Breaking News

ဇင်လင်း - တရုတ်စစ်လက်နက်များ မှောင်ခိုဈေးကွက်လမ်းကြောင်းများ နှင့် မြန်မာ့ငြိမ်းချမ်းရေး ပြဿနာ


ဇင်လင်း - တရုတ်စစ်လက်နက်များ မှောင်ခိုဈေးကွက်လမ်းကြောင်းများ နှင့် မြန်မာ့ငြိမ်းချမ်းရေး ပြဿနာ

(မိုးမခ) နိိိိိဝင်ဘာ ၃၀၊ ၂၀၁၉

မြန်မာနိုင်ငံ၏ မျက်မှောက် နိုင်ငံရေး ဖြစ်စဉ္ပ်က္စဉ်များသည် ‘ပြည်ထဲအရေး ပေါက်နှင့်ကျေး’ ဆိုသည့် အခြေအနေ ဘောင်ထဲမှ မလွတ်မြောက်နိုင်ပဲ ရှိနေသည်။ ဥပမာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် ဖြစ်တော့မယောင်နှင့် ပျက်သည်က များနေသည်။ ပျက်နေရာမှ ပြန်လည် ဖြစ်တည်ဖို့ အစပျိုး ဆွေးနွေးညှိနှိုင်းကြရသည်မှာ အကြိမ်ကြိမ်အခါအခါ ဖြစ်နေ၍ ဖြစ်ပျက် သံသရာ လည်နေဖန်များပေပြီ။ အထူးသဖြင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုး ရေးကိစ္စဆိုလျှင် နေ့ရွှေ့ညရွှေ့နှင့် ယခုဆိုလျှင် လေးနှစ်ကျော်လာပြီဖြစ်သည်။

 ၂၀၁၅ အောက်တိုဘာ ၁၅ ၌ NCA စာချုပ် ဖြစ်စဉ် နိဒါန်းပျိုးစဉ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ရှိသည့် အနက် ၈ ဖွဲ့က စတင် လက်မှတ် ရေးထိုးခဲ့သည်။ မူလက စာချုပ်မူကြမ်းပေါ်ပေါက်လာစေရန် ဆွေးနွေးညှိနှိုင်းကြစဉ် မျက်နှာစုံညီ ပါဝင်ခဲ့ကြသည်။ သို့သော် အောက်တိုဘာ ၁၅ တွင် လက်မှတ်ရေးထိုးကြရန် စီစဉ်ချိန်တွင် အဖွဲ့အားလုံး မပါခဲ့ဘဲ ၈ ဖွဲ့သာ လက်မှတ်ထိုးခဲ့သည်။ အကြောင်းခံ မှာ ‘အားလုံး ပါဝင်လက်မှတ်ရေးထိုးခွင့်ပြုရေး’ ဆိုသည့် မူ (Standard Principle) အပေါ် တပ်မတော် နှင့် သဘောကွဲလွဲကြ၍ ဖြစ်သည်။ ‘ဝ’ အဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့(SSPP)၊ ကချင်အဖွဲ့ (KIA) တို့ အပါအဝင် EAOs များ NCA စာချုပ်တွင် ပါဝင်လက်မှတ် ထိုးခြင်းမပြုဘဲ စောင့်ကြည့်ဦးမည်ဟုဆိုကာ နောက်ချန်နေခဲ့ကြ သည်။ စစ်အင်အား တောင့်တင်းသည့် အဖွဲ့များက NCA လက်မှတ်မထိုးသည့် အုပ်စု (NCA-NS-EAO) တွင် ကျန်ရစ်ခဲ့ သည်။ လက်ရှိ NLD အစိုးရ လက်ထက် ၂၀၁၈ ဖေဖေါ်ဝါရီ ၁၃ ရက် တွင် မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူ ဒီမို ကရက်တစ်အစည်းအရုံး (LDU) တို့ NCA စာချုပ်တွင် ပါဝင် လက်မှတ်ထိုးခဲ့သောကြောင့် NCA-S-EAO လက်မှတ်ထိုး အဖွဲ့ ၁၀ ဖွဲ့ဖြစ်လာခဲ့သည်။

ကနဦး NCA စာချုပ် လက်မှတ်ရေးထိုးပွဲသို့ ကချင်အဖွဲ့ KIA ကို ဖိတ်ကြားခဲ့သည်။ ရခိုင်အဖွဲ့(AA)၊ တအာန်းအဖွဲ့ (TNLA) နှင့် ကိုးကန့်အဖွဲ့(MNDAA) တို့ကို မဖိတ်ဘဲ ချန်ထားခဲ့သည်။ အဖွဲ့အားလုံးကို NCA စာချုပ်တွင် ပါဝင် လက်မှတ်ထိုးခွင့် မပြုခဲ့သဖြင့် KIA ကလည်း NCA စာချုပ်တွင် လက်မှတ် မထိုးဘဲ နေခဲ့သည်။ အကယ်၍ ထိုစဉ်က သဘောထားပျော့ပျောင်းစွာဖြင့် အားလုံးပါဝင် လက်မှတ်ထိုးခွင့် ပေးခဲ့မည်ဆိုလျှင် NCA လုပ်ငန်းစဉ် ၌ တစ်ဆို့မှုများ ပေါ်ပေါက်ခဲ့ဖွယ် မရှိချေ။ NCA တွင် အားလုံးပါဝင်ခွင့်ကို တပ်မတော်က ငြင်းပယ်ခဲ့သဖြင့် တစ်နိုင်ငံလုံး အပစ်ရပ်ရန် အခွင့်အရေး တစ်ရပ် ဆုံးရှုံးခဲရသည်။ အကျိုးဆက်မှာ ရခိုင်ပြည်နယ်တွင် စစ်ရေးပဋိပက္ခ အသစ် ထပ်မံ ပေါ်ပေါက်ခဲ့သည်။

မကြာသေးမီက အစိုးရ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA တို့အကြား မပြေလည်မှုများ ညှိနှိုင်း၍ အဆင်ပြေခဲ့ပြီဟု ဆွေးနွေးဘက်များက ပြောကြောင်း Network Media Group(NMG) သတင်းအရ သိရသည်။ NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် အခမ်း အနား တက်ရောက်ရန်လာသော RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ခရီးစဉ်ကို တပ်မတော်က တားမြစ်ခဲ့ရာမှ နှစ်ဘက် မပြေလည်မှုများ ဖြစ်ပေါ်ခဲ့သည်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် RCSS/SSA နှင့် NRPC တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ် သဘော တွေ့ဆုံ ဆွေး နွေးမှုအပြီး သတင်းထောက်များကို NRPC မှ ဦးဇော်ဌေး က “အားလုံးစိုးရိမ်နေသလိုမျိုး ကျနော်တို့အစိုးရနဲ့ RCSS အကြားမှာ အကြောင်းကြောင်းကြောင့် RCSS ဥက္ကဋ္ဌကြီး ခရီးစဉ် အဆင်မပြေဖြစ်ခဲ့သော်ငြားလည်း အခု ၂ ဖက်လုံးက ပွင့်ပွင့်လင်းလင်းဆွေးနွေးတယ်။ အရှိကိုအရှိ အတိုင်းဘဲ ပြောကြဆိုကြတဲ့အပေါ် နားလည်မှုလည်းပိုပြီးတော့ မြင့်တက် လာတယ်လို့တော့ မြင်တယ်။ နောင်မှာ ဒီဟာလိုမျိုးမဖြစ်အောင် နှစ်ဦးနှစ်ဖက် လုပ်ဆောင်သွားမယ့် အပေါ်မှာလည်း ကျနော်တို့သဘောထားတွေ ရပ်တည်ချက်တွေ တူပါတယ်။ တူတော့ လုံးဝကို အပြုသဘောဆောင်တဲ့ခရီးစဉ်ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

ယင်း အစည်းအဝေးတွင် JICM နှင့် PPST အစည်းအဝေးများ ပြန်လည်ကျင်းပနိုင်ရန် ကိစ္စရပ်များ၊ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နေပြည်တော် ခရီးစဉ်ပျက်ပြယ်ခဲ့သည့် ကိစ္စရပ်များ၊ ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စ ရပ်များနှင့် နိုင်ငံတကာတွင် အစိုးရ၏ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများကို ဆွေးနွေးးခဲ့ကြသည်ဟု RCSS က ပြောသည်။ RCSS/SSA အနေဖြင့် NCA လမ်းကြောင်းအတိုင်းသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ဗိုလ်မှူးကြီး စိုင်းငင်းက “ဒီ ကြားထဲမှာလည်း PPST ၁၀ ဖွဲ့အရင်ခေါ်မှာကိုး။ အခု PPST က အကြမ်းဖျဉ်းက ဒီဇင်ဘာလ ပထမပတ် လောက်မှာရှိတယ်။ အဲဒါပြီးရင် ခုနကပြောတဲ့ JICM (တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး) အစီအစဉ်လည်း ဆက်တိုက်လာဖို့ရှိတယ်။ ဒါပေမယ့် ဘာပဲပြောပြော PPST ရဲ့အဆုံးအဖြတ်က အတည်ပေါ့နော်။ အဲ့ဒီအပေါ်မှာကျနော်တို့ညှိနှိုင်းမယ် ဆွေးနွေးမယ်။” ဟု ပြောသည်။

ထို့နောက် JICM ကို ပြန်လည်စတင်ပြီး တစ်ဆို့နေမှုများကို အကြေအလည် ပြန်လည်ဆွေးနွေးကာ နှစ်ဖက် အဆိုပြု ချက်များကို ပြန်လည် ညှိနှိုင်းမှုများ လုပ်ဆောင်သွားမည်ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ဆိုသည်။

ဤအတောအတွင်း ကရင်အမျိုးအသားအစည်းအရုံး (KNU) ကလည်း တစ်နှစ်ကျော်ကြာ ရပ်တန့်ထားသည့် တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) မှတဆင့် ပြန်လည်စတင်နိုင်ရန် နီးစပ်ပြီဟု ပြောကြောင်း KIC သတင်း အရ သိရသည်။ ဖားအံခရိုင်၊ လေးဝါး (လော်ခီးလာ)တွင် နိုဝင်ဘာလ ၅ ရက်မှ ၂၂ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့သည့် ကေအဲန်ယူ၏ ၁၆ ကြိမ်မြောက် ကွန်ဂရက်အပြီး၊ တတိယအကြိမ် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေး (ဒုတိယပိုင်း) သတင်းထုတ်ပြန်ချက်ကို အခြေခံကာ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ပဒိုစောတာဒိုမူးက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အလွတ်သဘောတွေ့ဆုံမှု ကနေ ကြိုးစားပြီးတော့ အဆင့်လေးဆင့်ရှိတဲ့ လုပ်ငန်းစဉ်နဲ့ ဒီဖက်ဒရယ်ကို တည်ဆောက်ဖို့ ဆိုတဲ့ ပုံစံနဲ့ ကျနော်တို့ NCA (Framework Agreement for NCA implementation Proposal) ဆိုတဲ့ အစိုးရကို တောင်း ဆို ထားတာရှိတယ်။ အဲ့ဒါကို Informal (အလွတ်သဘော)လမ်းကြောင်းကနေ ညှိနှိုင်းနေတယ်။ ညှိနှိုင်းတော့ နောက်ဆုံး က အများကြီးနီးစပ်မှုရှိပြီးတော့ ဒီဟာကို အစိုးရဘက်ကလည်း ဆွေးနွေးဖို့ လက်ခံလိုက်တဲ့ သဘောအဆင့်မှာ ရှိနေတယ်။ အဲ့လိုဆွေးနွေးဖို့ လက်ခံလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့် ဒီ ဟာကို ပြန်စမယ် ဆိုရင်တော့ JICM အစည်းအဝေးကို ကျင်းပ ပြီးမှ JICM ဆုံးဖြတ်ချက်နဲ့ အစည်းအဝေးတွေ ပြန်စမဲ့ ပုံစံတော့ရှိပါတယ်” ဟု ပဒိုစောတာဒိုမူးက KIC သတင်းသို့ ပြော ကြားသည်။ သို့သော် အဆိုပါ JICM အစည်းအဝေးပွဲ ပြုလုပ်ရန်အတွက် လာမည့် ဒီဇင်ဘာလအတွင်း အစိုးရ၊ တပ်မတော် စသည်တို့နှင့် ထပ်မံ၍ အလွတ်သဘော တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ရန် ရှိသေးကြောင်းလည်း ပဒိုစောတာဒိုမူးက ဆိုသည်။

တချိန်တည်းမှာပင် NCA အကောင် အထည်ဖော်မှုဆိုင်ရာအစည်းအဝေးများ (JICM) အမြန်ဆုံး စတင်နိုင်ရေး ဆောင်ရွက် နေသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးေကာ်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက နိုဝင်ဘာ ၂၃ ရက်နေ့ နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း 7day Daily က ဖေါ်ပြသည်။ ထို့အပြင် ၂၁ ရာစုပင်လုံ ညီလာခံကျင်းပရေးအတွက် အစိုးရနှင့်တပ်မတော် ကြိုးစားဆောင်ရွက်နေသည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။

JICM ၌ အစိုးရနှင့်တပ်မတော်မှ ၁၀ ဦး၊ NCA လက်မှတ် ထိုးထားသည့် တိုင်းရင်းသား ခေါင်းဆောင် ၁၀ ဦး၊ ပါဝင်သည်။ JICM အစည်းအဝေးများကို ၂၀၁၈ က နောက်ဆုံးကျင်းပခဲ့ပြီး၊ တစ်နှစ် ကျော်ကြာသည်အထိ ပြန်လည် ခေါ်ယူ ကျင်းပ နိုင်ခြင်းမရှိသေးဟု သိရသည်။ JICM အစည်းအဝေးများကို ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရ လက်ထက်က ၄ ကြိမ်၊ ယခု NLD အစိုးရလက်ထက်တွင် ၃ ကြိမ်ကျင်းပခဲ့ပြီး ဖြစ်သည်။ JICM အစည်းအဝေးများတွင် အစိုးရဘက်မှ နိုင်ငံတော်၏ အတိုင်ပင် ခံ ပုဂ္ဂိုလ်အပါအဝင် တပ်မတော်ထိပ်သီးခေါင်းဆောင်များ တက်ရောက်လေ့ရှိပြီး၊ အပစ်ရပ် ၁၀ ဖွဲ့ဘက်မှ ထိပ်သီး ခေါင်းဆောင်များ တက်ရောက်လေ့ရှိသည်ဟု ဆိုသည်။

ရပ်တန့်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် JICM အစည်းအဝေးများမှ တစ်ဆင့် ပြန်လည်စတင်နိုင်မည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာများအားပြောကြားထားသည်။ ထိုအတောအတွင်း တရုတ်နိုင်ငံက နိုဝင်ဘာ ၉ ရက်တွင် JICM (ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ) အတွက် ဒေါ်လာ သုံးသိန်းအပါအဝင် NRPC (အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန) အတွက် ဒေါ်လာ လေးသိန်းနှင့် PC (ငြိမ်းချမ်းရေး ကော်မရှင်) အတွက် ဒေါ်လာသုံးသိန်း၊ စုစုပေါင်း ဒေါ်လာတစ်သန်းကို ခွဲဝေလှူဒါန်းခဲ့သည်။

တိုက်ဆိုင်စွာပင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာ၌ ပလောင်(တအန်း)အမျိုးသားလွတ်မြောက် ရေး တပ်မတော် (TNLA) သိုလှောင်ထားသည့် လေယာဉ်ပစ်ဒုံးလက်နက် အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြား ကို တပ်မတော်က နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် နိုဝင်ဘာ ၂၂ ရက်နေ့က သိမ်းဆည်းရမိခဲ့ကြောင်း မီဒီယာသတင်းများ တွင် ဖေါ်ပြသည်။ လက်နက်ခဲယမ်းများ ဖမ်းဆီးရရှိခြင်းနှင့် ပတ်သက်၍ တပ်မတော်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်က နိုဝင်ဘာ ၂၃ ရက် နေ့လည်ပိုင်းတွင် သတင်းမီဒီယာများကို ရဟတ်ယာဉ်ဖြင့် ဟိုမိန်းကျေးရွာသို့ ခေါ်ဆောင်သွားပြီး ပြသခဲ့ခြင်း ဖြစ်သည်ဟု ဧရာဝတီသတင်းအရ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရဒေသ နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာ၌ TNLA တပ် စခန်းချခဲ့သော နေရာတွင် သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများသည် တရုတ်နိုင်ငံထုတ် လက်နက်ပစ္စည်းတွေများ ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာ ၂၃ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု RFA သတင်းက ဆိုသည်။ နိုဝင်ဘာ ၂၂ ရက်နေ့တွင် တပ်မတော်က သိမ်းဆည်းရမိခဲ့သော လက်နက်များထဲတွင် FN-6 ပခုံးထမ်းလေယာဉ်ပစ် လက်နက်သည် တရုတ်နိုင်ငံထုတ် လက်နက်ဖြစ်သည်။ အခြား လက်နက်များသည်လည်း တရုတ်နိုင်ငံထုတ် လက်နက်များဖြစ်ကြောင်း တပ်မတော်မှန် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း တပ်မတော်က TNLA တပ်ဖွဲ့များ ယာယီအခြေစိုက်ထားသည့် စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေ သဖြင့် TNLA အဖွဲ့က ပစ္စည်းများ ရွှေ့ပြောင်းနေရကြောင်း၊ ယင်းသို့သော အခြေအနေများကြောင့် လက်နက်ခဲယမ်းများ သိမ်းဆည်းခံရခြင်းဖြစ်ကြောင်း TNLA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆိုသည်။ နိုဝင်ဘာ ၁၁ ရက်မှ ၂၂ နေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆိုသည်။ နိုဝင်ဘာ ၁၅၊ ၁၆ မှ၂၀၊ ၂၁ အတွင်း လေကြောင်း တိုက်ခိုက်မှု ရှိခဲ့သည်ဟု ၎က ဆိုသည်။ တိုက်ပွဲများကြောင့် နမ့်ဆန်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲတို့တွင် တပ်မတော်နှင့် TNLA အကြား စစ်ရေးတင်းမာလျှက်ရှိသည်ဟု ဧရာဝတီသတင်းအရ သိရသည်။

ထိုသတင်းများကြောင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၌ တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်နေမှုများအပေါ် မြန်မာ့အရေး လေ့လာ စောင့်ကြည့်သူများအကြား သို့လောသို့လော စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်။ တရုတ်နိုင်ငံက မြန်မာ့ငြိမ်းချမ်းရေး ပြဿနာ ပြေလည်ရေးအတွက် ကူညီဆောင်ရွက်မှုရှိသည်ဆိုသော်လည်း အကန့်အသတ်များရှိကြောင်း PNLO နာယက ခွန်ဥက္ကာ က ဆိုသည်။ TNLA ၏ အမာခံဒေသအတွင်း ယခုကဲ့သို့လက်နက်များ သိမ်းဆည်းရမိမှုသည် စစ်ရေးအရ အတွင်းစည်း လုံခြုံရေးကို ထိခိုက်ခြင်းဖြစ်သည်ဟု ခွန်ဥက္ကာက သုံးသပ်သည်။

ပြီးခဲ့သည့် သြဂုတ်လက မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ပူးပေါင်း၍ ပြင်ဦးလွင် တပ်မတော်နည်းပညာ စစ်တက္ကသိုလ်ကို တိုက်ခိုက်စဉ်က အသုံးပြုခဲ့သော ၁၀၇ မမ ရှော့တိုက်ဒုံးများသည်လည်း တရုတ်နိုင်ငံထုတ် လက်နက်များဖြစ်သည်ဟု သိရသည်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင်ပြေစေရန် အစိုးရငြိမ်းချမ်းကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တွေ့ဆုံ နိုင်ရေးကိစ္စကို တရုတ်က ကူညီပေးနေသော်လည်း၊ အခြားတစ်ဖက်တွင် တရုတ်နိုင်ငံက လက်နက်ရောင်းချမှု ရှိနေသလားဆိုသည့် မေးခွန်းထွက်ပေါ်နေသည်။ သို့ရာတွင် တပ်မတော်က သိမ်းဆည်းရမိသည့် လက်နက်များသည် တရုတ်နိုင်ငံထုတ် လက်နက်များဖြစ်ကြောင်း မှန်ကန်သော်လည်း၊ လက်နက်မှောင်ခိုဈေးကွက်မှ ရခြင်းလား၊ တရုတ်နိုင်ငံ ထံမှ တိုက်ရိုက်ရခြင်းလားဟု စောကြောကြည့်စရာတော့ ရှိသည်။ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင် စိုး၏ အဆိုအရ တရုတ်ထံမှ တိုက်ရိုက်ရနိုင်မည် မထင်ဟု သုံးသပ်ထားသည်။ တပ်မတော်က ယခုဖမ်းမိသည့် လက်နက် များသည် အသစ်ကျပ်ချွတ်ဖြစ်နေပြီး ပခုံးထမ်းလောင်ချာ RPG ဆိုလျှင် ပါကင်မဖောက်ရသေးကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု(MIPS) ၏ အလုပ်အမှုဆောင် ဒါရိုက်တာ ဦးမင်းဇော်ဦးက ဘီဘီစီသို့ ပြောသည်။

မည်သို့ဆိုစေ မပြေးသော်လည်း ကန်ရာရှိ ဆိုသည့် စကားအတိုင်း မြန်မာ့ပြည်တွင်း စစ်ပဋိပက္ခများတွင် တရုတ်၏ စစ်လက်နက်ပစ္စည်းများကို အသုံးပြုနေသည့် အချက်ကိုကား ငြင်း၍မရနိုင်ပေ။ အကြမ်းမျဉ်း တွက်ဆလျှင် မြန်မာ့ သယံဇာတမျိုးစုံ တရုတ်ပြည်သို့မှောင်ထုတ်ရောင်းမှုများနှင့် မူးယစ်ဆေးမှောင်ခိုဈေးကွက်ကျယ်ြပန့်နေမှုများမှ ငွေမည်း များဖြင့် လက်နက်များဝယ်နိုင်သည်။ တရုတ်-မြန်မာနှင့် ထိုင်း-မြန်မာနယ်စပ်တွင် လက်နက်မှောင်ခိုဈေးကွက် ရှိနေသည်။ ယေဘုယျအားဖြင့် ထိုမှောင်ခိုဈေးကွက်များကို အိမ်နီးချင်း နိုင်ငံများနှင့် သံခင်းတမန်ခင်းအရ ထိထိရောက်ရောက် လက်တွဲ တိုက်ဖျက်ရန် အစိုးရနှင့် တပ်မတော်တို့တွင် တာဝန်ရှိသည်။ တရုတ်ဗဟို အစိုးရအနေဖြင့် စင်္ကြန်ပတ်လမ်း (Belt and Road Initiative) စီမံကိန်းကြီးကို အပျက်ခံနိုင်မည်မဟုတ်သဖြင့် ယခုကိစ္စတွင် တိုက်ရိုက်ပတ်သက်ဖွယ်မရှိ။ သို့သော် အောက်ခြေရှိ တရုတ်စီးပွားရေးသမား တောကြောင်များပါဝင်ပတ်သက်နေဖွယ်ရှိသည်။ ထို့ကြောင့် အစိုးရချင်း၊ တပ်မတော်ချင်း ချိတ်ဆက်သည့် လမ်းကြောင်းများမှတဆင့် သယံဇာတနှင့် လက်နက်မှောင်ခိုဈေးကို တားဆီးရန် တာဝန် ရှိသည်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးတွင် တရုတ်အစိုးရက ပြတ်ပြတ်သားသား မူဝါဒချမှတ် ကူညီသွားမည်ဟု တရုတ် အထူး သံတမန် မစ္စတာဆွန်ကော့ရှန်းက ပြောဖူးသည်။ အနာဂတ် မြန်မာ့ငြိမ်းချမ်းရေးအတွက် နယ်စပ်ဒေသတည်ငြိမ်စေရန် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို လျှော့တွက်၍ မရနိုင်ဟု သုံးသပ်မိပါသည်။။။။

၂၀၁၉ နိုဝင်ဘာ ၃၀ ရက်၊ စ နေ နေ့ထုတ် သူရိယ နေဝန်း ဂျာနယ် ၌ ဖေါ်ပြသည့် ဆောင်းပါး။