Breaking News

ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၁)

ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၁)

ဘုရားဟော သပိတ်မှောက်နည်းဖြင့် စစ်အစိုးရကို တော်လှန်ခြင်း (၁)

(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၁၉
(၁)

တစ်နိုင်ငံလုံး အီးတောင် အသံ ကျယ်ကျယ်မြည်အောင် မပေါက်ရဲချိန်၊ မန္တလေးအခြေစိုက် အထက်ဗမာပြည်ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်က ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ကျဆုံးခဲ့သူတွေကို ရည်စူးပြီး ရှစ်လေးလုံး (၂) နှစ်ပြည့် (၈။၈။၁၉၉၀) ဆွမ်းလောင်းပွဲလုပ်ဘို့ ဆုံးဖြတ်ကြ၊ ဆွမ်းလောင်းပွဲမှာ ကြွရောက်ချီးမြှင့်ဘို့ ဆရာတော်တွေ လိုက်လျှောက်၊ ကျောင်းတိုက်ပေါက်တွေမှာ စာတွေလိုက်ကပ်၊ လူထုကိုလဲ အတူတကွ ပါဝင်လောင်းလှူ ကုသိုလ်ယူကြဘို့နဲ့ အမျှအတမ်း ဝေပေးဘို့ စာတွေ ကမ်းကြတယ်။

အဲဒီတုန်က ပါတီထဲကဆိုလို့ စစ်အစိုးရရဲ့ မတရားသင်း ကြေညာခံရတဲ့ (မ.န.တ )တစ်ပါတီပဲ ပူးပေါင်းပါဝင် လောင်းလှူတာ တွေ့ခဲ့ရတယ်။

ဆွမ်းလောင်းပွဲနေ့မှာ ကြွလာကြတဲ့ သံဃာတွေဆိုတာ တစ်မြို့လုံးနီးပါးပဲ။ ဖြစ်ချင်တော့ ကျောင်းသားတွေက ဝမ်းနဲခြင်းအထိမ်းအမှတ်အဖြစ် (ဗ.က.သ )ရဲ့ ခွပ်ဒေါင်းအလံအနက်ကို ထောင်လိုက်တယ်။ဒါကို တာဝန်ကျဗိုလ်မှူးက အလံ မထောင်ဘို့၊ အလံဖြုတ်ပေးဘို့ ပြောလာတော့ အလံကိုင်ထားတဲ့ ကျောင်းသားအငယ်တွေက နောင်တော်ကျောင်းသားကြီးတွေကို တင်ပြဘို့ဆိုပြီး (အထက)ကျောင်းသား မိုးကျော်
လေးကို လွှတ်လိုက်တယ်။

မိုးကျော်လေးဆိုတာ အ.ထ.ကကျောင်းသားတွေထဲမှာ တက်ကြွလွန်းလို့ ဝရမ်း အကပ်ခံထားရတဲ့သူ။ သူလဲ လာပြောရော အနားမှာရှိတဲ့ ဗိုလ်မှူးက "ဒို့လိုချင်နေတဲ့ကောင်တော့ တွေ့ပြီ။ တခါထဲ ဖမ်းမယ် "ပြောပြီး လက်ကို လှမ်းဆွဲတယ်။ ဒီအချိန်မှာ ဆွမ်းလောင်းပွဲကို ကြီးကြပ်နေတဲ့ ဦးကုသလ (ကိုခင်ဇော်)က " ဗိုလ်မှူးရယ်..ဖမ်းချင်ရင်လဲ ဆွမ်းလောင်းပွဲပြီးမှ ဖမ်းပါ။ ဆွမ်းလောင်း ပြီးအောင်တော့ စောင့်ပါဦး " လို့ ပြောတာကို လက်မခံပဲ " မရဘူး၊ အခုပဲ ဖမ်းမယ် "ပြောပြီး အတင်းဆွဲတော့ မောင်ကု( ခင်ဇော်)ကလဲ ဗိုလ်မှူးလက်ကနေ မိုးကျော်လေးကို ပြန်အဆွဲမှာ လက်ထဲ ပွေ့ထားတဲ့ သပိတ် လွ တ်ကျသွားတယ်။

ဒီလို ဆွဲလား ရမ်းလားနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို သေနတ်တွေ အသင့်ကိုင်ထားတဲ့ စစ်သားတွေက မေးမြန်းခြင်းမရှိပဲ သူတို့ ဗိုလ်မှူးကို ဦးဇင်းတွေနဲ့ ကျောင်းသားတွေ ဝိုင်းတွယ်နေပြီလို့ ထင်သွားပြီး ခြောက်လှန့်ပစ်တာမျိုး မဟုတ်ပဲ ဒူးတွေထောက်ပြီး တည့်တည့် ချိန်ပစ်တယ်။ သေနတ်နဲ့ တကယ်ပစ်ပြီဆိုတော့ သူ့ထက်ငါ အလုအယက် ပြေးကြ တာပေါ့။ ပြေးနေတဲ့ သူတွေကို လိုက်ရိုက်တဲ့သူက ရိုက်ကြသေးတယ်။

ပြေးကြ လွှားကြရင်း သပိတ်လွတ်ကျတဲ့သူကျ၊ ဆွမ်းလောင်းဘို့ ချထားတဲ့ ဆွမ်းတောင်းတွေကို တိုက်မိပြီး လမ်းပေါ် ပြန့်ကြဲ၊ ဆွမ်းဟင်းအိုးတွေ မှောက်ကုန်တာတွေလဲ မြင်မကောင်းလောက်အောင်ကို ဖြစ်လို့။ အဲ...လွတ်ကျခဲ့တဲ့ သပိတ်တွေကိုတော့ လိုက်ရိုက်တဲ့သူတွေက ဘောလုံးအမှတ်နဲ့ ပယ်ပယ်နယ်နယ် ကန်ပစ်ကြတယ်။ စာရင်းချုပ်ကြည့်လိုက်တော့ ကိုရင်အာစိဏ္ဏနဲ့ ကလေးမတစ်ယောက် သေနတ် ထိမှန်တယ်။သေနတ်မှန်တဲ့ ကိုရင်ကို မောင်ကု (ကိုခင်ဇော်) ဦးဆောင်တဲ့ဦးဇင်းတွေက ဆေးရုံပို့ခဲ့ကြပြီး ကလေးမကိုတော့ ကိုအောင်မိုးဝင်း(အမေရိကန်) ဦးဆောင်တဲ့ ကျောင်းသားတွေက ဆေးရုံ ပို့ကြတယ်။

လမ်းပေါ်ထွက် ဆန္ဒပြလို့ အပစ်ခံရတာမျိုး မဟုတ်ပဲ ဆွမ်းခံရင်း ကျည်သင့်တဲ့အဖြစ်မျိုး ဆိုတော့ ဆရာတော်ကြီးတွေ အတော် စိတ်သမသက်မသာ ဖြစ်ကြတယ်။ အပြေးအလွှားနဲ့ ကျောင်းပြန်ရောက်ပြီး မကြာခင်မှာ နှစ်တိုက်ခေါင်းဆောင်တွေကို ဘုန်းကြီးကောက ဆင့်ခေါ်လိုက်တယ်။ ဘုန်းကြီးကောခမျာ အတော် စိတ်မသက်မသာ ဖြစ်ပြီး ခံပြင်းစိတ်ကြောင့် ဘာစကားမှ မမိန့်သေးပဲ ခေါက်တုန့် ခေါက်ပြန် လမ်းလျောက်နေတယ်။

ခဏနေတော့မှ အခြေအနေတွေကို မေးမြန်းပြီး " ဒီစော်ကားမှုကြီးကို စာလာ ပေလာ အတိုင်း တုန့်ပြန်ရရင် "ပတ္တနိက္ကုဇ္ဇန"ကံဆောင်ပြီး သပိတ်မှောက်ကြဘို့ပဲ ရှိတယ်။ ဒီတော့ မောင်ရင်တို့ နှစ်တိုက်ခေါင်းဆောင်တွေနဲ့ မြို့ပေါ်ကျောင်းတိုက်တွေက ခေါင်းဆောင်တွေ မနက်ဖြန်မှာ တွေ့ပြီး ဒီကိစ္စကို တိုင်ပင်ပါ "လို့ မိန့်လိုက်တယ်။

တကယ်တော့ "ပတ္တနိက္ကုဇ္ဇ" လမ်းကြောင်းကို ရွေးပြီး အပြီးထိ မူဘောင်ချပေးခဲ့တာဘုန်းကြီးကော။  ဘုန်းကြီးဦးရာဇကတော့ နောင်တော်ကြီးဖြစ်တဲ့ ဘုန်းကြီးကောရဲ့ဆန္ဒကို ဖြည့်ဆီးပေးရင်းနဲ့ တပည့်တွေကို ထိန်းကျောင်းသွားရုံသက်သက်ပါ။ ဒါပေမယ့် သပိတ်အရှိန် မြင့်လာချိန်မှာတော့ အစိုးရနဲ့ တပည့်တွေ ထိပ်တိုက်ကြုံတိုင်း ဆရာတော်ဦးရာဇကပဲ အဓိက ကိုင်တွယ်ဖြေရှင်းပေးသွားတယ်။

တခြား တိုက်ခေါင်းဆောင်တွေနဲ့ တိုင်ပင်တော့ ဒီလမ်းကြောင်းကို သွားဘို့ အားလုံးက သဘောတူကြတယ်။ ဘုန်းကြီးကောက ဆက်ပြီး မြို့ပေါ်ကျောင်းတိုက်တွေက ဆရာတော်တွေနဲ့ ထင်ရှားတဲ့ဆရာတော်ကြီးတွေဆီ သွားပြီး သဘေားထားခံယူဘို့နဲ့ အကြံဉာဏ်နဲ့ ဩဝါဒတွေကို သေချာမှတ်သားခဲ့ဘို့ လွှတ်လို့ ပထမဆုံး မင်းကွန်း တိပိဋကဆရာတော်ကြီးဆီ ရောက်သွားချိန်မှာ ကျန်းမာရေး မကောင်းလို့ အနားယူနေတာနဲ့
ကြုံတယ်။ 

ဒါပေမယ့်လဲ မန္တလေးက ဆရာတော်ကြီးတွေက ဆန္ဒခံယူခိုင်း၊ ဩဝါဒခံယူခိုင်းလိုက်တယ်ဆိုတာ သိတော့ ကျန်းမာရေး မကောင်းတဲ့ကြားထဲက ထပြီး တွေ့ခွင့်ပေးတယ်။ ဆရာတော်ကြီးကို ဦးခိုက်ပြီး အကျိုး အကြောင်းလျှောက်ထားတော့ ညှိုးနွမ်းတဲ့မျက်နှာတော်နဲ့ " မောင်ပဉ္စင်းလေးတို့ မန္တလေးမှာ ဖြစ်သွားတဲ့အကြောင်းကို ကြားပြီး ဘုန်းကြီးစိတ်မကောင်း ဖြစ်မိသလို အတော်လဲ တုန်လှုပ်မိတယ်။ အခု..ဆရာတော်ကြီးတွေရဲ့ လမ်းညွှန်မှုအတိုင်း မန္တလေးသံဃာတွေ ကံဆောင်ကြတော့မယ်။ မောင်ပဉ္စင်းလေးတို့ ဆရာတော်တွေကို လျှောက်လိုက်ပါ။ ဘုန်းကြီးအနေနဲ့ မန္တလေးက ဆရာတော်ကြီးတွေရဲ့ လမ်းညွှန်မှုအတိုင်း လုပ်ကြမယ့် သံဃာတွေရဲ့ ပွဲကို ဘယ်တော့မှ ကန့်ကွက်မှာ မဟုတ်ဘူး" လို့ မိန့်လိုက်တယ်။ 

ဆရာတော်ကြီးကို ဦးချပြီး ပြန်မယ်အလုပ်မှာ ..
" ဪ..မောင်ပဉ္စင်းတို့..သတိတော့ ထားကြနော်,, " စစ်သားဆိုတာ လူမိုက်တွေ၊ တုမဖြစ်ကြနဲ့ " လို့ မိန့်လိုက်ပါတယ်။

တောင်ထီးလင်းတိုက်ထဲက ဆရာတော်ဦးဇောတိကဆီ သွားလျှောက်တဲ့ အဖွဲ့တွေကိုကျ
တော့ " ဝိနည်းတော်မှာလာတဲ့ သပိတ်မှောက် အင်္ဂါရပ်တွေနဲ့ကတော့ အတော်ကြီးကို ကိုက်ညီနေတာ တွေ့ရသဗျ၊ တကယ်လို့ ညီညီညွတ်ညွတ်နဲ့ လုပ်ကြတော့မယ်ဆိုရင် အရေးအကြီးဆုံးက သပိတ်မှောက် ကမ္မဝါ (ပတ္တနိက္ကုဇ္ဇနကမ္မဝါ) ပဲ။ ဒါကိုတော့ စာတတ် ပေတတ်ဆရာတော်တွေကို စီစဉ်ခိုင်း " ဘို့ မိန့််လိုက်တယ်။

ဗန်းမော်ဆရာတော် (ယခု သံဃမဟာနာယကဥက္ကဋ္ဌဆရာတော်ကြီး)ဆီ ရောက်သွားတော့ စာချနေတာနဲ့ ကြုံတယ်။ သွားလျှောက်တဲ့သူတွေက များတော့ စာဝါ ခဏရပ်ပေးပြီး လျှောက်ခွင့်ပြုတယ်။ လျှောက်လဲပြီးရော သပိတ်မှောက်ပြီးရင် အဓိက လုပ်ဆောင်ရမယ့် သပိတ်တားနည်းကို ဒီလိုလေး " သပိတ်မှောက်တဲ့ကိစ္စတင် မဟုတ်ဘူး၊ သပိတ်မှောက်ပြီးရင် သတိထားလုပ်ဆောင်ရမယ့် သပိတ်တားနည်းကလဲ အရေးကြီးတယ် ဘုရာ့။ အရှင်လေးတို့ သေချာ မှတ်သွားကြဦး။ တချို့သောသူတွေက သပိတ်မှောက်ထားတာကို အမှုမထားပဲ လာဘ် လာဘကို ငဲ့ကွက်ပြီးတော့ပဲဖြစ်ဖြစ်၊ ပင့်တဲ့သူရဲ့ရာထူးဂုဏ်သိန်ကို ထောက်ထားပြီးတော့ပဲဖြစ်ဖြစ် ကြွတတ်ကြတယ်။ အဲဒီလို ကြွတတ်တဲ့သူတွေကို သတိထား စုံစမ်းပြီး တားရမယ်။ ဘယ်လို တားရမလဲဆိုတော့ " အရှင်ဘုရား,တပည့်တော်များ လက်နက်ကိုင်အဖွဲ့အစည်းကို ကံဆောင်ပြီး သပိတ်မှောက်ထားပါတယ်ဘုရာ့ လို့ လျှောက်ရမယ်။ ဒီလို လျှောက်တာကို လက်မခံပဲ ဇွတ်အတင်း ကြွမယ့် အရိပ်အယောင် တွေ့တယ်ဆိုရင် သူ့ရှေ့မှာ ဝမ်းလျားမှောက်ပေးပြီး "အရှင်ဘုရား,တပည့်တော်များ ကံဆောင် သပိတ်မှောက်ထားပါလျှက်နဲ့ ကြွလိုသပဆိုရင် တပည့်တော်တို့ရဲ့ကိုယ်ခန္ဓာပေါ်ကို ဖြတ်နင်းပြီး ကြွပါဘုရား"လို့ လျှောက်ပြီး တားရမယ်"လို့ မိန့်လိုက်တယ်။

အဲဒီအချိန်တုန်းက တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဖြစ်တဲ့ မြတောင်ဆရာတော်ဦးသာသနကို ဆန္ဒပေးရ ခက်မှာစိုးလို့ဆိုပြီး ချန်လှပ်ခဲ့ပေမယ့် တကယ်တမ်း ပွဲကြီးလုပ် ချိန်မှာ သူ့တိုက်ထဲလုပ်တာကို မတားခဲ့တဲ့အပြင် ကံဆောင်ကမ္မဝါ ရွတ်ဖတ်ချိန်မှာတော့ အပြင်က သံဃာတွေနဲ့အတူ သူ့ကျောင်းရှေ့ကနေ ရွတ်ဖတ်သွားတယ်ဆိုတာကို သိလိုက်ရတယ်။ အဲဒီတော့မှ ဆရာတော်ကြီးတွေဆိုတာ သံဃာတွေရဲ့ဆန္ဒအမှန်ကို
မဆန့်ကျဉ်ကြပါပေတကား၊ လိုအပ်လာချိန်မှာ မဆိုင်းမတွ ဘုရားဟောပါဠိတော်လာ နိုင်ငံရေးလုပ်နည်းကို လမ်းညွှန်ရုံမက ဦးဆောင်ဦးရွက် ပြုပေးကြပါပေတကားဟု ဆရာတော်ကြီးများ၏ ဆရာဂုဏ် နာယကဂုဏ်ကို အာရုံပြု ဦးညွှတ်မိပါကြောင်း။

ဥုံဖွ


(မိုးမခ မှတ်ချက် - ၁၉၉၀ ဩဂုုုုုတ်လ မှာ စစ်အစိုးရလက်ထက် ပထမဦးဆုံးသော သံဃာတော်များ၏ သပိတ်မှောက် ကံဆောင်မှု့ကြီး ဖြစ်တော်မူသည်။ မစိုးရိမ်ဆရာတော်ကြီးများ ဦးရာဇဓမ္မ၊ ဦးကောဝိဒတို့ ကိုယ်တိုင် ဦးဆောင်ရပ်တည်တော်မူသည်။ စစ်အစိုးရက ပြင်းထန်စွာ နှိမ်နင်း ချေမှုန်းခဲ့သည်။ ထိုစဉ်က သပိတ်မှောက်ကံဆောင်မှု မှတ်တမ်းကို ထိုစဉ်က ဦးရွက်ထမ်းဆောင်ခဲ့သူ၏ သံဃာတော်ဘ၀က ကိုယ်တွေ့မှတ်တမ်းကို တင်ဆက်ခြင်း ဖြစ်သည်)။