Breaking News

ICJ ၌ ဂမ်ဘီယာနှင့်မြန်မာအမှု ပထမနေ့ကြားနာပွဲ အနှစ်ချုပ်

ICJ ၌ ဂမ်ဘီယာနှင့်မြန်မာအမှု ပထမနေ့ကြားနာပွဲ အနှစ်ချုပ်

Myanmar NOW (ဒီဇင်ဘာ ၁၀၊ ၂၀၁၉)

ရခိုင်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်အတွင်း မြန်မာ့တပ်မတော်က စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း၊ မွတ်စလင်လူမျိုးစုတစ်စုကို လူမျိုးတုန်းအောင် အစီအမံအမျိုးမျိုးချမှတ်ကာ လုပ်ဆောင်နေကြောင်း စသည့် စွပ်စွဲချက်များဖြင့် ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဖွင့်ထားသည့်အမှုအတွက် ပထမနေ့ကြားနာပွဲတွင် တရားလိုဘက်က လျှောက်လဲခဲ့ပုံများကို တင်ပြလိုက်ပါသည်။


“ရိုဟင်ဂျာလူအုပ်စုကို သုတ်သင်” ပစ်ရန် ရည်ရွယ်ချက်ဖြင့် “လူမျိုးတုန်းအောင် လုပ်ဆောင်ချက်များ” ကို မြန်မာက ကျူးလွန်ခဲ့သည်ဟု ဂမ်ဘီယာနိုင်ငံက စွပ်စွဲကာ တရားရုံးသို့ လျှောက်ထားခဲ့သည်။

“ဒီလို အဓိပ္ပာယ်မရှိတဲ့ သတ်ဖြတ်မှုတွေကို သတ်ဖြတ်နေတာတွေ ရပ်တန့်ဖို့ မြန်မာနိုင်ငံကို ပြောပေးဖို့ပါပဲ” ဟု ဂမ်ဘီယာနိုင်ငံ၏ တရားရေးဝန်ကြီး Abubacarr Tambadou (အဘူဘေကာ တမ်ဘာဒူ) က အဖွင့်တွင် ပြောသည်။

မြန်မာအစိုးရပိုင်းက လူမျိုးတုန်းလုပ်ဆောင်မှုကို တားဆီးရန် ပျက်ကွက်ခြင်းဖြင့် ၁၉၄၈ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှုကွန်ဗင်းရှင်းပါ တာဝန်များကို ဖြည့်ဆည်းရန် ပျက်ကွက်သည်ဟု တမ်ဘာဒူက ပြောသည်။

ရှေ့နေအဖွဲ့၏တင်ပြချက်များ


  • ကလေးငယ်များ၊ လူမမည်ကလေးများအပါအဝင် လူများကို တပ်မတော်သားများက စနစ်တကျ မီးလောင်တိုက်သွင်းကြောင်း ဖော်ပြထားသည့် ကုလအစီရင်ခံစာကို ကိုးကား ဖတ်ပြသွားပြီး “ကလေးငယ်များကို အဓိကပစ်မှတ်ထားကြောင်း”
  • ထို့ပြင် အမျိုးသမီးများ၊ မိန်းကလေးငယ်များကို ၎င်းတို့၏မိသားစုနှင့် အိမ်နီးချင်းများရှေ့မှာပင် အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်းကို အကွက်ချလုပ်ဆောင်သွားကြောင်း


  • ရိုဟင်ဂျာရွာပေါင်း ၃၉၂ ရွာ လုံးဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း အဖျက်ဆီးခံထားကြောင်း ရိုက်ယူထားသည့် ဂြိုဟ်တုဓာတ်ပုံများကို တင်ပြပြီး မွတ်စလင်ရွာများ မီးရှို့အဖျက်ဆီးခံရသော်လည်း ဗုဒ္ဓဘာသာရွာများ အကောင်းအတိုင်းရှိကြောင်း
  • ၂၀၁၇ ခုနှစ် စစ်ဆင်ရေးမတိုင်မီနှင့် စစ်ဆေးရေးကာလအတွင်း မွတ်စလင်ဆန့်ကျင်ရေးနှင့် ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားများ မြန်မာနိုင်ငံအတွင်း ထုနှင့်ထည်နှင့် ပျံ့နှံ့ခဲ့ကြောင်း
  • မတော်မတရားလုပ်ခဲ့သည့်အပေါ် နောင်တရပုံ သို့မဟုတ် လုပ်ခဲ့ကြောင်းဝန်ခံမှုမျိုး မြန်မာဘက်တွင် မတွေ့ရသဖြင့် မြန်မာနိုင်ငံ၏ လူမျိုးတုန်းအောင်လုပ်ဆောင်မှုသည် သက်သေထင်ရှားကြောင်း
  • မြန်မာနိုင်ငံရှိ ရိုဟင်ဂျာတို့အတွက် ကြားဖြတ်စီမံဆောင်ရွက်ချက်များ (provisional measures) လုပ်ဆောင်ရန်လိုအပ်သည်မှာ လယ်ပြင်မှာဆင်သွားသလို ထင်ရှားကြောင်း
  • ရာဇဝတ်မှုများကို စုံစမ်းဖော်ထုတ်ရန်အတွက် နိုင်ငံတကာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာဘက်က ဆက်တိုက်ငြင်းနေခဲ့ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံသည် ‘ရိုဟင်ဂျာ’ ဆိုသော စကားလုံးကို မသုံးရန် ကုလကိုပင် တောင်းဆိုခဲ့ဖူးကြောင်း
  • ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်၏ကျူးလွန်မှုများကို တားဆီးရန် သို့မဟုတ် ပြစ်တင်ရှုတ်ချရန် သူ၏နိုင်ငံရေးရာထူးအာဏာကိုရော ဩဇာတိက္ကမကိုပါ မသုံးခဲ့သည့်အပြင် သက်သေများဖျောက်ဖျက်ခြင်း၊ ကုလအစီရင်ခံစာအပေါ် ပယ်ချခြင်းများကိုလည်း အရပ်သားအစိုးရက ရပ်ကြည့်နေခဲ့ကြောင်း
  • လူမျိုးတုန်းအောင်ကျူးလွန်မှုများသည် ဆက်လက်ဖြစ်ပွားနေကြောင်းနှင့် 

လက်ရှိဂျီနိုဆိုက်ကို မြန်မာအနေဖြင့် ရပ်တန့်အောင် တားမြစ်ပေးရန် တရားရုံးကို ဂမ်ဘီယာဘက်က တောင်းဆိုခဲ့သည်။ ကြားနာပွဲကို ခေတ္တရပ်နားပြီး မနက်ဖြန် ဒီဇင်ဘာလ ၁၁ ရက် ဒေသစံတော်ချိန် မနက် ၁၀ နာရီ (မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ) သို့ ပြန်လည်ချိန်းဆိုလိုက်သည်။

ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံဘက်က လျှောက်လဲရမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်အတွင်းက လုပ်ဆောင်ခဲ့သမျှမှာ ARSA အဖွဲ့ကို နှိမ်နင်းရှင်းလင်းခြင်းသာဖြစ်ပြီး ယခုကိစ္စသည် ICJ ၏ တရားစီရင်ပိုင်ခွင့်အတွင်းမရှိကြောင်း ခုခံချေပမည်ဟု မျှော်လင့်ရသည်။

ICJ တရားရုံးအနေဖြင့် စတင်တည်ထောင်သည့် ၁၉၄၈ ခုနှစ်နောက်ပိုင်း ‘လူမျိုးတုန်းသတ်ဖြတ်မှု’ ခေါင်းစဉ်အောက်တွင် အကျုံးဝင်သည်ဟု ဆုံးဖြတ်ခဲ့ဖူးသည့် ဖြစ်ရပ်တစ်ခုသာဖြစ်ပြီး ၁၉၉၅ ခုနှစ်က ဘော့စနီးရှိ ဆရာဘရန်းနီးကာ လူသတ်ပွဲအပေါ် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် သဟိတ်ဂ်မြို့မှာပင် အခြေစိုက်သည့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) တွင်လည်း အမှုဖွင့်ရန် ကြိုးပမ်းခံနေရသလို အာဂျင်တီးနားနိုင်ငံ၌လည်း လူ့အခွင့်အရေးအဖွဲ့များ၏ အမှုဖွင့်ထားခြင်းကို ခံထားရသည်။