ်ခဲ့သည်ဟု ဗစ်တိုးရီးယား၏ဖခင်က ဆိုသည်။
“သက်မဲ့သက်သေတွေက လိမ်လို့မရဘူးလေ”

ရက်အနည်းငယ်အတွင်း ဗစ်တိုးရီးယား၏ အသံနှင့် အဆိုပါရုပ်သံတစ်ပိုင်းတစ်စသည် လက်သည်မပေါ်ဘဲ Facebook ပေါ် ရောက်သွားခဲ့သည့်အတွက် တုန်လှုပ်ခြောက်ခြားရသည်ဟု ၎င်းက ဆိုသည်။

“ကိုယ့်သမီးအသံကို အွန်လိုင်းမီဒီယာမှာ ကြားရတာကိုက ရင်ထဲမကောင်းဘူး” ဟု ၎င်းက ဆိုသည်။

ပြင်ပဖိအားများအပြင် မိသားစုတွင်း ဖိအားများကိုလည်း ရုန်းကန်ရင်ဆိုင်နေရသည်ဟုလည်း ဗစ်တိုးရီးယား၏ဖခင်က ဆိုသည်။ ဗစ်တိုးရီးယားက ကျောင်းတတ်ရန် ပူဆာလာပါက နှစ်သိမ့်ပေးရချိန်က မိဘများအတွက် ခက်ခဲလွန်းလှသည်ဟု သူက ဆိုသည်။

“အခုအဆိုရင် သမီးက ကျောင်းတတ်ချင်တယ်။ ကျောင်းသွားမယ်ပြောတယ်။ ဒါပေမဲ့ ကျွန်တော် ကျောင်းကို ပြန်မထားရဲတော့ဘူး” ဟု ဗစ်တိုးရီးယား၏ဖခင်က ဆိုသည်။

စိန်ခေါ်မှုများ အခက်အခဲများရှိနေသော်လည်း သူတို့မိသားစုက တရားမျှတမှု ရှာဖွေရန်အတွက် နောက်ဆုတ်မည်မဟုတ်ဟုလည်း သူက ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဗစ်တိုးရီးယား၏ဖခင်ကတော့ ပျောက်ဆုံးနေသည့် CCTV မှတ်တမ်းများ ပြန်ရှာနိုင်ရေးအတွက် သူ၏ဘက်က ကြိုးစားအားထုတ်မှုတစ်ခု လုပ်ခဲ့သည်။

ဗစ်တိုးရီးယားအမှုတွင် ရဲတပ်ဖွဲ့နှင့် ကျောင်းဖက်မှ တရားရုံးသို့ သက်သေခံတင်သွင်းထားသည့် အခင်းဖြစ်ပွားသော မေလ ၁၆ ရက်နံနက် ၈ နာရီ မှ ညနေ ၅ နာရီအထိ CCTV ရုပ်သံမှတ်တမ်းများတွင် ၁၁ မိနစ်၊ ၈ မိနစ် နှင့် ၅ မိနစ်စာ အပိုင်းသုံးပိုင်း ပြတ်တောက်နေသည်ဟု ဗစ်တိုးရီးယား၏ဖခင်က ဆိုသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏခရိုင်ဥပဒေရုံးသို့ သွားရောက်ခဲ့ပြီး ရုပ်သံမှတ်တမ်းဖိုင်များကို အမြန်ဆုံး စစ်ဆေးပေးရန်အတွက် လျှောက်လွှာတင် တောင်းဆိုခဲ့သည်။ ပျောက်ဆုံးနေသည့် CCTV မှတ်တမ်းများတွင် အမှုအတွက် လမ်းစ တစ်ခုတစ်လေ ရှိကောင်းရှိမည်ဟု သူက ယူဆနေသည်။

“ဒီကလေးလေးအပေါ် ဘယ်သူတွေ လိမ်နေလဲဆိုတာ တနေ့နေ့တော့ ပေါ်မှာဘဲ” ဟု လနှင့်ချီကြာ စောင့်ဆိုင်းနေသည့် သူ၏မျှော်လင့်ချက်ကို ဗစ်တိုးရီးယား၏ဖခင်က ပြောသည်။