Breaking News

ကျော်၀ဏ္ဏ - ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပါသည်

ကာတွန်း အောင်မော် (သူ့ဖေ့စ်ဘွတ်က ယူပါတယ်)


ကျော်၀ဏ္ဏ - ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပါသည်

(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၁၉

ရခိုင်ဒေသမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိဘူးလားဆိုရင် မြန်မာနိုင်ငံအရေး စိတ်ဝင်စားသူတွေအားလုံး သိကြပါတယ်။ တကယ့်ကို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိပါတယ်။ ရုပ်ရည်သွင်ပြင်၊ ယဉ်ကျေးမှုနဲ့ ဘာသာစကား သိသိသာသာ ကွဲပြားခြားနားတဲ့ တဘက်နိုင်ငံကနေ ပြောင်းရွေ ့အခြေချ ဝင်ရောက်လာသူတွေဟာ အဲဒီဒေသမှာ ဘယ်နှနှစ်ကြာကြာပဲနေခဲ့ နေခဲ့၊ မျိုးဆက်ဘယ်နှဆက်ပဲ ရှိနေရှိနေ၊ တရားဝင်မှုကို တရားဥပဒေလမ်းကြောင်းအတိုင်း သွားလို့ မရနိုင်တဲ့ အနေအထားနဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုအခွင့်အရေးတွေဘာမှ မရှိဘဲ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ကြရပါတယ်။ (၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေဆိုတာ ပြီးပြည့်စုံတဲ့ ဥပဒေမျိုးမဟုတ်ဘဲ လိုအပ်ချက်များရှိနေတဲ့ ပြင်ဆင်သင့်တဲ့ ဥပဒေတခုဆိုတာကို "ကိုဖီအာနန်"ရဲ ့ အစီရင်ခံစာမှာ ထောက်ပြထားဖူးပါတယ်။) တရားဥပဒေ စိုးမိုးတဲ့နိုင်ငံတခု အနေနဲ့ဆိုရင် အဲဒီဒေသက တရားမဝင် ဝင်ရောက်နေထိုင်မှုတွေကို နိုင်ငံရဲ ့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူနိုင်ရမှာဖြစ်သလို၊ ခိုင်မာ၊ မျှတ၊ တိကျတဲ့ နိုင်ငံသား ဥပဒေနဲ့လည်း နိုင်ငံသားဖြစ်သင့်သူတွေအတွက် ဆောင်ရွက်ပေးရမှာပါ။

မြန်မာစစ်တပ်အနေနဲ့ အဲဒီ ဒေသက စစ်ဆင်ရေးတွေမှာ ဘယ်လို ပြုမူဆောင်ရွက်ခဲ့ကြမလဲဆိုတာကို သူတို့အကြောင်းသိသူတိုင်းမှာ အဖြေရှိပြီးသားပါ။ ရန်ကုန်လို နိုင်ငံရဲ ့ အဓိကရ မြို ့တော်ကြီးရဲ ့လမ်းမတွေပေါ်၊ မျက်မြင်သက်သေ ထောင်ပေါင်းများစွာရဲ့ရှေ ့မှာတောင် သွေးအေးအေးနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ စစ်တပ်ပါ။ အချို့ပြောနေသလို တိုင်းရင်းသားတွေကိုမှ ရွေးပြီး နှိပ်စက်သတ်ဖြတ်တာမဟုတ်၊ လူမျိုးမရွေး၊ ဘာသာမရွေး ခံခဲ့ကြရတာပါ။

နယ်စွန်နယ်ဖျားတွေ၊ တိုင်းရင်းသားဒေသတွေမှာဆိုရင် ဘယ်လောက်အထိ ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့မလဲဆိုတာ တွေးသိနိုင်တဲ့အဖြစ်ပါ။

တခြားတဘက်ကို ကြည့်တဲ့အခါ ရိုဟင်ဂျာ ဆိုတာ ဘင်္ဂလားဒေ့ရှ်ဘက်ကလာတဲ့သူတွေဆိုတဲ့ အဓိပ္ပါယ်ကို အသွင်ပြောင်းထားတဲ့ စကားသက်သက်ပါ။ မြန်မာနိုင်ငံရဲ ့ တိုင်းရင်းသားမဟုတ်ပါဘူး။ ဗျူဟာမြောက်အောင် တီထွင်ထားတဲ့ စကားစုပါ။ "အာဆာ" ဆိုတာ အကြမ်းဖက်အဖွဲ့ဖြစ်ပြီး ရခိုင်ဒေသက ရဲကင်းတွေကို တချိန်တည်း တပြိုင်တည်းတိုက်ခိုက်မှုတွေ ပြုနိုင်အောင် အင်အားတစုံတရာရှိတဲ့အဖွဲ့လို့ ပြောလို့ရပါတယ်။

ပဋိိပက္ခတွေဖြစ်ကြချိန်မှာလည်း နှစ်ဘက်စလုံးက ရက်ရက်စက်စက်သတ်ဖြတ်မှုတွေပြုခဲ့ကြတာပါ။ ဒေသခံရခိုင်လူမျိုး၊ မြိုလူမျိုးစုတွေ၊ ဟိန္ဒူဘာသာဝင်တွေကို အစုလိုက်အပုံလိုက် သတ်ဖြတ်တာ၊ တဘက်နိုင်ငံအထိ ဖမ်းဆီးခေါ်ဆောင်သွားတာတွေကို "ရိုဟင်ဂျာ" လို့ သူတို့ကိုယ်သူတို့ ခေါ်ဆိုနေတဲ့ အဖွဲ့တွေက ပြုမူခဲ့တာပါ။ ဒါကြောင့် တဘက်တည်းကို အပြစ်ပုံလို့ မရတဲ့အနေအထားဖြစ်ခဲ့ပါတယ်။

ဒီအရေးကြောင့် မြန်မာနိုင်ငံမှာ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် မရှိပါဘူး၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ရှိနေပါတယ်လို့ အာဘောင်အာရင်းသန်သန်နဲ့ ပြောနေဆိုနေကြတဲ့နိုင်ငံသားဟောင်း တချို့ဟာ ဆူးလေစေတီ၊ အစ္စလမ်ဗလီနဲ့ ဧမာနွေလ ဘုရားကျောင်းတွေ သုံးပွင့်ဆိုင် ပေါ်ပေါ်ထင်ထင်ရှိနေကြတဲ့ အနီးက ပန်းဆိုးတန်းပတ်စ်ပို့ရုံးမှာ ဓါတ်ပုံရိုက်ပြီး ရန်ကုန်လေဆိပ်ကနေ ထွက်ခွာလာကြတဲ့သူတွေပါ။

ဗုဒ္ဓတရားတော်နဲ့ မကိုက်ညီတဲ့ အမုန်းတရားတွေကို သင်္ဃန်းအကာအကွယ်နဲ့ ပြောဆိုလှုံ ့ဆော်နေတဲ့ "ဝီရသူ"လို ဘာသာရေးအရေခြုံတွေနဲ့ လူမျိုးရေး၊ ဘာသာရေးတွေကိုရှေ ့တန်းတင်လို့ အပြစ်မဲ့အသက်တွေကို ရက်ရက်စက်စက် နင်းခြေခဲ့ကြတဲ့ အာဏာရူးတွေက လူမျိုးရေးအဓိကရုန်းတွေဖြစ်လာအောင် ကြံဆောင်တဲ့ နိုင်ငံရေးကစားကွက်တွေကို မမြင်နိုင်ဘဲ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် မရှိဘူးလို့ ပြောချင်ကြတယ်ဆိုရင် လက်ရှိမြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ OIC အဖွဲ့ထဲက ဘာသာရေးအလွတ်လပ်ဆုံး ဆိုတဲ့နိုင်ငံနဲ့ မြန်မာနိုင်ငံက ဘာသာရေးလွတ်လပ်ခွင့်ကို နှိုင်းယှဉ်ကြည့်လို့ရပါတယ်။

ယောက်ကျား/မိန်းမ တန်းတူအခွင့်အရေးတောင်မရှိတဲ့ OIC အဖွဲ့ဝင်နိုင်ငံအများစုထဲမှာ လူ့အခွင့်အရေးက လင်းလက်နေတယ်လို့များ လီဆယ်ဦးမှာလား။ ခင်ဗျားတို့ အပြောလေးတွေတော့ နည်းနည်းလျော့စေချင်ပါတယ်။ စစ်အုပ်စုက နှစ်ပေါင်းများစွာ မဖြေရှင်းဘဲထားခဲ့တဲ့ ပြသနာတွေနဲ့ နှစ်ဘက်စလုံးက ကျူးလွန်ခဲ့ကြတဲ့ လူသားမဆန်မှုတွေ၊ ရာဇဝတ်မှုတွေမှာ တဘက်တည်းသာ အပြစ်ရှိတယ်လို့ ကိုယ့်ဇာတိနိုင်ငံကို အနိုင်ကျင့်ချင်သူတွေ ကျေနပ်အားရမယ့် စကားမျိုး ခင်ဗျားတို့မို့ ပြောရက်တယ်၊ ပြောထွက်တယ်။

ဘယ်ခေတ်ကမှ ဖြေရှင်းဖို့မကြိုးစားခဲ့တဲ့ ရခိုင်ဒေသအရေးကို ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူဖြေရှင်းနေချိန်မှာ ဒီပဋိိပက္ခကို ပြေလည်စေချင်တဲ့ စိတ်စေတနာထက် ပြသနာကနေ အမြတ်ထုတ်လိုသူတွေရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ရန်လိုပြစ်တင်သံတွေကို စိတ်ပျက်မိပါရဲ့။

မြန်မာနိုင်ငံနဲ့ မြန်မာစစ်တပ်အကြောင်း သိထားတဲ့သူဆိုရင် ယနေ့အထိ ပြည်သူကို ဘယ်တော့မှ မျက်နှာမမူတတ်တဲ့ အာဏာရူးတို့ရဲ ့လက်ကိုင်တုတ် စစ်တပ်နဲ့မြန်မာပြည်သူတွေအတွက် မိသားစုနဲ့ လွတ်လပ်ခွင့်ကို စတေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ ့ ကွာဟမှုကို မြင်ရမှာပါ။

၁၉၆၂ခုနှစ် မတ်လ ၂ ရက်နေ့က စတင်အာဏာသိမ်းယူခဲ့တဲ့ စစ်တပ်ကျောထောက်နောက်ခံ အစိုးရ အဆက်ဆက်ရဲ ့ ကိုယ်ကျိုးရှာလာဘ်စားမှုတွေ၊ တိုင်းပြည်ကြီးတခုလုံးကို ရောင်းစားခဲ့မှုတွေနဲ့၊.. ပိုင်ဆိုင်မှုဆိုလို့ ဟုတ်တိပတ်တိ ဘာမှမရှိ၊ လာဘ်မစား၊ ကိုယ်ကျိုးမရှာဘဲ တိုင်းပြည်အတွက် တဘဝလုံး မြုပ်နှံ လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ခြားနားမှုကို တွေ့ကြမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့အော့ကျောလန်စစ်အုပ်စုနဲ့ ပေါင်းဖို့ကြိုးစားနေသူမဟုတ်၊ နိုင်ငံ့တပ်မတော်ကို လမ်းမှန်ပေါ်ပြန်ရောက်အောင် ပြောင်းဖို့ ကြိုးစားနေသူသာဖြစ်ပါတယ်။

အထွေထွေမကျေနပ်မှုပေါင်းစုံကို ဒေါ်အောင်ဆန်းစုကြည်ရဲ ့ ဦးဆောင်မှုကြောင့်လို့ ပုံချပြီး တဘက်စွန်း ရောက်မသွားစေချင်ပါဘူး။ ရာစုနှစ်ဝက်ကျော်အတွင်း ပထမဆုံးအကြိမ် ပြည်သူ့ဆန္ဒစစ်စစ်နဲ့တင်မြှောက်ထားတဲ့ ရွေးကောက်ခံအစိုးရရဲ ့ လုပ်ကိုင်ဆောင်ရွက်ပုံ တွေကို အားမရကြတာတွေအများကြီး ရှိကြပေမယ့် အများစု မကျေမနပ်ဖြစ်ကြတာက စွမ်းဆောင်ရည် မပြည့်ဝသေးတဲ့ ပြည်သူ့ကိုယ်စားလှယ်တချို ့နဲ့ မလှုပ် မရှုပ် မပြုတ် ဝန်ကြီး ဝန်လေး တချို ့သာ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးမှုကို အဓိကဆောင်ရွက်နိုင်တဲ့ စစ်တပ်နဲ့ရဲက ပြည်သူ့အစိုးရကို သစ္စာမခံဘဲ မာဖီးယားလူမိုက်ဂိုဏ်းဆန်ဆန် ပြုမူဆောင်ရွက်နေကြတာ အားလုံးအသိပါ။

ဒီအရေးတွေမှာ အတိတ်က ဒဏ်ရာဒဏ်ချက်တွေကို ကုစားနိုင်မယ့်၊ အနာဂတ်အတွက် ကောင်းမွန်မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ လက်တွေ့ကျကျ ဆောင်ရွက်ပေးနိုင်မယ့်သူ သြဇာကြီးမားသူဟာ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသာရှိပါတယ်။

တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းတွေကို ဖော်ဆောင်နိုင်မယ့်သူ အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် လေးလေးနက်နက် ထောက်ခံယုံကြည်ပါတယ်။

ကျော်ဝဏ္ဏ (ဒီဇင်ဘာ ၉၊ ၂၀၁၉)