Breaking News

နိုင်စွမ်း - အနက်ရောင် ပျောက်ဆုံးသွားသည့်နေ့

Than Htay Maung


နိုင်စွမ်း - အနက်ရောင် ပျောက်ဆုံးသွားသည့်နေ့

(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၁၉

နိဒါန်း
အနက်ရောင်တွေ အားလုံး ပျောက်ဆုံးသွားတဲ့ ညမှာပဲ မာရ်နတ်လည်း ပျောက်ဆုံးသွားခဲ့ပါတယ်။ တစ်ချို့ကတော့- ဒီအနက်ရောင်တွေ အားလုံးကို မာရ်နတ် ခိုးယူသွားတာ ဖြစ်မယ်လို့ ယူဆနေကြတယ်။ အနက်ရောင်ဆိုတာ မကောင်းမှု၊ မိစ္ဆာရဲ့ သင်္ကေတမို့ မာရ်နတ် ပိုင်တာဖြစ်မယ် လို့ ပြောကြတယ်။ ဒါကြောင့် သူပိုင်တဲ့ အနက်ရောင်တွေ အားလုံး ယူသွားတာ ဖြစ်မှာပေါ့ တဲ့။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့လေ၊ အနက်ရောင်ဆိုတာ ကျေကွဲ ဝမ်းနည်းမှုရဲ့ ပြယုဂ်လို့တောင် ပြောဆိုနေ ကြတာကိုး။ အနက်ရောင် မရှိတော့ရော ဘာဖြစ်လဲ၊ ဘာအရေးကြီးလဲ။ အေးအေးဆေးဆေးပေါ့ လို့ ပြောဆိုကြတာတော့ရှိပါတယ်။ အနက်ရောင် မရှိရင်...?၊ အနက်ရောင်မရှိရင် ......?။ ဘာဖြစ်မလဲ...?။

(၁)
“ဟော ကြည့်ပါဦး၊ ငါဝယ်လာတဲ့ မီးသွေးတွေ အနက်ရောင် မဟုတ်တော့ဘူး။ မီးသွေးအတုတွေ ရောင်းလွှတ်လိုက်တာ ကိုး။ ဒီ အကောင်စုတ်တွေ မသမာတဲ့ နည်းနဲ့ ငါ့ကို လိမ်ညာ ရောင်းလွှတ်လိုက်တယ်။ ဟင်း..သိမယ်၊ သင်းတို့ကို ရပ်ကွက်လူကြီးနဲ့ကို တိုင်မယ်” လို့ မနက်စာ ချက်ပြုပ်ဖို့ ပြင်ဆင်နေတဲ့ အိမ်ရှင်မတစ်ဦးရဲ့ ဒေါပွနေသံ။ ဒါနဲ့ ရပ်ကွက်လူကြီးဆီ ဝယ်လာတဲ့ မီးသွေး ခြင်းကြီးကို ဆွဲပြီး ထွက်လာပါရော။ ရပ်ကွက် လူကြီးအိမ်နားရောက်တော့ ....၊

“ဟဲ့… မိန်းမ၊ နင် ဒီအရွယ်ရောက်နေပြီ၊ ခုထက်ထိ လှချင် ပ,ချင်တုန်းပါလား ဟ။ နင်ဘယ် လိုဖြစ်နေတာလဲ၊ ခေါင်းက ဆံပင်အဖြူ တွေကို အဝါရောင် ဆိုးထားရသလား။ မိန်းမသဘာဝ လှချင်တာ ငါမပြောလိုဘူး။ နင် ဘယ်လိုဖြစ်နေတာလဲ။ ရိုးရော ရိုးရဲ့လားကွ ဟေ” လို့ ရပ်ကွက်လူကြီးက သူ့မိန်းမကို ကြိမ်းမောင်း လိုက်တဲ့အခါ-

“သြော်.တော်ကြီး ကလည်း ဆံပင်အစိမ်းရောင်ကြီးနဲ့၊ အတော့်ကို သူငယ်ပြန်ချင်တယ် ပေါ့လေ။ ကျုပ်ကိုများ ရိုးရောရိုးရဲ့ လားလေး ဘာလေးနဲ့၊ တော်ကြီး ကာရာအိုကေသွားနေတာ ကျုပ် မသိဘူး မှတ်နေလား။ အလုပ်ကိစ္စ၊ အလုပ်ကိစ္စနဲ့ အနှိပ်ခန်းကို သွား သွားနေတာ၊ ကျုပ်မသိဘူးထင်နေလား။ တော်ကြီး ကျုပ်ကို မစော်ကား နဲ့” လို့ သူကြီး ကတော်က နှုတ်ပြန်သံပေးနေတုန်း....၊

“ဟေ့ ကောင်သံချောင်း၊ မင်း ညက ဘယ်သွားအိပ်နေလဲ။ အခုငါ့မာစီဒီး ကားအနက်ကြီး မရှိတော့ဘူး။ ဘယ်က ကားအစုတ်ကြီးနဲ့ လဲထားခဲ့လဲ မသိဘူး။ မင်း ကိုယ်တိုင်ကြံရာပါပဲ။ အရိပ်နေ အခက်ချိုးတဲ့ အကောင်၊ မှန်မှန်ပြောစမ်း၊ ညက ဘယ်ကောင်လာသေးလဲ။ ပြောစမ်း၊ ပြောစမ်း။ မပြောဘူးလား။ မင်းကို လူကြီးအိမ် တိုင်ရမယ်။ လာ…လိုက် ခဲ့” လို့ ဆံပင်နီနီနဲ့ သူဌေးကြီးက နွမ်းစုတ်စုတ် ညစောင့်ကို ဒေါသတကြီး ဆွဲခေါ် လာ.....၊

“တောက်..မနေ့ညက ငါမူးနေတယ် ဆိုပြီး ငါ့ကို အနက် ရောင်မဟုတ်တဲ့ ဆေးဗူးတွေ ပေးလိုက်တယ်။ သစ္စာမရှိတဲ့ ကောင်တွေ။ စီးပွားရေးကို လိမ်ညာလုပ်နေတဲ့ အလကားကောင်တွေ။ သင်းတို့ကို ရပ်ကွက်လူကြီးနဲ့ တိုင်မယ်” လို့ ပန်းချီရေးဖို့ ဆေးဗူးအနက် ရှာနေတဲ့ ပန်းချီဆရာတစ်ယောက်က ဒေါသတကြီးနဲ့ လမ်းပေါ်လျှောက် လာ......၊

“လုပ်ကြပါဦး၊ ကျုပ်တို့ ဆေးဗူးအနက်တွေ ပျောက်သွားပြီ။ အခိုးခံလိုက်ရ ပြီ။ ညစောင့် စျေးခေါင်းတွေ လက်ချက်ပဲ ဖြစ်ရမယ်။ သင်းတို့ကို ညစောင့်ကြေးလည်း ပေးရ၊ စျေးကောက်လည်း ပေးရ။ ဒါနဲ့တောင် သစ္စာမဲ့လုပ်ရက်ကြတယ်။ လူကြီးအိမ်ကို သွားတိုင်မယ်” လို့ ဒေါသတကြီးပြောရင်း သူကြီးအိမ်ကို အမြန်လျှောက်လာကြတဲ့ အိမ်သုတ်သင်္ဘောဆေး ရောင်းသူများ.....၊

ဟော ဟော ရှေ့နားက ဘယ်သူတွေပါလိမ့်၊ ကြည့်စမ်းပါဦး။ ကားဘီး အသစ်တွေကို အဖြူရောင်ဘီးအညံ့စားတွေနဲ့ အလဲခံလိုက်ရလို့ သူကြီးအိမ် လာတိုင်ကြတဲ့ ကားပိုင်ရှင်များ၊ အနက်ရောင်ထီး ဝယ်ခဲ့ပေမယ့် နီကျင့်ကျင့်အရောင်နဲ့ အလဲခံလိုက်ရလို့ ဆိုပြီး လူကြီးအိမ်လာတိုင်ကြသူများ၊ အင်္ကျီစအနက်ရောင်တွေ ပျောက်ဆုံးသွား လို့ လာတိုင်ကြတဲ့ စျေးရောင်း စျေးဝယ်များ၊ နွားမည်းအုပ်ပိုင်ရှင်များက နွားတွေအရောင်ပျောက်သွားလို့ သက်သေခံနွားအုပ်ကြီးမောင်းနှင်လာ တိုင်ကြ၊ ကျွဲတွေကလည်း အမည်းရောင်ပျောက်သွားပြီး တစ်ခြား အရောင်တွေဖြစ်လာ၊ အလွန် များပြားလှတဲ့ ဆင်မည်းတွေက ဆင်ဖြူတော်တွေဖြစ်သွား၊ ကျီးကန်းတွေကလည်း ပြာတစ်ချို့ နီတစ်ချို့၊ ဥသြ ငှက်ကလေးလည်း အနက်ရောင်မဟုတ်တော့၊ အောင်နက် ဆိုတဲ့ ခွေးဝဲစားလေးတောင် ရွှေဝါရောင်တောက်လို့။ ယုတ်စွအဆုံး အနက် ရောင်အားလုံး တခြားအရောင် ပြောင်းသွားကြ။

ဒီလိုနဲ့ လူကြီးအိမ်ကို ချီတက်လာကြတဲ့ လူတွေ၊ ကားတွေ၊ တိရိစ္ဆာန်တွေဟာ အနက်ရောင်ပျောက်ဆုံးမှုအတွက် တိုင်တန်းကြ တာများ၊ အများကြီးပဲတဲ့။ ကံဆိုးတာက လူကြီးအိမ်ကိုသွားတဲ့ အနက်ရောင်လမ်းမကြီးကလည်း အရောင်ပြောင်းသွားတော့ ချီတက်လာသူတွေ အားလုံး မျက်စေ့လည် လမ်းပျောက်သွားရော။ ဒါနဲ့ ရပ်ကွက်ထဲမှာ..လူတွေ မကျေမနပ် ဒေါသဖြစ်နေတဲ့ အသံတွေ၊ တိရိစ္ဆာန်အချင်းချင်းတွန်းထိုးတိုက်မိပြီး အော်ဟစ်လဲကျသံတွေ၊ ကားဟွန်းသံတွေ၊ ကျွဲအော်သံတွေ၊ ဝက်အော်သံတွေ၊ ဒီကြားထဲ ပိုဆိုးသွားတာက မည်းမည်းမှောင်မှောင် တိမ်တိုက်တိမ်ရိပ်မရှိပဲ ပြင်းပြင်း ထန်ထန် မိုးရွာချလိုက်ခြင်းပဲ။ သြော် ဟုတ်ပါရဲ့ သက်တန့်လေး လည်း အမည်းရောင် ပျောက်နေတာကိုး။ တိမ်တွေမှာလည်း အရောင် မရှိကြ ...၊

ဝရုန်းသုန်းကား ဆူညံ အော်ဟစ် ဒေါသထွက် ဆဲဆိုကြ၊ ရိုက် နှက်ကြနဲ့ လူတွေရဲ့ အဖြစ်က။ တွန်းထိုး မာန်ဖီ ရန်စောင်မြောင်၊ ကိုက်ခဲကြနဲ့ တိရိစ္ဆာန်တွေရဲ့ အဖြစ်က...၊

သြော် မေ့နေလို့ မေ့နေလို့၊ ကိုနက်နဲ့ မောင်မည်းတို့လည်း အမည်ပျောက်ဆုံးမှုနဲ့ တိုင်ကြားအော်ဟစ်နေကြသူတွေ ထဲမှာပါ သေး...။

အဲဒီ ရပ်ကွက်ကလေးထဲမှာပဲ ဒီလို အဖြစ်အပျက်ဆိုးကြီး ဖြစ်ခဲ့လား ဆိုတော့ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးဖြစ်ခဲ့တာ။ တစ်ကမ္ဘာလုံးဆိုင်ရာ အနက်ရောင်ပျောက်ဆုံးမှုကြီး ပါပဲ။ ညအမှောင်လည်း မရှိတော့တဲ့ အဖြစ်ပါ။

ကောလဟာလ တစ်ခုတော့ပြောနေတာပဲ၊ မာရ်နတ်က သူ့ရဲ့ သင်္ကေတ၊ သူ့ရဲ့ အပိုင်ဖြစ်တဲ့ အနက်၊ အမည်း၊ အမှောင်တွေ ပြန်လိုချင် ရင် သူ့ကို ကိုးကွယ် ဆည်းကပ်ရမယ်တဲ့။ ပူဇော်ပသရမယ်တဲ့။ ဒါနဲ့...။

(၂)
ဒါနဲ့ တစ်ကမ္ဘာလုံးမှာ မာရ်နတ်ဆီက အနက်၊ အမည်း၊ အမှောင်တွေ ပြန်ရဖို့ ကိုးကွယ်ဆည်းကပ်ပူဇော်သူတွေရှိသလို၊ မာရ်နတ်ကို ကိုးကွယ် ဆည်းကပ်ပူဇော်စရာ မလိုဘူးလို့ ယူဆသူ တွေရှိလာပြီး အုပ်စုနှစ်စု ကွဲသွားကြတယ်။

အဲဒီမှာထပ်ပြီး၊ ထပ်ပြီးကွဲသွားကြတာက အနက်ရောင်လိုတယ် မလိုဘူး ယူဆချက်ကို ချိန်ဆတိုင်းထွာဖို့ တီထွင်မှုတွေ လုပ်ကြသူတွေနဲ့၊ လုပ်ဖို့ မလိုဘူး လို့ ယူဆသူတွေ အုပ်စုနှစ်စု ကွဲသွားကြပြန်တယ်။ အနက်ရောင်နဲ့ ပတ်သက်ပြီး အုပ်စုတွေ၊ အုပ်စုတွေ ထပ်ထပ်ပြီး ကွဲသွား ကြတာများ ဘယ်လောက်များသလဲဆို ရေတွက်ရေးမှတ်လို့ မရနိုင်တော့ လို့ နောက်ဆုံးမှာ 'အဖြူအဖွဲ့၊ အမည်းအဖွဲ့' ဆိုပြီးတော့ပဲ ယေဘုယျ ယူဆလိုက်ကြရတဲ့ အထိပဲ တဲ့။ အနက်ရောင် လိုသူတွေက 'အမည်း'၊ အနက်ရောင်မလိုသူတွေက 'အဖြူ' ပေါ့။

အဲဒီလို အဖြူအုပ်စုနဲ့ အမည်းအုပ်စု ရှိနေချိန်မှာ တစ်ခုခုကို ဖယ်ထား ပစ်လိုက် ရင် ကျန်တစ်ခုခုပါ ပျောက်ကွယ်သွားတယ် လို့ တချို့ယူဆကြသလို၊ တချို့က အဲဒီလို မယူဆကြပြန်ဘူး။

နောက်ပြီး ................။

နောက်ပြီး... ......... .....။

နောက်ပြီး...............။

ဒီလိုနဲ့ .....၊


နိဂုုံံး
နောက်ဆုံး ခိုင်လုံတဲ့ သတင်းရပ်ကွက်တစ်ခုအဆိုကတော့.. မာရ်နတ်ဟာ အနက်ရောင်တွေ ပြန်ပေးသွားပါတယ်တဲ့။ ဒါပေမယ့် လူတွေရဲ့ နှလုံးသားထဲမှာ ထည့်ပေးခဲ့တာ တဲ့။

နိုင်စွမ်း