Breaking News

ကိုသန်းလွင် - ဟောင်ကောင်


ကိုသန်းလွင် - ဟောင်ကောင်

(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၉

(၁)

ဟောင်ကောင်တွင်ရွေးကောက်ပွဲများမကျင်းပမှီအချိန်အထိ ဟောင်ကောင်ရှိ ဘေဂျင်းလိုလားသူများက ပြောဆို နေကြသည်မှာ မဲရွေးကောက်ပွဲလုပ်ခြင်းဖြင့် ငြိမ်သက်နေသော အများစု (Silent Majority) ၏ သဘောထားကို သိရလိမ့်မည်ဟူ၍ဖြစ်ပါသည်။ မငြိမ်မသက်နှင့် ဆန္ဒပြပွဲများဖြစ်ပွားနေခဲ့သည်မှာ ၆လကြာရှည်လာခဲ့ပြီဖြစ်သည်။ ထို့နောက် ဒေသဆိုင်ရာရွေးကောက်ပွဲ များကျင်းပခဲ့ပါသည်။

ယခုမဲပေးပွဲပြီးသောအခါဘေဂျင်းနှင့် ဘေဂျင်းလိုလားသူများအတွက် အံ့အားသင့်ဖွယ်ဖြစ်ခဲ့ရပါသည်။ ငြိမ်သက် နေသော အများစုက ဘေဂျင်းကို ဆန့်ကျင်နေသောအုပ်စုဖြစ်ပါသည်။

(၂)

ဤရွေးကောက်ပွဲတွင် ဘေဂျင်းလိုလားသူများက အကြီးအကျယ် ရှုံးနှိမ့်ခဲ့ရပြီး တနင်္ဂနွေနေ့မဲရွေးပွဲကဒီမိုကရေစီ လိုလားသောအုပ်စုကိုယခင်ကသုံးပုံတစ်ပုံသာရှိခဲ့ရာမှ ၈၇ ရာခိုင်နှုန်းအထိအရွေးခံခဲ့ရပါသည်။ ဘေဂျင်းလိုလား သောအုပ်စုနှင့်ဟောင်ကောင်၏ (Chief Excecutive) ကယ်ရီလင်း (Carrie Lam) တို့သိရန်မှာ ပြည်သူလူထု သည် အုပ်ချုပ်သူများ၊ ဘေဂျင်းလိုလားသူများနှင့် ဆန့်ကျင်လျက်ရှိသည်ဆိုခြင်းပင် ဖြစ်ပါသည်။

“ဒီရွေးကောက်ပွဲဟာ အချို့လူများ၏ စားဝတ်နေရေးနှင့် တိုက်ရိုက်ပတ်သက်နေသည်သာမက ဒီစနစ်ကြီးတစ်ခု လုံးကို ဖြစ်နိုင်၊ မဖြစ်နိုင်၊ ဖြစ်သင့်၊ မဖြစ်သင့် စတာတွေနဲ့လည်း ပတ်သက်နေပါတယ်”။ တစ်ခုသေချာတာက တော့ ကယ်ရီလင်း ရဲ့ အစိုးရအဖွဲ့ဟာ တရားဝင်အဆင့်ကနေ လျှောကျသွားပါပြီ ဟု မကြာခင်ကမှ ရွေးချယ်ခံ ထားရသော ကိုယ်စားလှယ်အသစ်စက်စက် တစ်ယောက် ကပြောသည်။

ဤရွေးကောက်ပွဲက တရုတ်ပြည်ကြီးကိုအုပ်ချုပ်နေသော ကွန်မြူနစ်အစိုးရကို ကြီးမားတဲ့ဖိအားပေးလိုက်သည် နှင့် တူပါသည်။ “ဒီရွေးကောက်ပွဲအပေါ်မှာ အမြင်မတူတာကိုက သူတို့ရဲ့ အယူအဆတွေဟာ ခေတ်နဲ့မလျော် ညီဘူးဆိုတာကို ပြသနေပါတယ်”။

ဒီမိုကရေစီလိုလားသူများက ယူဆသည်မှာ ဤဖြစ်ရပ်က အစိုးရ အနေဖြင့် ပြည်သူများဘက်က ပို၍ ရပ်ကြ ရန်လိုအပ်ကြောင်း ပြသနေသည်။ တရုတ်အစိုးရအနေဖြင့်ကား ဟောင်ကောင်သည် တရုတ်အစိုးရအောက်မှ တဖြည်းဖြည်းအလွတ်ရုန်းထွက်နေသည့် ပုံစံပေါက်နေုသည်။ ထို့ ကြောင့် ပို၍ပြင်းပြင်းထန်ထန် နှိမ်နင်းရလိမ့် မည်ဟု အဖြေထွက်သည်။

ဇွန်လမှစတင်ပြီး ပြည်မကြီးနှင့် အကျဉ်သားလဲလှယ်ရေးဥပဒေ (Extradiction law) ကို မကျေနပ်၍ ဆန္ဒပြရာမှ မကြေနပ်မှုများစတင်ခဲ့ခြင်းဖြစ်သည်။ ယခုထိုဥပဒေကိုပြဌာန်းခြင်းမရှိရုံသာမက ပြန်လည်ရုတ်သိမ်းပြီးသွားပါပြီ။ ဆန္ဒပြသူတို့ ၏တောင်းဆိုမှုများသည် တဖြည်းဖြည်းပိုမိုများပြားလာကာ အထွေထွေဒီမိုကရေစီရေးတောင်းဆိုမှု အဖြစ်ပြောင်းလဲသွားပါသည်။ ဆန္ဒပြစဉ် ရဲတို့၏အကိုင်အတွယ်ကြမ်းသောကြောင့် ထိုကိစ္စများကို ကြည့်ရှုပေး ရန်တို့ ဖြစ်လာပါသည်။

ဘေဂျင်းနှင့်သူ၏အပေါင်းအပါတို့ကဤဆန္ဒပြမှုများသည်အများပြည်သူတို့ကို အလုပ်ပျက်စေသည်။ ပို့ဆောင် ရေး အလုပ်များမှာလည်းပျက်စီးခဲ့ရပြီး မီးရထားနှင့်ကားလမ်းတွေပိတ်ကုန်သည်။ ဈေးဝယ်သူများနှင့် တိုးရစ်များ ကို ကြောက်လန့်စေပြီး ဟောင်ကောင်စီးပွားရေးကို ထိခိုက်သည်ဟု မြင်ကြသည်။ သို့ပါသော်လည်း ဒီမိုကရေစီ ဘက်တော်သားများကမူဟောင်ကောင်လူထုသည်အများစုကဒီမိုကရေစီကိုထောက်ခံသည်ဟုသာမြင်ကြသည်။

ယခုရွေးကောက်လိုက်သောကောင်စီလူကြီးများမှာ အာဏာပိုင်တို့ကို အကြံပေးရုံသာတတ်နိုင်ပြီး တကယ့် သြ ဇာအာဏာရှိကြသည်မဟုတ်ပါ။ အစိုးရကိုအကြံပေးရာတွင် ဥပမာ ဘက်စကားမှတ်တိုင်ကို ဘယ်လိုနေရာမှာ ထားရမည် ဆိုသည်တို့သာပြောနိုင်ပြီး အရေးကြီးသောမေးခွန်းများဖြစ်သော ဒီမိုကရေစီရေးရာ မေးခွန်းများကို မေးပိုင်ခွင့်ရှိသည်မဟုတ်ပါ။ သို့သော်ဤသို့တခဲနက်ရွေးကောက်ခံရခြင်းက သူတို့၏ပြောရေးဆိုခွင့်ကိုကျယ် ပြန့်လာစေပြီး ၂၀၂၂တွင် ကျင်းပမည့် ဟောင်ကောင်၏ (Chief Executive) ရွေးချယ်ရာ၌ ပြောရေးဆိုခွင့် ပိုမိုရှိလာမည်းုမျှော်မှန်းကြသည်။

တနင်္လာနေ့က တွေ့ဆုံပွဲတစ်ခုတွင် ရွေးကောက်ခံရသူများက အစိုးရ၏ ပေါ်လစီများကို ဝေဖန်သွားမည်ဖြစ်ပြီး ဆန္ဒပြသူများဘက်က ရပ်တည်ကာ ဒီမိုကရေစီရေးရာတိုက်ပွဲများကို ဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း ပြောကြားကြသည်။ ဤသို့ရွေးကောက်ခံရခြင်းက သူတို့၏ဒီမိုကရေစီရေးရာ ဆောင်ရွက်မှုကို ပိုမိုခိုင်မာစေပြီး သူတိုသည်တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅၀,ဝ၀ဝ မျှ ရကြသည်ဖြစ်ရာ ပို၍ အများအကျိုးကို သယ်ပိုးနိုင်ကြ မည်ဖြစ်သည်။

ဥပဒေပြုရာကောင်စီ (Legislative Council) ရွေးကောက်ပွဲများကို နောက်နှစ်တွင် ကျင်းပရန်စီစဉ်ထားရာယခု အရှိန်အဟုန်ကို မပျက်စေဘဲ ဆက်လက်ထိန်းသိမ်းသွားကြရန်ဖြစ်သည်။

မြို့တော်မှ ဘေဂျင်းထောက်ခံသူများအနေဖြင့် နောက်တစ်လှမ်းဆုတ်ရန်သာရှိတော့သည်။ ဘေဂျင်းထောက်ခံ သောပါတီမှ ခေါင်းဆောင်များသည် တနလာ်နေ့က တွေ့ဆုံကြပြီး ပြည်သူတို့ကိုအနူးအညွှတ်တယ်လီ ဗေးရှင်း မှ တဆင့်တောင်းပန်ကြသည်။ လေဘာယူနီယံမှ ခေါင်းဆောင်များကလည်း အစိုးရ၏ ပေါ်လစီ၊ အထူးသဖြင့် ကယ်ရီလမ်၏ပေါ်လစီများကို ဝေဖန်ကြသည်။ သူတို့သည် ပေါ်ပြူလာမဖြစ်သော အစိုးရ၏ ပေါ်လစီများနှင့် ဝေးဝေးမှနေမည်ဖြစ်ကြောင်း ပြောကြားကြသည်။

ကယ်ရီလမ် ကိုယ်တိုင်ကမူ နောက်ဘာလုပ်မည်ဆိုသည်ကို ဘာမှမပြောနိုင်ဘဲ ကြေညာချက်တစ်ခု ထုတ်ပြန် ရာတွင် “အစိုးရအနေဖြင့် ပြည်သူတို့၏အသံကို နားထောင်ရန် အသင့်ရှိနေပါသည်၊ ဤအဖြစ်အပျက်မှသင်ခန်း စာယူပါမည်” ဟု ပြောထားသည်။

ယခုအချိန်ထိမူဤဖြစ်ရပ်များကိုဘေဂျင်းကဘယ်လိုတုန့်ပြန်မလဲ ဆိုသည်ကို စောင့်ကြည့်ရန်သာရှိတော့သည်။ ဖြစ်နိုင်ချေရှိုသည်မှာ ဘာမှမတုန့်ပြန်ဘဲလည်းနေနိုင်ပါသည်။ သူတို့အနေဖြင့် ဘာမှမဖြစ်သလို ဟောင်ကောင် ရွေးကောက်ပွဲများရလဒ်ကို အသိအမှတ်အပြုဘဲ ယခင်ကလိုမာမာတင်းတင်းဆက်ဆံခြင်းဖြင့်သာ တုန့်ပြန်နိုင်ပါ သည်။ သူတို့က ဟောင်ကောင်မှ ဆန္ဒပြပွဲများကို နိုင်ငံခြားမှ ဟောင်ကောင်၏အကျိုးစီးပွားကို ဖျက်လိုဖျက်ဆီး လုပ်လိုသူများ၏ လုပ်ရပ်ဟုသာသဘောထားသည်။

ဟောင်ကောင်နှင့်မက်ကာအို လေ့လာရေးဌာနမှာ ဘေဂျင်းကို အကြံပေးရသောအဖွဲ့အဖြစ် နာမည်ရပြီး ၄င်း၏ ဒုဥက္ကဌက လွန်ခဲ့သောလ ကွန်မြူနစ်ပါတီအစည်းအဝေးက ဟောင်ကောင်အရေးကို ပို၍ နှီးနှီးစပ်စပ် ကိုင်တွယ် ရန်ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း၊ ဟောင်ကောင်ရွေးကောက်ပွဲများမှ ရလာဒ်က ထိုအချက်ကိုပြောင်းလဲ သွားစေမှာ မဟုတ်ကြောင်းပြောကြားခဲ့သည်။ ဟောင်ကောင်မှဆန္ဒပြသူများတောင်းဆိုထားသည့်အချက်များ နှင့်ပါတ်သက် ၍လည်း ဘေဂျင်း၏ သဘောထားမှာ ပြောင်းလဲမှုမရှိကြောင်း ပြောကြားသည်။

ဘေဂျင်း၏သဘောထားမှာ ဟောင်ကောင်အစိုးရနှင့်ပိုမိုနီးကပ်အောင်ဆောင်ရွက်ပြီး အမျိုးသားလုံခြုံမှုကို ဦးစား ပေးရန်ဖြစ်သည်။ မြို့တော်၏နေရာ ၁ဂနေရာအနက် ၁၇ နေရာတွင်အတိုက်အခံတို့၏အောင်ပွဲရခြင်းမှာ ယခင် ရှိခဲ့သော အခြေအနေနှင့် နှိုင်းယှဉ်ပြီး ကြီးသောအောင်မြင်မှုဟုခေါ်နိုင်ပါ၏။ သို့ပါသော်လည်း ကောင်စီများအင် အားကောင်းလာခြင်းမှာ အကြမ်း ဖက်မှုကို အားပေးခြင်းမျိုး မဖြစ်အောင် သတိထားရမည်ဟု ဆိုသည်။

အတိုက်အခံတို့ အဖို့ ဟောင်ကောင်အစိုးရနှင့် ဘေဂျင်းအစိုးရတို့ကို တန်ပြန်ရန် နေရာတစ်ခုရလိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သူတို့သည်ပြောစရာ၊ ဆိုစရာရှိသည်များကို တရားဝင်ပြောနိုင်ကြပြီး လမ်းပေါ်ထွက် လာရန် မလိုတော့သည်မှာလည်းအမှန်ပင်ဖြစ်ပါသည်။

အစိုးရ ၏ကက်ဘိနက်တွင်ပါဝင်သူတို့ကလည်း အစိုးရ၏အရှုးံအတွက် မြင်နေရသောမျှော်လင့်ချက်ရောင်ခြည် ဖြင့် အဆုံးသတ်လိုကြသည်။ ဒီမိုကရေစီစနစ်သည် ဟောင်ကောင်တွင် အမြဲဆက်လက်ရှင်သန်နေပါ လိမ့်မည် ဟုဆို၏။

(၃)

အမေရိကန်အစိုးရအနေဖြင့် ဟောင်ကောင်လူ့အခွင့်အရေးဥပဒေကို လွှတ်တော်နှစ်ရပ်လုံးက ဆုံးဖြတ်ပြီး နိုဝင် လ ၂၇ ရက်နေ့က သမ္မတ ထရမ့် လက်မှတ်ထိုးလိုက်ပြီဖြစ်သည်။ ဟောင်ကောင်၏လူ့အခွင့်အရေး အခြေအနေ ကို တစ်နှစ်တစ်ခါသုံးသပ်ရန်ပြီး၊ ဟောင်ကောင်၏ ကုန်သွယ်ရေးတွင် အထူးအခွင့်အရေးရသည့် အခြေ အနေ ကို ရီဗြူးလုပ်ရန်ဖြစ်သည်။ ဘေဂျင်းကမူထုံးစံအတိုင်းသူတို့ပြည်တွင်းရေးကို နိုင်ငံခြားမှ ဝင်ရောက် နှောင့်ယှက်မှု များကို အလိုမရှိကြောင်းပြောကြားသည်။

ကိုသန်းလွင်

Ref: For Beijing Hong Kong election adds to Friction, by Keith Bradsher , New York times November 27 2019