Breaking News

ခွန်ဆိုုုုုင်း - နတ်မြစ် နယ်ခြား - အနားသတ်ချိန်



ခွန်ဆိုုုုုင်း - နတ်မြစ် နယ်ခြား - အနားသတ်ချိန်

(မိိုးမခ)  ဒီဇင်ဘာ ၁၊ ၂၀၁၉

မကြာခင်ရက်များက ကျွန်တော့် ဝေါ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရပ်မယ် လို့ ပိုစ့်တင်လိုက်တဲ့အခါ သြစတေးလျနိုင်ငံသူတယောက်က ... ဂျီနိုဆိုက် မဟုတ်တဲ့ ဖက်က... ရှင် ရပ်ရမယ်လေ ။ ဒါ လူသားတယောက် စောင့်ထိန်းရမယ့် ကိုယ်ကျင့်သိက္ခာပဲ လို့ ရေးလာတာကိုတွေ့ပါ တယ်။ ဒီလို ယတိပြတ် ကောက်ချက်မျိုးနဲ့ ကိုယ့်လိပ်ပြာ အသန့်ထား တဖက်သားကို တရား စီရင်တာမျိုး ဟာ ပညာတတ်တွေမှာ သူတယောက်ထဲပဲ လား ။ တချိန်လုံးသူနဲ့ ဘာ အဆက်အစပ် မှ မရှိ ။ အသွားအပြန် အရိပ်အယောင် မရှိ ။ အွန်လိုင်းမှာတွေ့ရတတ်တဲ့ လာ ချိတ်ရုံ အာရုံခံရုံ ချိတ် တချိတ်မျှ လို့ သူ့ကို နားလည်ထားခဲ့ ပါတယ်။ ဒါပေမယ့် ဒီ ခေါင်းစဥ်မျိုးမှာ သူ ပေါ်ပေါ်လာတတ်လို့ သတိထားမိသွား ပါတယ် ။ ဒီတခါမှာလဲ ကျွန်တော်က .......မင်း အထက် အာဏာပိုင်တွေကို အရင်ပြော ပါဦး ကွာ ။ နောက်မှ ဒီ ကို လာပြော .......ဆိုတဲ့ သဘော။ တိုတိုပဲ ပြန်ရေးလိုက်ပြီး ဒီအတိုင်းပြီးသွား ပါတယ်။

ငါတို့မှာ ကိုယ်ကျင့် အပြည့် ..မင်းတို့မှာ နတ္တိ ...... ယဥ်ကျေးမှု မြင့်လူမျိုးကြီး စတိုင်ချိုးချင်တဲ့ လူပုဂ္ဂိုလ်များကို အွန်လိုင်းပေါ် မှာလဲ တွေ့ရ အပြင်မှာလဲ မကြာခဏ ကြုံဖူးကြပါလိမ့်မယ် ။ ပုထုဇဥ် သဘော တခါတခါ ကိုယ်လဲ ထင်သလို တုန့်ပြန်လိုက်ချင်တာပါ ။ ဒါပေမယ့် ကိုယ်ပြန် ရေးလိုက်လို့ သူ ဂယောက်ဂယက်တွေထ။ သူတပြန် ကိုယ်တပြန်တွေ ရေး ။ အချီးနှီး အရှည် တွေ ပွှား အချိန်ကုန်ခံနေမလား လို့ တွက် ဆ လိုက်မိတဲ့အခါ စိတ်ပျက် ။ စိတ်အလို ကို ကြိတ်မျို လိုက်ရင်း ပြီးတာပါပဲ ။

Beneath every history , another history

သမိုင်းတိုင်း -သမိုင်းတိုင်း အောက်မှာ --နောက် တခြား သမိုင်းတခု ရှိတယ်

အဲဒီ စာသားလေးကတော့ အဲဒီ သြစတေးလျ နိုင်ငံ အမျိုးသားတက္ကသိုလ် နိုင်ငံရေး ပါမောက္ခ စာရေးဆရာ ကြီး ကိုလင်းတဇ် ( Colin Tatz ) ဆီက ယူလိုက်တာပါ ။ အဲဒီ ဆရာကြီးက ““ တွေးလို့တောင်မရ- သြစတေးလျ-ဂျီနိုဆိုက် “” ( Australia’s Unthinkable Genocide ) ဆိုတဲ့ သူ့စာအုပ် အဖွင့်ပိုင်း စာ မျက်နှာတခု မှာအဲဒီ ဒဿန ကို စာကြောင်းလေး တကြောင်းထဲနဲ့ အမြတ်တနိုး အသား ပေး ဖေါ်ပြထားလို့ သတိထားမိခဲ့ ပါတယ် ။ အတော် လေးနက်- လောကထဲ အမြဲတွေ့ရတဲ့ ဒဿန တခု မို့ ကျွန်တော်အတော် ကြိုက်မိပါ တယ် ။ ဒီစာကြောင်းလေးက သူ့ကိုယ်ပိုင်လဲ မဟုတ်ပါဘူး ။ အဲဒီ ဒဿနလေးကို စာရေးဆရာမ ဟီလာရီမင်တဲ ( Hiliary Mantel )ရဲ့ Wolf Hall စာအုပ်ထဲက သူ ထုတ်နှုတ်လာခဲ့တဲ့ သဘော စာရေးသူနဲ့ စာအုပ်နံမည်ကို ယှဥ်တွဲ ဖေါ်ပြထားတာ တွေ့ပါတယ် ။

ပါမောက္ခကြီး ကိုလင်းတဇ် ဇာတိ ဟာ တောင်အာဖရိက ဖြစ်ခဲ့ပြီး Human Rights Human Wrongs ဆိုတဲ့ စာအုပ် အပြင် ဂျီနိုဆိုက် ခေါင်းစဥ်အောက်မှာ စာအုပ်များစွာ ရေးသားထုတ်ဝေ ထားပြီးဖြစ် တဲ့ ဆရာကြီးတဆူလို့ တွက်ဆ ခန့်မှန်းရပါတယ်။ သြစတေးလျကို စတင်ခြေချခဲ့တဲ့ ဥရောပ တိုက်သားအဖြူတွေဟာ ဒေသခံ တိုင်းရင်းသား လူမျိုးစု ( aborigines ) များကို မျိုးဖြုတ်သုတ်သင်တဲ့ အလုပ်တွေ နှစ် ပေါင်း ၁၄၀လောက် စနစ်တကျ ပြုကျင့်ခဲ့ကြတဲ့ အကြောင်း အဲဒီစာအုပ်မှာ တင်ပြထားပါတယ် ။ စတင်ခြေချတဲ့ ၁၇၉၄ က စလို့ ဒေသခံ အဘိုရီဂျင်တွေဟာ ဗြိတိသျှစစ်သားတွေရဲ့ သတ်ဖြတ်ရှင်းလင်းခြင်းကို ခံခဲ့ ရရှာပါတယ် ။ နောက်ပိုင်း မှာ အုပ်ချုပ်တဲ့ ဒေသဆိုင်ရာ ရဲများကိုယ်တိုင် က မျိုးဖြုတ်တယ်။ လာရောက်အခြေချ နေထိုင်ကြတဲ့ အရပ်သားတွေ ကလဲ သူတို့ နယ်မြေချဲ့တိုင်းချဲ့တိုင်းမှာ အဘိုရီဂျင်းတွေကို သုတ်သင်ခဲ့ကြတာမို့ ဒီ လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်စဥ်တွေဟာ နှစ် ပေါင်း ရာချီ မဆုံးနိုင်ပဲ ဖြစ်နေခဲ့တယ်လို့ သမိုင်းသုတေသီတွေနဲ့ စာရေးဆရာတွေရဲ့ မှတ်တမ်းတွေက ပြဆိုနေပါတယ်။ ဒါကြောင့် ဒေသခံ တိုင်းရင်းသား ဦးရေ မူလ ခန့်မှန်း နှစ်သိန်းခွဲ ရှိခဲ့ ရာက တိုးတက် မလာတော့ပဲ ၁၉၂၈ အရောက် မှာ လူ ၆သောင်း အောက်အထိ ကျသွား တယ်လို့ ဆိုပါတယ် ။

ဒီလို နှစ်ပေါင်း ၁၄၀ ဒေသခံတိုင်းရင်းသားတွေ ကို သုတ်သင်ရှင်းလင်းတဲ့ အလေ့မှာ ဘာပြဿနာမှ မရှိခဲ့ တာဟာ အစိုးရကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်ခဲ့တာကြောင့်လို့ ပြောပါ တယ် ။ အခြေချ နေထိုင်သူတွေရဲ့ လက်ဆင့်ကမ်း သမိုင်းမှတ်တမ်းတွေ အရ အဘိုရီဂျင်း တွေဟာ သားရဲတိရိစ္ဆာန်တွေကို အမဲလိုက်ခံရသလိုမျိုး အမဲလိုက် ခံရပြီး လူဖြူတွေရဲ့ သတ်ဖြတ်တာ ကိုခံကြရပါတယ်။ ဖမ်းဆီး နှိပ်စက် ညှင်းပန်းတာတွေအပြင် နည်းမျိုးစုံ နဲ့ သုတ်သင်ပစ် တာ မို့ လူဖြူတွေ အနီးအနားမှာ မနေတော့မှ သူတို့ မျိုးဆက်မပြုန်းမယ့် အဖြစ်ကို အဘိုရီဂျင်းတွေ ကြုံခဲ့ ရပါတယ်။ အခု ဒီဘက် ခေတ် တိုးတက်တဲ့ နိုင်ငံရေးစနစ်ကို ရောက်လာတဲ့ အခါမှာတော့ မျိုးဆက်သစ် လူဖြူတွေဟာ သူတို့ ဘိုးဘေးတွေ လက်ထက်က ပြုမူခဲ့တဲ့ ဆိုးဝါးလှတဲ့ သမိုင်းတွေကို ပြန်လေ့လာ နေကြပြီး ဘိုးဘေးတွေ မှားခဲ့တဲ့ လူ့ ဂုဏ်သိက္ခာကို ပြန်ဆယ် နိုင်ဘို့ ။ လက်ရှိမှာလဲ သူတို့ စိတ် ဝိညာဥ် သူတို့ လိပ်ပြာတွေ သန့်ဘို့ ၊ ကျန်နေသေးတဲ့ ဒေသခံတွေရဲ့ ရိုးရာ ယဥ်ကျေးမှုတွေကို ထိမ်းသိမ်းနိုင် ဘို့ အဘိုရီဂျင်း တို့ရဲ့ သမိုင်းကြောင်းတွေကို စနစ်တကျလေ့လာဖေါ်ထုတ်လာကြပါတယ်။ အဘိုရီဂျင်းတွေ ဆိုတာက သူတို့ ကိုယ်သူတို့ ရေတွေမြေတွေ သဘာဝ ကျောက်တုံးတွေနဲ့ တသားတည်း ဖြစ်တည် နေတဲ့ လူမျိုး လို့ ယူဆထားကြ တဲ့ အတော်ကို ရှေးကျတဲ့ လူသားမျိုးဆက်တခုပါ ။ ခုခေတ် တိုးတက်တဲ့ လူဖြူ မျိုးဆက် သစ် မြေးမြစ်တွေလက်ထက် ရောက်လာတဲ့ အခါ သူတို့ လူ့အဖွဲ့အစည်းအတွင်း ရှေး သူတို့ ဘိုးဘေးတွေလက်ထက်က လုပ်ခဲ့တဲ့ ဂျီနိုဆိုက်နဲ့ ပတ်သက်လို့ သဘောထား စစ်တမ်းကောက်ကြည့်ကြပြီးတဲ့ အခါ မှာ အဲဒီဆိုးဆိုးဝါးဝါး သမိုင်းအတိတ် ကိစ္စတွေ ကို ဝန်ခံသင့်တယ်လို့ မြင်သူ ၈၀ ရာခိုင်နှုန်းအထိ ရှိလာတယ် လို့ ဆိုပါတယ်။

ဒီလို ခေတ်သမိုင်းသုတေသီတွေ က မကွယ်မထောက်ပဲ သူတို့ သမိုင်းကြောင်းတွေကို အသေအချာပြန်လေ့လာ ရေးသား ဖေါ်ထုတ်လာကြပေမယ့် အစိုးရ နဲ့ နိုင်ငံရေး ဇာတ်ခုံပေါ်က လူတွေက တော့ ပြီးခဲ့တဲ့ အတိတ်ကြောင်းကို သိတ် စိတ်မဝင်စား ကြဘူး - အတိတ်ကို အတိတ်မှာထားဘို့ စကားများနေကြတုန်း လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဒဲရစ်မစ်ချယ်( ၂၀၁၂-၂၀၁၆ ) က ရိုဟင်ဂျာလို့ နံမည်ယူတာ တိုင်းရင်းသား အဖြစ် တောင်းဆိုတာကို မြန်မာတွေက ခွဲထွက်မယ့် ပြဿနာလို့ ရှုမြင်ကြောင်း ( ၂၅-၉- ၂၀၁၇ ) က The Atlanta Magazine နဲ့ တွေ့တဲ့ သူ့ အင်တာဗျူးမှာ ထုတ်ဖေါ် ပြောကြားခဲ့ ပါတယ်။

သံအမတ်ကြီး ပြောသလိုပါပဲ ။ ဒီအကြောင်းပြောရင် မြန်မာနိုင်ငံသားတွေ မှတ်မိနေပုံက ၁၉၄၇ လွတ်လပ်ရေး ယူခါနီး ကာလ ဖြစ်ရပ်များကို မူတည်ပြီး သံသယရှိခဲ့ ကြတာပါ. အဲဒီတုန်းက ရခိုင်မူဆလင်ခေါင်းဆောင်များက ပါကစ္စတန် ကို သွားတယ်။ အဲဒီ မှာ သမတနဲ့တွေ့ ကြပြီး လွတ်လပ်ရေးရရင် သူတို့နေတဲ့ နေရာကို ပါကစ္စတန် နယ်ထဲ ပေါင်းထည့်ပေးဘို့ အရေးဆိုခဲ့တယ်လို့ မှတ်တမ်းတွေမှာ ဖတ်ရပါတယ်။ မြန်မာပြည်လွတ်လပ်ရေးရလာတယ်။ ပါကစ္စတန်ဖက်က လက်မခံခဲ့ တဲ့( အဲဒီကာလ က ဘင်္ဂလားဒေ့ရှ်ကို အရှေ့ ပါကစ္စတန်လို့ ခေါ်ပါတယ်) အခါ မှာ လက်နက်ကိုင် ပုန်ကန်တဲ့ စစ်ပွဲတွေ တဆက်တည်း ဖြစ်ခဲ့ပါ တယ်။ ဒီလို အတိတ်သမိုင်းနဲ့ မြန်မာပြည်သားတွေ စိုးရိမ်မှု ကို အနောက် နိုင်ငံသားများ သိတ်အလေးအနက် မထား ဘူးလို့ သံအမတ်ကြီးက ဆိုပါတယ်။

လူ့အခွင့်အရေးအလုပ်နဲ့ တိုင်းပြည်တာဝန်ယူရသူ လုပ်ငန်း သဘာဝချင်း မတူပါဘူး ။ လူ့အခွင့်အရေးလုပ်သူကနှစ်နိုင်ငံ နယ်စပ်စည်းရိုး ဒိုးယိုပေါက်ဖြစ်နေတာကိုလိုက် ပူ စရာမရှိ ။ ကာထားတဲ့ နယ်စပ်တံတိုင်းမှာ ဆုံလည်မောင်းရှည်ကြီး တခု ချထား ပြီး နွားတအုပ်ကိုတခဏနဲ့ အသာ မ ပြီး တဖက်နိုင်ငံဖက် ချလိုက်လို့ ရကြတာကို ဗီဒီယို ဖိုင်မှာ အပျော်သဘော ကြည့်နေလိုက်လို့ ပြီးပါတယ်။ ကုန်သည်တွေ လူတွေ ကူသည်ခေါက်သည် ကူးလူးနေနိုင်ကြတာလဲ ပြဿနာ မရှိပါဘူး ။ ဖွဲ့စည်းပုံမှာ နိုင်ငံသား ပြုမှု ကိုမပြင်ဆင်နိုင်သေးတာလဲ သူ့တာဝန် မဟုတ်။ ဖွဲ့စည်းပုံမှားယွင်းတိမ်းစောင်းနေတာတွေ ကို ဘယ်လို အင်အား-ဘယ်လိုနည်းနာနဲ့ ပြင်မလဲ ဆိုတာ သူစဥ်းစားနေ စရာမလို။ ဖွဲ့စည်းပုံ အမှားနဲ့ ရပ်လို့ မရတဲ့ စစ်ပွဲ တွေကြောင့် နောက်ဆက်တွဲ လူနေရပ်ကွက်ကို ဗုံးကျတဲ့ အခါ ကျရင်သာ ဘယ်သူတွေ ဘယ်လို ထိခိုက်နစ်နာသွားတယ်ဆိုတာ ကို ကြေငြာချက် တစောင် ထုတ်လိုက်နိုင်ရင် သူ့အလုပ်ပြီးမြောက်သွားပါတယ်။
လူမျိုးနှစ်မျိုး ပဋိပက္ခမဖြစ်ဖြစ်အောင် ဖန်တီးသွေးထိုးနေတာတွေကို မဖြစ်အောင်ကာကွယ်နေရမှာ အစိုးရ အလုပ်ပဲလေ ။ ဖြစ်လာရင် ပြေလည်အောင် ပြန်လုပ်ပေးရမှာ လျော်ကြေးပေး ရမှာ အစိုးရပဲ လေ လို့ ပြောရင်း ရပ်နေလိုက်မယ်ဆိုရင် သဘာဝ မကျလှပါ ဘူး ။

အိုင်စီဂျေမှာ ရင်ဆိုင်ဘို့ သွားမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတာ ကို မေးခွန်းပြန်ထုတ်နေသူ ရှုံ့ချနေသူ နိုင်ငံသားတွေကိုလဲ တွေ့နေပါတယ်။ ဘယ်သူ့ အကျိုးစီးပွါးကိုကာကွယ်ဖို့ သွားမှာ လဲ ။ ဘယ်သူ့ဖက်က ရပ်တာလဲ ။ မေးခွန်းတွေထုတ်။ တို့ ကတော့ နစ်နာသူဖက်ကရပ်တည်မှာ မို့ တာဝန်ကျေပြီ ဆို ။ ပြဿနာအားလုံး နဲ့ ဇစ်မြစ် တွေက ဒီလောက် ရိုးရိုးရှင်းရှင်း ဆိုရင် .... ဒါ တိုင်းပြည်ကို လိမ်တာ တာဝန်မဲ့ ပြောတာ - ပါဝင်နေတဲ့ အဖွဲ့အစည်းများစွာကို တမင် မျက်ကွယ်ပြုလိုက်တာ ပါပဲ ။

တိုင်းပြည်ကို သစ္စာထား- ငြိမ်းချမ်းစွာ စည်းလုံးညီညွတ်စွာ အတူနေထိုင်လိုတဲ့ လူမျိုးအားလုံး ကိုယ်စား- ဘာသာအားလုံးကိုယ်စား- သူသွားတယ်လို့ ကျွန်တော် နားလည်ထားပါတယ်။ နစ်နာနေသူတွေ မနစ်နာရအောင် ရေရှည်အဖြေတခုကို ကမ္ဘာသိ တင်ပြနိုင်အောင် - ကမ္ဘာနဲ့ အတူ ညှိနှိုင်းအဖြေရှာ ရအောင် သူသွားတယ်လို့ ကျွန်တော်မြင်ပါတယ်။ တိုင်းပြည်မှာ ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးနဲ့ တန်းတူညီမျှ ဘို့ သဟဇာတ ဖြစ်ဘို့ ပြည်သူအားလုံး ရဲ့ အကျိုးစီးပွါးတွေ ကာကွယ်ဘို့ ။ ဥပဒေကို လေးစားမယ် - နိုင်ငံသားတိုင်း ရဲ့ အကျိုးစီးပွါးကို ကာကွယ်မယ် ။ ဒါ နိုင်ငံခေါင်းဆောင်တယောက် ယူထားရတဲ့ တာဝန်တွေပါ ။ လူ့အခွင့်အရေးသမားတယောက်တာဝန် ထက် ပိုပါတယ်။ လူမျိုးပေါင်းစု အတူတကွ ရေရှည် ထာဝရ နေထိုင်နိုင်ကြရေးဟာ နိုင်ငံသားအားလုံး တာဝန်ကိုယ်စီ ပါ ။

တိုင်းပြည်အရေးကိစ္စ သောင်းခြောက်ထောင် ကို အေးအေးချမ်းချမ်းဖြေရှင်းလိုတဲ့ တိုင်းသူပြည်သားတွေ ။ တဦးနဲ့တဦး အပြစ်ကင်းကင်း အတူတကွ နေထိုင်နိုင်တဲ့ နိုင်ငံသား အများစုကို ကိုယ်စားပြုဖို့ ခေါင်းဆောင်လိုပါတယ်။ အာရုံစိုက်နေတဲ့ ကမ္ဘာက နားထောင်အောင် အကြပ်အတည်းတွေကို သဘောပေါက်အောင် သူပြောပြနိုင်လိမ့်မယ်။ မြန်မာပြည်အတွက် ရှင်းပြနိုင်ဘို့ အခွင့်အခါတခုကို သူ ရယူတာလို့လဲ နားလည်ပါတယ် ။

ဂျီနိုဆိုက် ဒဖင်ဒါ ။ ဒီလို အလွယ် တံဆိပ်ကပ်လို့ရကောင်းရမယ်။ နောက်ဆုံးတနေ့မှာမြန်မာပြည်သူ လူထုကြီး က သာ တရားစီရင် ဆုံးဖြတ်မှာပါ ။ လူထု အဆုံးအဖြတ်သာ အတည်ဖြစ်ပါလိမ့်မယ် ။ ဒီလို ကျွန်တော်ယုံကြည်တယ် ။ စစ် ရာဇဝတ်မှု မကျူးလွန်တဲ့ ။ တိုင်းပြည်ကို ခွဲ မထုတ်လိုတဲ့။ နစ်နာမှု ရှိသူတွေကို မနစ်နာရအောင် စနစ်တကျ ရှင်းလင်းနိုင်မယ့် သူမခေါင်းဆောင်မှုကို ယုံကြည်တယ် ။

အမျိုးသား အကျိုးစီးပွါး ဆိုတာ တိုင်းပြည်လုံခြုံရေး ညီညွတ်ရေး ငြိမ်းချမ်း တိုးတက်ရေး အကုန်ပါတယ်။ စစ်တပ် အကျိုးစီးပွါးကို ကာကွယ်ဘို့ သွားတာလို့ ပြောထွက်တာဟာ ယောက်ယက်ခပ်နေတဲ့ ခပ်တိမ်တိမ် နိုင်ငံရေး အောက်လုံး တွေသာ ဖြစ်ပါမယ်။

ကိုဖီအာနန် ကော်မရှင် အကြံပြုချက်ကို ထွက်လာကတည်းက သူ့ ချဥ်းကပ်မှုဟာ သိမ်မွေ့တယ်။ ရေရှည်အတွက် လက်တွေ့ကျ မျှတတယ်လို့ ကျွန်တော် သဘောကျ လက်ခံတဲ့ အကြောင်း ကျွန်တော် ရေးဖူးပါတယ်။ အမြင် မတူ ကွဲလွဲလို့ ရပါတယ်။ ဘက်နှစ်ဖက်လုံးက တဖက်ဖက်ကို မလိုက်လို့ သဘောမကျ ဘူး ဆိုတာတွေ လဲ ရှိပါမ ယ်။ ကျွန်တော့် အခြေခံ ယူဆချက်ကတော့ တခြား သွားစရာမရှိ ဖြစ်တည်လာတဲ့ လူသားတွေ အချင်းချင်း ငြိမ်းချမ်းစွာ အတူ ယှဥ်တွဲ နေထိုင်နိုင်အောင် ဘက်အားလုံးက နည်းအားလုံးနဲ့ ကြိုးပမ်းပေးကြရမယ်လို့ မြင်လို့ပါပဲ ။ ကိုဖီအာနန်ကော်မရှင်ကို သူမဦးဆောင် ဖွဲ့စည်းပြီး နောက်ဆုံး အစီရင်ခံ အကြံပေးစာကို အစိုးရက ထုတ်ဝေခဲ့ ပါတယ်။ လူသားအားလုံးရဲ့ တည်ရှိမှုကို ငြင်းပါယ်ထားတာမရှိဘူးဆိုတဲ့ အချက်က ငြင်းပယ်လို့ မရပါဘူး ။ အစီရင်ခံစာ ထုတ်ပြန်ပြီးနာရီ ပိုင်းအတွင်းမှာ ရဲစခန်းတွေ အစီးနင်းခံရ ။ အခြေအနေတွေဆိုးဝါးသွားရ ။ လူ ၇သိန်း တဖက်နိုင်ငံ ဒုက္ခသည်စခန်းမှာ သောင်တင်သွားရ ။ ဒါတွေအားလုံးကို သေချာပြေလည်အောင် ရှင်းလင်းရမယ့် အချိန်အခါရောက်လာတယ်လို့ ယူဆပါတယ် ။

အိုင်စီဂျေ တရားရုံး မှာ သတင်းမီဒီယာတွေလဲ စုစည်းနေမှာမို့ တိုင်းပြည်၂ပြည်ရဲ့ ဖြစ်တည်နေမှုတွေနဲ့ နယ်စပ် အခြေအနေတွေ ကို သေချာ တင်ပြနိုင်ပြီး နတ်မြစ်နယ်ခြား သေချာ စည်းသတ်ပိုင်းခြားနိုင်ခွင့် လဲ ရမယ့်အချိန်ပါ။

နိုင်ငံသား ။ တိုင်းရင်းသား။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်။ ခွဲထွက်ခွင့် ။ ရခိုင် ရိုဟင်ဂျာ ဟိန္ဒူ မြို ခမီ ဒိုင်းနက် ချင်း လူနည်းစု လူများစု အားလုံးရဲ့ တည်ရှိမှု နဲ့ သဟဇာတဖြစ်အောင် ဘယ်လို ရပ်တည်ကြမလဲ ဆိုတဲ့ ရေရှည်စီမံချက်တွေ အစိုးရက တင်ပြခွင့် ရမယ်လို့ မျှော်လင့်ထားပါ တယ်။

လက်နက်ကိုင် အဖွဲ့ တခုက ဒီနယ်မြေ ငါတို့နယ်မြေ ဆိုပြီးတိုက်ခိုက် တောင်းဆိုတာမျိုး က တိုင်းပြည်တပြည်အတွက် သင့်မသင့် ။ လူမျိုးတမျိုး သတ်မှတ်ပေးစေလိုခြင်း ခွဲထွက်လိုခြင်း ပိုင်ဆိုင်လိုခြင်းနဲ့ နံမည် ခေါ်ဆိုခြင်း အကုန်လုံးကို ဆက်စပ် ဆင်ခြင်ညှိနှိုင်းခွင့် ပေးမယ့်နေရာ ။ စစ်တပ်ရဲ့ စစ်ဆင်မှု ဖြေရှင်း မှု လွန်ကျူးမှု အပိုင်းတွေကို အများသိအောင် ထုတ်ဖေါ်နိုင်မယ့်နေရာ ။ နစ်နာနေသူတွေအတွက်ကော တိုင်းပြည်အတွက်ပါ ဆုံးဖြတ်ပေးမယ့်နေရာလို့ မြင်ပါတယ်။

ကျွန်တော်စာရေးတဲ့ တာဝန်တခု ပြီးပါပြီ ။ ကျွန်တော် ဆက် တွေးနေမိတာက သြစတေးလျ နိုင်ငံသားတွေဟာ ခုအချိန်မှာ ငါတို့ မလုပ်ခဲ့ရတဲ့ အတိတ်က အမှုတွေအတွက် ငါတို့ ဘယ်လိုတာဝန်ယူပြီး အပြစ်ကင်းတဲ့ မျိုးစိတ်တခုအဖြစ် နေကြမလဲ ဆိုတာမျိုးရယ် ။ မြန်မာပြည်သားတွေလဲ အလားတူ စိတ် ခံစားမှုမျိုးနဲ့ တွေးတော ခံစားနေကြမှာပဲ လို့ စိတ်မကောင်း ဖြစ်မိပါတယ် ။

( အခြေခံလူသားအားလုံးကို လူသားလိုမြင်ပြီး အဆိုးသံသရာများကို ဖြတ် - မေတ္တာဖြင့် ပြဿနာကိစ္စရပ်အားလုံးကိုချဉ်းကပ်‌‌ ‌ ဖြေရှင်းနိုင်ကြပါစေ)

ခွန်ဆိုင်း ( ၃၀-၁၁-၂၀၁၉ )