Breaking News

ဇင်လင်း - ပြည်တွင်းစစ်အိပ်မက်ဆိုး မှ နိုးထချိန်တန်ပြီ

Irrawaddy News Photo

ဇင်လင်း - ပြည်တွင်းစစ်အိပ်မက်ဆိုး မှ နိုးထချိန်တန်ပြီ

(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၉


မြန်မာနိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု အခင်းအကျင်းသည် အိပ်ပေါက်နှင့် ဖားကောက်သလို ဖြစ်နေပြီ လားဟု မေးခွန်းထုတ်ရမည့် အခြေအနေဖြစ်လာသည်။ ၁၉၄၇ ခုနှစ်၊ (၂၀)ရာစုပင်လုံညီလာခံမှ အစပြုခဲ့သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအိပ်မက်သည် ယနေ့အချိန်အထိ သောင်မတင် ရေမကျ ဖြစ်နေသည်။ အောင်မြင်ရေး လမ်းစကို ရေးရေးမျှပင် မမြင်ရသေးဟု ဆိုရမည်။ ၂၀ ရာစု အလယ်ပိုင်းက အသက်ရှင်နေထိုင်ခဲ့ကြသော မိဘ ဘိုးဘွား များ၏ ကိုလိုနီဘဝမှ လွတ်လပ်ရေး ရည်မှန်းချက် အောင်မြင်ခဲ့သော်လည်း၊ ရှေ့တဆင့်တက်ရမည့် ဒီမိုကရေစီအခြေပြု ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး မျှော်လင့်ချက်တို့သည် နိုးတဝက်မှာပင် ပျက်ပြယ်နေဆဲ ရှိသည်။ အဘယ်ကြောင့် ဆိုသော် ပြည်ထောင်စု အကောင်အထည်ဖေါ်ရေး သဘောထားအမြင် အယူအဆများ မတူကွဲလွဲကြရာမှ ညီညွတ်ရေး အစည်းပြေခဲ့ရသဖြင့် ထင်မှတ်မထားသော ပြည်တွင်းစစ်အိပ်မက်ဆိုးနှင့် ရင်ဆိုင်တိုးခဲ့ရသည်။

ယနေ့ယခုအချိန်တွင် ယင်း အိပ်မက်ဆိုးမှ နိုးထကြရန် အခါအခွင့် ကြုံလာပြီဟု ဆိုနိုင်သည်။ သို့သော် ထိုအိပ်မက်ဆိုးကို ဖယ်ရှားနိုင်ရန် တိုင်းရင်းသားပြည်သူအားလုံး သွေးစည်းကြရန် လိုပေသည်။ လက်ရှိအချိန်တွင် နိုင်ငံ၏ ကံကြမ္မာသည် မျိုးဆက်သစ် တိုင်းရင်းသားလူငယ်များ၏ လက်ဝယ်ရောက်ရှိနေသည့်အလျောက် ရှေးကမိဘဘိုးဘွားများ မျှော်လင့်ခဲ့ သည့် ပြည်ထောင်စုအိပ်မက်ကို လက်တွေ့အကောင်အထည် ပေါ်လာစေရန် ဝိုင်းဝန်းကြိုးပမ်းကြဖို့ သန္နိဋ္ဌာန်ချကြရပေ မည်။ တိုင်းရင်းသားပြည်သူအားလုံး အမြတ်တနိုးတန်ဖိုးထားသော ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် အတိတ်က အမှားများကို သင်္ခန်းစာယူရန်လည်း လိုသည်။ တိုင်းရင်းသားအစုအဖွဲ့အသီးသီး၌ ပြည်ထောင်စုအိပ်မက်ကို ပီပီပြင်ပြင်ဖေါ်ဆောင်လိုသော ဆန္ဒမွန်များ ကိုယ်စီရှိနေကြသည်ဖြစ်ရာ၊ လက်တွေ့အစပြုရမည့် လုပ်ငန်းစဉ်မှာ အမျိုးသား ရင်ကြားစေ့ရေး ဖြစ်သည်။ ထို့နောက် ပြည်တွင်းစစ်မီးကို ငြှိမ်းသတ်နိုင်ရန် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ပါ သဘောတူညီချက်များကို ပြန်လည် သုံးသပ် ညှိနှိုင်းကြရမည် ဖြစ်သည်။

လက်နက်ကိုင်လမ်းစဉ်ဖြင့် ပြည်တွင်းစစ် စတင်ဖန်တီးခဲ့သူများသည် ၂၁ ရာစု ယနေ့အချိန်တွင် လက်ရှိ လောက၌ မရှိကြ တော့သော်လည်း၊ လက်ရှိ ပြည်တွင်းစစ်မီးကို ငြှိမ်းသတ်ရန်နှင့် ဖက်ဒရယ်ပြည် ထောင်စုအိပ်မက်ကို အကောင်အထည် ဖော်ရန်မှာ ယခုလက်ရှိ မျိုးဆက်သစ်များ၏ ပခုံးထက်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာသော သမိုင်းတာဝန်များဟု ဆိုနိုင်သည်။ တနည်းအားဖြင့် အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရန် အမျိုးသားရင်ကြားစေ့ရေး အစီ အစဉ်ကို စိတ်ရင်းကောင်းဖြင့် စတင်ခင်းကျင်းနိုင်ဖို့လိုသည်။ အမျိုးသားရင်ကြားစေ့ရေးဟုဆိုရာ၌ အစိုးရနှင့် တပ်မတော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရ၊ သုံးပွင့်ဆိုင် အကျေအလည် ဆွေးနွေးညှိနှိုင်း အကျိတ်ချေကြဖို့လိုသည်။ ထိုမျှမက တိုင်းရင်းသားပြည်သူများနှင့် အစိုးရအကြား၊ တိုင်းရင်းသားပြည်သူ များနှင့် တပ်မတော်အကြား၊ တိုင်းရင်းသားပြည်သူ မျိုးနွယ်စုများ အချင်းချင်းအကြား အထင်အမြင်လွဲမှားမှုများကိုလည်း စနစ်တကျ ရင်းနှီးခင်မင်မှု အခြေခံသော တွေ့ဆုံဆွေးနွေးမှုများ ဖေါ်ဆောင်ပေးခြင်းအားဖြင့် အပြန်အလှန် နားလည် ယုံကြည်လာအောင် လုပ်ပေးဖို့လိုသည်။

အလွှာအသီးသီးမှ ပြည်သူများ ပါဝင်ခွင့်ရှိသည့် နိုင်ငံရေးဆွေးနွေးပွဲများကိုလည်း ပွင့်လင်းရိုးဖြောင့်စွာ ပုံမှန် ကျင်းပခွင့် ပြု ဖို့လိုသည်။ ၂၁ ရာစု ပင္လုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်စဉ်သည် ဖေါ်ပြပါ လူမှုအသိုင်းအဝိုင်း အစုအဖွဲ့အချင်းချင်းအကြား မတူကွဲလွဲသည့် အမြင်များကို တစ်စုံတစ်ရာ ညှိနှိုင်းပေးနိုင်သည့် ညီလာခံ အမျိုးအစားဖြစ်သည်။ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ပြည်သူလူထုအကြား အပြန်အလှန် နားလည်သဘောပေါက်မှု ရှိရန်လို သည်။ အစိုးရနှင့် တပ်မတော်အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သံသယရှင်းမှလည်း အပြန်အလှန် ယုံကြည် မှု တိုးတက်ဖြစ်ထွန်းနိုင်မည်။ အပြန်အလှန် ယုံကြည်မှုခိုင်မာမှလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ထွန်းနိုင်မည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ခိုင်မာမှသာ လက်ရှိ ကြုံတွေ့ နေရသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တစ်ဆို့တန့်ရပ် ဖြစ်နေသည့် အခြေအနေကို ကျော်ဖြတ်နိုင်မည်။ အထူးသဖြင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ အမြော်အမြင်ရှိဖို့လိုသည်။ အလားတူပင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီး၏ ခေါင်းဆောင်များ အနေဖြင့်လည်း ကဏ္ဍအသီးသီး၌ တန်းတူညီမျှ အခွင့်အရေးရရှိမည့် ပြည်ထောင်စုတစ်ခု တည်ထောင်လိုပါက ရန်လိုမှုများ လက်စားချေလိုမှုများ စစ်အင်အားသုံးအနိုင်ကျင့်လိုမှုများကို ခဝါချနိုင်ကြရမည်။ နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုမည့်သူ များအနေဖြင့် အချင်းချင်းအကြား စိတ်ဝမ်းကွဲစေမည့် စကားနှင့် အပြုအမူများကို လုံးဝရှောင်ကြဉ်နိုင်မှသာ ပဋိပက္ခများ ပြေငြိမ်းစေနိုင်ပေလိမ့်မည်။ လတ်တလောတွင် အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs) အားလုံး တစ်ဖွဲ့မကျန် ၂၀၂၀ တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးေနွးပွဲတွင် ပါဝင်နိုင်အောင် လမ်းခင်းပေးရေး စဉ်းစား ဆောင်ရွက်သင့်သည်။ AA၊ TNLA၊ MNDAA၊ KIA တို႕အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အားလုံး အကြုံးဝင်သည့် တစ်နိုင်ငံလုံး ယာယီ အပစ်ရပ်ရေး(Transitory Ceasefire) ကို ထပ်မံ ကြေညာသင့်သည်။ ရခိုင်ပြည်နယ်တွင် ကျယ်ပြန့် ပြင်းထန်လာနေသော စစ်ရှိန်ကို ချက်ချင်း ရပ်ပစ်နိုင်မှသာ နိုင်ငံရေး ဆွေးနွေးပွဲဆီသို့ဆွဲခေါ်နိုင်ဖွယ်ရှိပေသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် မြန်မာနိုင်ငံ နေရာ အများအပြားတွင် သာမန်ပစ်ခတ်မှုအချို့မှလွဲ၍ တိုက်ပွဲကြီးများ မရှိသလောက်လျော့ကျခဲ့သည်။ သို့သော် ချွင်းချက် အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတို့တွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သည်။

စစ်လက်နက်အင်အား တောင့်တင်းသော ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် (EAOs) ၁၀ ဖွဲ့သည် ငြိမ်းချမ်းရေး ဆွေနွေးပွဲတွင် ပါဝင်အဖြေရှာနေသော်လည်း၊ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)၊ (တအာင်း) ပလောင်လွတ်မြောက်ရေးအဖွဲ့(TNLA) တို့သည် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ဒေသများတွင် အပြင်းအထန် တိုက်ပွဲဆင်နေကြသည်ကို ကြားသိနေရသည်။

၂၀၁၈ ဒီဇင္ဘာလ မွအစျပဳ၍ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အရပ်သား ၉၀ ခန့် သေဆုံးခဲ့၍ ၁၄၀ ကျော်ဒဏ်ရာရရှိခဲ့သည့်အပြင်၊ ၁၅၀ ခန့်ဖမ်းဆီးချုပ်နှောင်ခံနေရေကြာင်း ကူညီ ကယ်ဆယ်ရေးအဖွဲ့အစည်းများက ခန့်မှန်းကြကြောင်း RFA သတင်းအရ သိရသည်။

၂၀၁၉ ဒီဇင်ဘာလ (၁)ရက် သတင်းများအရ ရခိုင်ပြည်နယ် ကုလားတန်မြစ်အတွင်းရှိ ပလက်ဝတံတားစီမံကိန်းအတွက် ဆောက်လုပ်ရေးသုံး ပစ္စည်းများတင်ဆောင်လာသည့် ရေယာဉ် ခြောက်စင်းကို ရက္ခိုင့်တပ်တော် AA က ကမ်းပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် အရာရှိနှင့် စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော် က သတင်းထုတ်ပြန်ခဲ့သည်။ ပလက်ဝတံတားစီမံကိန်းတွင် အသုံးပြုမည့် သံဘောင်နှင့် ဆောက်လုပ်ရေးပစ္စည်းများ တင်ဆောင်လာသော ရေယာဉ်ခြောက်စင်းသည် စစ်တွေ-ကျောက်တော်-ပလက်ဝလမ်းေကြာင်းအတိုင်း ကုလားတန်မြစ် အတွင်း မောင်းနှင်လာစဉ် နိုဝင်ဘာ ၂၉ ရက်နေ့က တစ်ကြိမ်၊ ဒီဇင်ဘာ ၁ ရက်နေ့က တစ်ကြိမ် ရက္ခိုင့်တပ်တော် AA ၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။ ကျောက်တော်မြို့ ကန်ဇောက်ကျေးရွာအနီးတွင် တစ်ကြိမ်၊ မီးဝကျေးရွာတွင် တစ်ကြိမ် ရက္ခိုင့်တပ်တော် AA အဖွဲ့က ကမ်းပေါ်မှနေ၍ လက်နက်ကြီး လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့သောကြောင့် ရေယာဉ်ထိခိုက်ပျက်စီးခဲ့ပြီး အရာရှိနှင့် စစ်သည် အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောကြားခဲ့သည်။

၂၀၁၉ မတ်လ ၁၆ ရက်နေ့ကလည်း ဆောက်လုပ်ရေးပစ္စည်း တင်ဆောင်လာသည့် သင်္ဘောတစ်စင်းကို လက်နက်ငယ် များဖြင့် ပစ်ခတ်မီးရှို့ဖျက်ဆီးခဲ့၍၊ နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း သံဘောင်နှင့် ဆောက်လုပ်ရေးသုံးပစ္စည်း တင်လာသော ရေယာဉ်များကို ပစ်ခတ်တိုက်ခိုက်မှု လုပ်ခဲ့ကြောင်း တပ်မတော်က ဆိုသည်ဟု RFA သတင်းအရသိရသည်။ AA အဖွဲ့ ပြောခွင့်ရသူ ခိုင်သုခက ကုလားတန်မြစ်စီမံကိန်းကို အကြောင်းပြု၍ စစ်လက်နက် ပစ္စည်းများနှင့် စစ်သည်များ တင်ဆောင် လာသောကြောင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု တုန့်ပြန်ခဲ့သည်။ AA အဖွဲအနေဖြင့် စီမံကိန်းကို နှောင့်ယှက်မှု မလုပ်ကြောင်း၊ စီမံကိန်းအတွက် ပစ္စည်းသယ်ဆောင်မည့်အကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားမည်ဆို လျှင် အစောင့်အရှာက်မပါဘဲ သယ်ဆောင်နိုင်ကြောင်း ခိုင်သုခက RFA သတင်းသို့ပြောကြားသည်။ အဆိုပါ ရေယာဉ်များ စီမံကိန်းအတွက် အသုံးပြုမည့်ပစ္စည်းများ သယ်ဆောင်ခြင်း မှန်ကန်လျှင် ခွင့်ပြုသွားမည် ဖြစ်သည်ဟု ဆိုသည်။

ဤအတောအတွင်း ရခိုင်ပြည်နယ်တွင် တပ်မတော်က သံသယဖြင့် ဖမ်းဆီးခံထားရသူအချို့ စစ်ကြောရေးအခန်း၌ အသက် သေဆုံးခဲ့ရသော ဖြစ်စဉ်များဖြစ်ပေါ်နေကြောင်း RFA က ဆိုသည်။ ယင်းသို့သေဆုံးမှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပြီး တည်ဆဲဥပဒေများနှင့် အညီ ဆက်လက်ဆောင်ရွက်ပေးရန် ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်တို့က ပြည်သူ့လွှတ်တော် တိုင်ကြားစာ နှင့် အသနားခံစာရေးရာ ကော်မတီထံ မှတစ်ဆင့် ဇွန်လ ၂၁ ရက်နေ့က တင်ပြခဲ့သည်ဟု ဆိုသည်။

ထို စာနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အကြောင်းပြန်စာကို အချိန် ‌၆ လနီးပါး ကြာမြင့် ပြီးနောက် ဒီဇင်ဘာ (၁)ရက်နေ့တွင် လွှတ်တော်ကော်မတီ မှတစ်ဆင့် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက လက်ခံရရှိခဲ့ ဟု RFA သတင်းက ဆိုသည်။ ကော်မရှင်၏ အကြောင်းပြန်စာ၌ လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ကာကွယ်ရေးဝန်ကြီး ဌာန ၏ ခုံရုံးဖွဲ့ စုံစမ်းစစ်ဆေးမှုပေါ်ပေါက်ချက်အေပါ်မူတည်၍ ဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမည်ဟု ပါရှိ ကြောင်း သိရသည်။ စုံစမ်းစစ်ဆေးရန် တင်ပြခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းက လူ့အခွင့်အရေး ကော်မရှင်၏ တုံ့ပြန်ချက်သည် အားရစရာမရှိဟု ပြောကြားခဲ့သည်။

၂၀၁၉ ဧပြီလ ၁၀ ရက်နေ့က မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ရွာသား ၂၇ ဦးကို တပ်မတော်က ထိန်းသိမ်း စစ်ဆေးခဲ့ သည်ဟု ဆိုသည်။ စစ်ကြောရေးကာလအတွင်း ထို ၂၇ ဦးအနက်မှ ၃ ဦး သေဆုံးခဲ့ပြီး၊ သေဆုံးသူတို့၏ ရုပ်အလောင်းကို မိသားစုဝင်များ ကြည့်ရှုခွင့်မရခဲ့ဟု ဆိုသည်။ လက္ကာကျေးရွာအပါအဝင် မင်းပြားမြို့နယ် ပန်းမြောင်း၊ ကျောက်တော်မြို့နယ် မင်းသားတောင်၊ မြောက်ဦးမြို့နယ် ဝေသာလီ စသည့် ကျေးရွာများမှ ရွာသားများကို တပ်မတော်က စစ်ဆေးစဉ် သေဆုံး သူ ၁၀ ဦးမျှရှိခဲ့ကြောင်း၊ ထိုဖြစ်ရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် က စုံစမ်းစစ်ဆေး ရန် မရှိသေးဟု လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးထံ အကြောင်း ပြန်စာပေးပို့ခဲ့သည်ဟု ဆိုသည်။

အထက်ပါ သတင်းများကို စေ့ငုလေ့လာပါက ရခိုင်ဒေသတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ဒေသခံ ပြည်သူများမှာ မြေစာ ပင် ဖြစ်နေကြရသည်။ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးရသည်။ စစ်မက်ဖြစ်ပွားရာဒေသများ၌ တရားဥပဒေစိုးမိုး ရေး ပျက်ပြားရသည်။ ပြည်သူလူထုသည် တရားဥပဒေ၏ တန်းတူရည်တူ ကာကွယ်စောင့်ရှောက်ခံရမှု ဆုံးရှုံးရသည်။ တရားဥပဒေ၏ ကာကွယ်စောင့်ရှောက်မှု မရရှိသောကြောင့် ရခိုင်ဒေသတွင် သာမန်အရပ်သားများသည် ရခိုင်လူမျိုးဖြစ် နေရုံဖြင့် AA အဖွဲဝင်အဖြစ် သို့မဟုတ် ထောက်ခံသူအဖြစ် ရိုးစွပ်ခံကြရသည်။ ဥပဒေနှင့် အညီ ဖမ်းဆီးသည်ဆိုလျှင်ပင် သက်သေမခိုင်လုံဘဲ ၂၄ နာရီ ထက် ပို၍ ချုပ်နှောင်ခွင့်မရှိပေ။ သို့သော် ရခိုင်တွင် လက်ရှိ မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်မေး ခံရသူတို့သည် ၂၄ နာရီ မက ချုပ်နှောင်ခံကြရပြီး၊ ရိုက်နှက်ညှင်းပမ်းနှိပ်စက်မှုပါခံနေကြရကြောင်း သတင်းများ ပေါ်ထွက် နေသည်။ ယင်းသို့ သက်သေအထောက်အထား မခိုင်လုံဘဲ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ရိုက်နှက်ညှင်းပမ်းခြင်း စသည်တို့ သည် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ဖြစ်သည်။ စစ်မက်ဖြစ်ပွားရာဒေသ၌ နှစ်ဖက် စစ်သားများအနေဖြင့် သာမန်ပြည်သူ တို့ကို ရိုက်နှက် အနိုင်ကျင့်ခြင်း မလုပ်ရသည့်အပြင် အန္တရာယ်ကင်းရန် ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ပင် ရှိသည်။ ထို စစ်သည်တော် ကျင့်ဝတ်သည် စစ်သားတိုင်းလိုက်နာရမည့် စည်းကမ်းအစဉ်အလာလည်း ဖြစ်သည်ကို မမေ့အပ်။

ယခုကဲ့သို့ သာမန်ပြည်သူများကို မသင်္ကာရုံဖြင့် ဖမ်းဆီးညှင်းပမ်းစစ်ဆေးခြင်းသည် စစ်စည်းကမ်းအပါအဝင် လူ့အခွင့် အရေးဆိုင်ရာ စည်းကမ်းကျင့်ဝတ်တို့ကို ချိုးဖေါက်မှုများ ဖြစ်ပေသည်။ ကုလားတန်မြစ်အတွင်းရှိ ပလက်ဝ တံတား စီမံကိန်းအတွက် ဆောက်လုပ်ရေးသုံး ပစ္စည်းများတင်ဆောင်လာသည့် ရေယာဉ် ခြောက်စင်းကို ရက္ခိုင့်တပ်တော် AA က ကမ်းပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းသည်လည်း ကျင့်ဝတ်ဖေါက်ဖျက်မှုဖြစ်သည်။ သူပုန်တပ်ပင် ဖြစ်သော်လည်း နိုင်ငံရေးရည်မှန်းချက်အရ ထူထောင်ခဲ့သည့် သူပုန်တပ်ဖွဲ့ဖြစ်ပါက ပြည်သူလူထုအကျိုးစီးပွားကို ထိခိုက် ပျက်ပြားစေမည့် အရပ်ဖက်ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်မှုများ မလုပ်ရပေ။ သာမန်ပြည်သူကို မသင်္ကာရုံမျှဖြင့် ဆဲဆို ကြိမ်းမောင်းခြင်း၊ ရိုက်နှက်ခြင်း၊ လူထုက မပေးဘဲ ပစ္စည်းများကို အဓမ္မ ယူခြင်း စသည်တို့မှာ လက်နက်ကိုင်အဖွဲ့အစည်း များ မလုပ်အပ်သော ကိစ္စများဖြစ်သည်။ သာမန်အရပ်သားများဖြစ်စေ၊ အစိုးရ အရာထမ်းအမှုထမ်းဖြစ်စေ၊ လက်နက်ကိုင် ဆောင်ထားခြင်း မရှိပါက ရန်သူသဖွယ် ဖမ်းဆီးရိုက်နှက်စစ်ဆေးခြင်း မပြုသင့်ပေ။ ယင်းသို့သော လုပ်ရပ် များကြောင့် သက်ဆိုင် သည့် လက်နက်ကိုင်အဖွဲ့အား ပြည်သူလူထုက ဆန့်ကျင်နိုင်သည်ကို ထည့်သွင်း စဉ်းစားသင့်သည်။

အနှစ်ချုပ်ရလျှင် လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်မှ အစပြု၍ တိုင်းရင်းသားအချင်းချင်းအကြား တန်းတူရည်တူ သဘော ထားလျှက် တရားမျှတစွာ နိုင်ငံသားတစ်ဦးချင်း၏ ရပိုင်ခွင့်များကို အသိအမှတ်ပြုခဲ့ပါက ပြည်တွင်းစစ် ပေါ်ပေါက်လာဖွယ် မရှိသည့်အပြင် စီးပွားရေးအရလည်း ဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စု ဖြစ်နေလောက်ပေပြီ။ တန်းတူရေး၊ တရားမျှတ ရေး လွတ်လပ်ရေးဆိုသည့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို လွတ်လပ်ရေးရရှိစဉ်ကတည်းက ပေးအပ်ခဲ့မည်ဆိုပါက၊ သူပုန် ထမှုများလည်း ပေါ်လာဖွယ်မရှိပေ။ သို့သော် ၁၉၄၇ ပင်လုံကတိကဝတ်ပါ အခွင့်အရေးများကို ဖေါ်ဆောင်ရန် ပျက်ကွက် ခဲ့၍ ညီနောင်အချင်းချင်း ပဋိပက္ခဖြစ်ကြရသည်။ သို့ဖြင့် မဖြစ်သင့်သည့် သူပုန်ထမှုအစပြုသော စစ်ရေးပဋိပက္ခများ ဖြစ်ခဲ့ ရသည်။ နိုင်ငံရေးအမြင် ကွဲလွဲမှုကို အခြေခံကာ ပဋိပက္ခဖြစ်ပွားခဲ့သောကြောင့် လက်နက်ကိုင်နည်းဖြင့် တိုက်ယူရေး ဆိုသည့် အမြင်လွန်ကဲခဲ့သည်။ နိုင်ငံရေး အယူအဆများ မတူကွဲလွဲခဲ့ရာမှ ညီညွတ်ရေး အစည်းပြေခဲ့ရပြီး၊ နှစ်ပေါင်း ၇၀ ကြာမျှ ပြည်တွင်းစစ် အိပ်မက်ဆိုးကြီးကို မြင်မက်ခဲ့ရသည်။ ယခုအချိန်တွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲဝိုင်း ပေါ် တွင် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းကြရမည့် ခေတ်သို့ရောက်နေပြီ။ ထို့ကြောင့် ပြည်တွင်းစစ်အိပ်မက်ဆိုး မှ နိုးထချိန် တန်ပြီ ဖြစ်ကြောင်း သက်ဆိုင်သူအားလုံးအား ပန်ကြားလိုပါသည်။

၂၀၁၉ ဒီဇင်ဘာ ၉ ရက်၊ တနင်္လာနေ့၊ ဒီလှိုင်းစာစောင်၌ ဖေါ်ပြခဲ့သည့် ဆောင်းပါး။