Breaking News

လင်းသက်ငြိမ် - ပေါင်မုန့်ကားကြီး

photo-thiha thwe


လင်းသက်ငြိမ် - ပေါင်မုန့်ကားကြီး

(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၉

ပေါင်မုန့်ကားကြီး လမ်းပေါ် ဖြတ်မောင်းသွားတယ်
ပေါင်မုန့်တွေအပြည့်ပါလာမှာပေါ့
ဒါပေမယ့် ပေါင်မုန့်တွေကို ဘယ်သူမှ မမြင်ရဘူး
ပေါင်မုန့်တွေကကော လူတွေကို မြင်ပါ့မလား

ကားမှာကပ်ထားတဲ့ ပေါင်မုန့်ဆိုတဲ့
စာတန်းကြီးက ထင်းလို့
လမ်းကြမ်းတဲ့အခါ ပေါင်မုန့်တွေခုန်ပေါက်နေကြမှာပေါ့
ကွေ့လိုက်တဲ့အခါ ပေါင်မုန့်တွေယိုင်ထိုးသွားမှာပေါ့
ဟွန်းတီးရင်း ပေါင်မုန့်ကားကြီးဖြတ်မောင်းသွားတယ်
ဘရိတ်နင်းသံ ဆူညံစွာ​
မြည်တမ်းရင်းပေါင်မုန့်ကားကြီးပြေးနေတယ်

လမ်းတွေဟာ အရှည်ကြီးပဲ
ပေါင်မုန့်ကားကြီးကလည်း အကြီးကြီးပဲ
ပေါင်မုန့်ကားကြီးဟာ
ဂြိုလ်သားတွေမောင်းလာတဲ့အတိုင်း
ဘယ်သူ့ကိုမှ လှည့်မကြည့်ပဲ လမ်းတွေပေါ်
တရိပ်ရိပ် ဖြတ်သန်းပြေးလွှားနေတယ်

ကားထဲက ပေါင်မုန့်တွေ ဘယ်လိုအနံ့အရသာရှိမှန်း
လူတွေမသိကြဘူး
တာယာညှော်နံ့တွေ နံထောင်းနေတာကိုတော့
လူတွေ သိကြတယ်
ပေါင်မုန့်ကားကြီးရဲ့အိတ်ဇောသံက အတော်ကျယ်တာကိုလဲ
လူတွေ ကြားကြရတယ်

မကြာခင် မြင်ကွင်းကနေ
ပေါင်မုန့်ကားကြီးပျောက်ကွယ်သွားတော့မယ်
ပေါင်မုန့်ကားကြီးဟာ ပေါင်မုန့်ကားကြီးမှန်း
မသိနိုင်တော့တဲ့အထိ ဝေး ဝေးသွား

ပေါင်မုန့်ကားကြီး အကြောင်းကို
ပေါင်မုန့်တွေလို စားသောက်ဖို့
မြို့ကြီးထဲ လူတွေ စုဝေးလာ​နေကြပြီ။ ။