Breaking News

မောင်စွမ်းရည် - ခေတ်စမ်းစာဆိုကြီး မင်းသုဝဏ်နှင့် ဒေါင်းအိုးဝေ

Photo - Irrawaddy

မောင်စွမ်းရည် - ခေတ်စမ်းစာဆိုကြီး မင်းသုဝဏ်နှင့် ဒေါင်းအိုးဝေ
(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၁၉

ဒေါင်းနှင့်အိုးဝေ အကြောင်းကို ဦးစွာ ပြောပါရစေ။ ဒေါင်းဆိုတာ မြန်မာပြည်မှာရှိတဲ့ ငှက်တွေထဲမှာ  အကောင်ကြီးတဲ့ ငှက်မျိုးတကောင်ပါပဲ။ မြန်မာပြည်မှာရှိတဲ့ ကျီး၊ ခို၊ စာကလေး စတဲ့ ငှက်တွေကို တော့ ပေါပေါများများ မရှိလို့ နေရာတကာမှာ တွေ့နိုင်တဲ့ ငှက်မျိုးတော့ မဟုတ်ဘူး။ အရောင် အသွေး လှပတောက်ပြောင်ပြီး အမြီးက အလွန်ရှည်တယ်။ အမြီးကို ဗန်းကြီးလို ဖြန့်လိုက်ရင်း အလွန်ကြည့်လို့လှတယ်။ အမြီးနဲ့ အတောင်ပံမှာ အမွေးအတောင်တွေမှာ ‘ဓအောက်ခြိုက်’ အက္ခရာ လို အဆံပါတဲ့ အဝိုင်းပုံ အကွက်တွေ ပါရှိတယ်။ ဒီအကွက်တွေက ညီညီညာညာ ဖြန့်လိုက်တဲ့ အမြီး အတောင်ပေါ်မှာ အစီအရီ ရှိတာကြောင့် အလွန်လှပါတယ်။ ဦးခေါင်းပေါ်က အမောက်မှာလည်း အမွေးရှည် ပါရှိပြီး ‘ဓအောက်ခြိုက်’သဏ္ဌာန် အကွက်ကလေးတွေ ပါရှိပါတယ်။
မြတ်စွာဘုရားဟာ နုစဉ်ဘဝက ဒေါင်းမင်း ဖြစ်ဖူးသတဲ့။ ဒေါင်း ဆိုတာ အလွန်လှပတဲ့ငှက် ဖြစ်လို့ လူတွေက ညွှတ်ကွင်း ထောင်ချောက်တွေဆင်ပြီး ဖမ်းတတ်ပါတယ်။ ဒီလို ညွှတ်ကွင်းက လွတ် လာအောင် နံနက် တခါ၊ ညနေ နေဝင်ချိန် တခါ၊ ဘုရားရှိခိုး၊ အန္တရာယ်ကင်း၊ ဂါထာသီကျူးလေ့ရှိပါ တယ်။ ‘ဒေါင်းမင်းပရိတ်’လို့ ဗုဒ္ဓဘာသာဝင်များ လောကမှာ ထင်ရှားပြီး ထောင်တန်းအချုပ်အနှောင် လွတ်ကင်းအောင် ဒီပရိတ်ဂါထာကို ရွတ်ဆိုလေ့ရှိကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံ၊ အကျဉ်းချမခံရအောင်၊ အကျဉ်းထောင်က လွတ်အောင် ပြည်တွင်း ပြည်ပမှာ ဘုရားဝတ်ပြု ဆုတောင်းပွဲများ ပြုလုပ်ကြတဲ့အခါ ဒေါင်းမင်း ပရိတ်တော်များကိုလည်း ရွတ်ဆို ဆုတောင်းကြပါ တယ်။ နံနက်ခင်းအတွက် ဥဒေတယံ၊ ညနေခင်းအတွက် ‘အပေတယံ’ အစချီ ဂါထာပရိတ်တော်များ ကို ရွတ်ဆိုကြပါတယ်။
ဒေါင်းငှက်ကို တို့ဗမာတွေက ဘယ်လောက် မြတ်နိုးကြသလဲ ဆိုရင် အမျိုးသားသင်္ကေတအဖြစ် အမှတ်အသားပြုခဲ့ကြပါတယ်။ ဘယ်ခေတ်က စတင်ခဲ့သလဲဆိုတာ သတိမထားမိပါ။ ရတနာပုံ မန္တလေးခေတ်က ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးတွေမှာတော့ ဒေါင်းတံဆိပ်ပါ ရှိနေပါပြီ။ ‘ခုခေတ်တွင် ခုကာလ၊ ဒေါင်းရှိမှ လူလိမ္မာ၊ ဒေါင်းမပါ လူပျိုပေါက်တို့၊ ကဲ မရှောက်ပါ၊ ဒေါင်းအကဲနဲ့ စနည်းနာ၊ မလိမ္မာလို့ မိုက်စေဦး(အုံး)တော့၊ သုံးရှင်ကြံဆောင်’ ဆိုတဲ့ ဒေါင်းကဗျာကို ကျောင်းမှာ သင်ခဲ့ရဖူးပါတယ်။ ‘ငွေရှိမှ’ ဆိုတာကို ‘ဒေါင်းရှိမှ’လို့တောင် တင်စားဖွဲ့ဆိုခဲ့ဖူးပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဗိုလ်ဋီကာ၊ ဘွိုင်းကောက်ဋီကာ၊ ခွေးဋီကာ၊ မျောက်ဋီကာ၊ သခင် ဋီကာ စသဖြင့် ဋီကာအဖွင့်ကျမ်းတွေ အများကြီး ပြုစုခဲ့ရုံမျှမက ဆရာကြီးက သူ့ကလောင်ကို တောင် ‘ရွှေဒေါင်းတောင်ကလောင်’ရယ်လို့ အမည်ပေးပြီး ‘ရွှေဒေါင်းတောင် ကလောင်တမျိုးရယ်နဲ့၊ ပြောကောင်းအောင် စောင်မလို့ရယ်’လို့ စသဖြင့် ကြွေးကြော်ခဲ့ပါတယ်။ ဒါကြောင့် ဆရာကြီးရဲ့ ဂူဗိမာန်မှာ သင်္ကေတတခု အဆိုပြုကြရာမှာ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ လူထုဒေါ်အမာ စတဲ့ သားသမီး၊ တပည့်များက ‘ဒေါင်းရုပ်’ ပါဝင်အောင် အဆိုပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒေါ်ဒေါ် လူထုဒေါ်အမာကဆိုရင် ‘ရွှေဒေါင်းတောင်’ ဆိုတဲ့ စာအုပ်အမည်ပေးပြီး မြန်မာမှုအက်ဆေး အစမ်း စာအုပ်တအုပ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
ရတနာပုံခေတ်မှာ ဒေါင်းတံဆိပ်ဟာ ဒင်္ဂါးတွေပေါ်မှာသာ မဟုတ်။ ပဝါတွေနဲ့ အလံတွေမှာလည်း ဒေါင်းတံဆိပ်ပဲ တင်ခဲ့ကြပါတယ်။ ဒါကြောင့် ဒေါင်းတံဆိပ်ဟာ အမျိုးသားသင်္ကေတ၊ အမျိုးသားတံဆိပ်ဖြစ်ပြီး ဆရာကြီးမှိုင်း ရေးပေးတဲ့ တက္ကသိုလ် ကောလိပ် မဂ္ဂဇင်းအတွက် လေးချိုးကြီးကဗျာတွေမှာလည်း ‘ဒေါင်းအလံ’နဲ့ ‘အိုးဝေ’ အသံများ အမြဲပါလေ့ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးတော့ အာဇာနည်တို့ကို ဖွဲ့ဆိုတဲ့ လေးချိုးကြီးမှာလည်း ‘ဒေါင်းပဝါ အလံအုပ်ပြီး ကျုပ်ဖြင့် သင်္ဂြိုဟ်ချင်’လို့ ရေးဖွဲ့ခဲ့ပါတယ်။
‘အိုးဝေ’ ဆိုတာကတော့ ဒေါင်းမင်းရဲ့ တွန်ကျူးသံ မြည်သံစွဲ ယူထားတာပေါ့။ ‘အိုးဝေ’ကို ဒေါင်းငှက် တွန်ကျူးသံကနေ အမျိုးသားအသံအဖြစ် သင်္ကေတပြုခဲ့ကြတာကတော့ ကိုနု၊ ကိုအောင်ဆန်း၊ ကိုညိုမြတို့ တက္ကသိုလ်ကျောင်းသားတွေ ခေတ်လောက်က စတင်ခဲ့တယ်လို့ပဲ ယူဆပါတယ်။ ကနေတဲ့ ဒေါင်းရဲ့ တွန်ကျူးသံပေါ့။ ဒါပေမဲ့ ဒေါင်းကတော့ ကိုအောင်ဆန်းတို့ခေတ်မှာ ‘ကဒေါင်း’ မဟုတ်တော့ဘဲ ‘ခွပ်ဒေါင်း’ ဖြစ်လာခဲ့ပါပြီ။ လွတ်လပ်ရေး၊ အမျိုးသားရေးအတွက် တိုက်ပွဲဝင်ကြ မယ်ဆိုတော့ သဘောပါပဲ။ ကျောင်းသားကလည်း ခွပ်ဒေါင်းအလံ ဖြစ်လာခဲ့တာ ဒီနေ့အခါမှာတော့ ကျောင်းသားလူငယ်တွေကို အင်အားပြုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလံမှာ ခွပ်ဒေါင်းတင် ထားနေပါပြီ။ ခွပ်ဒေါင်းရုပ်ပုံကို မူလတီထွင်ရေးသားသူဟာ ကိုဘဂျမ်းလို့ အမေလူထုဒေါ်အမာက ပြောခဲ့ဖူးပါတယ်။ တချို့က ‘ကိုဘကြည်’တဲ့။ ကိုနု၊ ကိုအောင်ဆန်း၊ မအုန်း၊ မအမာတို့ရဲ့ ကျောင်းသားလှုပ်ရှားမှု ကာလမှာ ကိုဘဂျမ်း၊ ကိုဘကြည်တို့ကလည်း တက္ကသိုလ်ကျောင်းသားတွေ ပေါ့။
တက္ကသိုလ်ကျောင်းသူ မအမာ ‘အင်းလျားဆောင်သူ မအမာ’ ကလောင်အမည်၊ မြမဉ္ဇူ ကလောင် အမည်များနဲ့ ဦးလှရဲ့ ကြီးပွားရေးမဂ္ဂဇင်းမှာ ဘာသာပြန်စာတေွ ရေးတော့ ကိုဘဂျမ်းက ကြီးပွားရေးမှာ ကာတွန်းတွေ ပင်တိုင်ရေးနေပါပြီ။ ‘ကိုပြူးနဲ့ မပြူး’ ဆိုတဲ့ ကာတွန်းရုပ်ပြပေါင်းချုပ် ကို မြန်မာပြည်မှာ စာအုပ်အဖြစ် ထုတ်ဝေတာ ကြီးပွားရေးဦးလှက စတင်ခဲ့တာပေါ့။ ဆိုချင်တာက ကိုဘဂျမ်းနဲ့ မအမာတို့က တက္ကသိုလ်မှာရော၊ မြန်မာစာပေလောကထဲမှာရော အတွဲတွေ၊ လူရင်း တွေ ဖြစ်လေတော့ အမေဒေါ်အမာ ပြောတာ ခွပ်ဒေါင်းရုပ်ဟာ ဦးဘဂျမ်း လက်ရာ ဆိုတာ သေချာ သလောက်ပါပဲ။ ဒါပေမဲ့ ပြန်လည်စစ်ဆေးဖို့တော့ လိုပါတယ်။ ဦးဘကြည်လည်း ဖြစ်နိုင်တာပါပဲ။ ‘အိုးဝေ’ သတင်းစာရဲ့ ခေါင်းစီးကိုလည်း ဦးဘဂျမ်း ရေးပေးခဲ့တာ ဖြစ်နိုင်ပါတယ်။ တက္ကသိုလ်မှာ တက္ကသိုလ်ရန်ပုံငွေကို အသုံးပြုပြီး ‘တက္ကသိုလ်ကျောင်းတိုက်’မဂ္ဂဇင်းကို ကျောင်းသားတွေက မဂ္ဂဇင်းကော်မတီဖွဲ့ပြီး ထုတ်ဝေရေး ဆိုတဲ့ ခွင့်ပြုချက် ရှိခဲ့ပါတယ်။ ကိုအောင်ဆန်း၊ ကိုညိုမြတို့ ခေတ်ကျမှ ကျောင်းသားသမဂ္ဂ အာဘော်အဖြစ် ခွပ်ဒေါင်းအသံ ‘အိုးဝေ’ မဂ္ဂဇင်းရယ်လို့ သီးခြား ထုတ်ဝေကြရာမှာ ‘အိုးဝေ’ ဆိုတဲ့ အမည်ကို ကိုညိုမြက ပေးပြီး မဂ္ဂဇင်း ထုတ်ဝေရေး တာဝန်ခံ အယ်ဒီတာအဖြစ် ကိုအောင်ဆန်းကို တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီကတည်းက ‘အိုး‌ဝေ’ ဆိုတာ တိုက်ပွဲခေါ်သံ ဖြစ်လာခဲ့ပါပြီ။
အဲဒီကာလမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက စာပေလောကမှာ ထိပ်ဆုံးက ရှိနေပြီး လေးချိုးကြီးများနှင့် အမျိုးသားရေး လှုပ်ရှားမှုကို လှုံ့ဆော်ဦးဆောင်နေပါတယ်။ တက္ကသိုလ်မှာ တော့ ဆရာကြီးဦးဖေမောင်တင်ရဲ့ ဦးဆောင်မှုနဲ့ မြန်မာစာသင်ကြားရေး အောင်မြင်လာခဲ့ပြီး ခေတ်စမ်းစာပေရယ်လို့လည်း စာပေသစ်တရပ် ပေါ်ထွန်းလာပါပြီ။ သိပ္ပံမောင်ဝ၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ကုသ၊ မောင်သန့်စင်၊ မြကေတု စတဲ့ ခေတ်စမ်းစာဆိုတွေဟာ အမျိုးသားလှုပ်ရှားမှု၊ အမျိုးသားစာပေလှုပ်ရှားမှုနဲ့အတူ ပေါ်ထွန်းလာခဲ့ပါပြီ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ခေါင်းဆောင်ခဲ့တဲ့ ဒေါင်းစာပေခေတ်ဟာ ကိုနု၊ ကိုအောင်ဆန်း၊ ကိုညိုမြ ခေတ်မှာ (ခေတ်စမ်းစာပေခေတ်မှာ) ခေါင်းဆောင်ဟာ အိုးဝေသံ တွန်ကျူးလာခဲ့ပြီး ဆရာမင်းသုဝဏ်လည်း သူ့ရဲ့ နိုင်ငံချစ်စိတ်၊ နိုင်ငံရေးစိတ် ဖော်ကျူးတဲ့အနေနဲ့ ကဗျာများ ရေးရာမှာ အိုးဝေသံများကိုပါ ကြားလာခဲ့ရပါတယ်။
ဆရာကြီးမင်းသုဝဏ် ကဗျာပေါင်းချုပ်စာအုပ်ထဲမှာ မပါသေးတဲ့ ကဗျာတပုဒ်ကို အမေရိကန် ပြည်ထောင်စု မြောက်အီလီနွိုက် တက္ကသိုလ်စာကြည့်တိုက်ရှိ (အဲဒီတက္ကသိုလ် မြန်မာစာပြုနေတဲ့ သူငယ်ချင်း ဆရာဦးစောထွန်းရဲ့ ကျေးဇူးနဲ့ တနှစ် လေ့လာခွင့်ရရှိခဲ့လို့) မြန်မာစာအုပ်များထဲက တွေ့ရှိခဲ့ပါတယ်။ စုဆောင်းသူက အဲဒီစာကြည့်တိုက်က မြန်မာစာကြည့်တိုက်မှူး မေကြည်ဝင်း ပါတဲ့။ အရေးပေါ်တက္ကသိုလ်ကျောင်းတိုက်၊ နှစ်လည်မဂ္ဂဇင်း (၁၉၄၅-၄၆) ထဲမှာ ပါရှိတာပါ။
(အခုအခါ ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲ လုပ်မယ်ဆိုရင် ရာပြည့်သမိုင်းမှာ ရန်ကုန် အရေးပေါ် တက္ကသိုလ်ရဲ့ ကဏ္ဍကိုလည်း ထည့်သွင်းရပါလိမ့်မယ်။ ကဗျာကို အပြည့်အစုံ ဖော်ပြလိုက်ပါတယ်။)

အိုးဝေသံ
အိုးဝေသံ တဖန် ကြားရတော့
နားစွင့်လို့ ထောင်မိတယ်။
ညဉ့်ခါတွင်းဆီက
ဖော်ချင်းညီတညာနှင့်
ခမျာတွေ မှောင်ကို ခွင်းပါလို့
ရှင်းကြရှာတယ်။
သို့ကလို အရုဏ်တက်ကာပ
နေထွက်တပြူကယ်တော့
ဒေါင်းသူငယ် တွန်သံဝင့်ပြန်ပေါ့
နန်းပင်မြင့် သည်အလယ်
ကြည်ဘွယ်ကွဲ့ပါတကား။
ဘေးလွင့်ရန်ဖြို
တေးဝင့်သံ သည်လိုချိုတော့
စာဆိုမှာ ဉာဏ်ရောင်လန်းကာပ
ဝန်ထမ်းရန် စိတ်မာန်ဇွဲတွေနဲ့
ကမ်းကုန်အောင် စွမ်းကုန်နဲ့ ကျဲမယ်လို့
ခဲမိတကား။    ။
မင်းသုဝဏ်
အဲဒီကဗျာကို ကဗျာပေါင်းချုပ်မှာ မပါရှိခဲ့လို့ ဦးစွာဖော်ပြလိုက်ပေမယ့် အစောဆုံး ရေးခဲ့တဲ့ အိုးဝေ ကဗျာကိုတော့ ဦးလှ(နောင်အခါ လူထုဦးလှ)ရဲ့ ကြီးပွားရေးမဂ္ဂဇင်း (၁၉၃၅ နိုဝင်ဘာ)မှာ ဖော်ပြခဲ့ ကြောင်းကို ကဗျာပေါင်းချုပ်မှာ တွေ့ရပါတယ်။ အထက်က ကဗျာထက် ဆယ်နှစ်စောပါတယ်။ (ပေါင်းချုပ်စာမျက်နှာ ၉၁)
မင်္ဂလာခွန်းဆက်
အိုးဝေတဲ့ ညံညံ၊
ရွှေဒေါင်းပျို တောင်ညိုဦးမှာ
ကျူးရင့်အော်သံ။
အောင်ပွဲရယ်ခံ
နိုင်ငံတဲ့ သာရေး။
မင်္ဂလာစည်တော်ရွမ်းချိန်မို့
ခွန်းချိုဆက်တေး။  ။
မင်းသုဝဏ်
(၁၉၃၅ နိုဝင်ဘာ၊ ကြီးပွားရေးမဂ္ဂဇင်း)
နောက်တပုဒ်ကတော့ နောင် ဆယ်နှစ်ကျော်မှာ ထုတ်ဝေတဲ့ အိုးဝေမဂ္ဂဇင်းမှာ ပါရှိခဲ့တာ ဖြစ်ပါ တယ်။ (ပေါင်းချုပ် စာမျက်နှာ ၁၃၁) ‘သာဓုသံ’တဲ့။
သာဓုသံ
ဒေါင်းပျိုထိုးဆွပ်၊ ဘယ်ညာခွပ်၍
လွတ်လပ်ရလေ၊ တို့တတွေသည်
အိုးဝေ ကျေးဇူးပါတကား။
အိုးဝေ ကျေးဇူး မထိမ်မြူးဘဲ
ခါဦးကောဇာ၊ ဤအခါတွင်
သာဓုခေါ်ကြပါကုန်လော့။  ။
သာဓုသံလွင်၊ သောတာဆင်၍
အသင်ဒေါင်းငယ်၊ မြန်မိမယ်ကို
သက်နှယ် စောင့်ရှောက်နိုင်စေသော်ဝ်။
(၁၉၄၇၊ အိုးဝေမဂ္ဂဇင်း)
နောက်တပုဒ်ကတော့ ‘အိုးဝေ’ သတင်းစာ၊ ၁၉၄၈ ဇန်နဝါရီမှာ ပါရှိခဲ့တာပါ။ လွတ်လပ်ရေးနဲ့ အိုးဝေ ကျေးဇူး၊ အိုးဝေ ဆုတောင်း စသည်တို့ကို ဆက်စပ် လေ့လာကြည့်သင့်ပါတယ်။
အိုးဝေဆုတောင်း
ဥဒေတယံ၊ ဂါထာသံဖြင့်
‌ရေလျှံရှေ့ပြေး၊ ရောင်နီအေးတွင်
ဖြူဖွေးကြယ်ပွင့်၊ တံခွန်လွှင့်၍
ဒေါင်းမင့် ညွှတ်မှ လွတ်ပြီတည်း။
အိုးဝေ အိုးဝေ၊ တွန်သံဝေ၍
မျှဝေခွဲခြမ်း၊ ကမ္ဘာလွှမ်းအောင်
အေးချမ်းသီဆိုနိုင်စေသော်ဝ်။
ဤလောကကို၊ သာနုပျိုအောင်
စိမ်းစိုညိုမြ၊ မြီးဆံလှဖြင့်
က၍ ဖျော်ဖြေနိုင်စေသော်ဝ်။
ကိုယ့်နယ်ပိုင်နက်၊ ကိုယ့်စားကျက်လည်း
သူ့လက်အတွင်း၊ မကျဆင်းဘဲ
ရဲတင်းကြံ့ခိုင်၊ စောင့်ရှောက်နိုင်အောင်
စိုးပိုင်အုပ်ချုပ်နိုင်စေသော်ဝ်။
မင်းသုဝဏ်
(၁၉၄၈၊ ဇန်နဝါရီ၊ အိုးဝေသတင်းစာ)
နောက်ထပ် ဒေါင်းကဗျာတပုဒ်ကတော့ ၁၉၅၆-၅၇ အိုးဝေမဂ္ဂဇင်းမှာ ပါတာဆိုတော့ ရန်ကုန် တက္ကသိုလ်မှာ ကိုဇော်ဝင်း၊ ကိုဗဆွေလေးတို့ခေတ် ရောက်ပြီပေါ့။ ဘယ်သူ အယ်ဒီတာလည်း မသိပါ။
ဒေါင်းမိခင်၏ စကားသုံးခွန်း
နားဆို နှုတ်ပိတ်၊ မျက်စိတ်မှိတ်သည်
အဟိတ်မပြား၊ ယုတ်တရားကို
မေ့သားမျက်ပျံ၊ တိုက်ဖျက်နှံ၍
အောင်လံ လွှင့်နိုင်ပါစေသော်ဝ်။
ကြီးနိုင်ငယ်ညှဉ်း၊ ကိုယ်စိတ်ကျဉ်းအောင်
ငြိုးဖျင်းမုန်းထား၊ ယုတ်တရားကို
မေ့သားသက်နှံ၊ တိုက်ဖျက်နှံ၍
ဒေါင်းသံ ရင့်နိုင်ပါစေသော်ဝ်။
မျက်နှာရွေးချယ်၊ ကြီးနှင်ငယ်ဟု
လူဝယ်ခွဲခြား၊ ယုတ်တရားကို
မေ့သားညက်စံ၊ တိုက်ဖျက်နှံ၍
ဒေါင်းပျံဝင့်နိုင်ပါစေသော်ဝ်။    ။
မင်းသုဝဏ်
(၁၉၅၆-၅၇၊ အိုးဝေမဂ္ဂဇင်း)
နောက်ဆုံးတပုဒ်လို့ ဆိုရမယ့် ‘ဒေါင်းပျိုအိုးဝေ’ ကဗျာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄၅ နှစ်ပြည့်မြောက် မွေးနေ့ (၁၉၉၀ ဇွန်လ ၁၉ အတွက်) စပ်ဆိုခဲ့တာပါ။ သမီးကို ကြည့်ပြီး အဖ အောင်ဆန်းကို သတိရလို့ ‘ဒေါင်းပျိုအိုးဝေ’ ဆိုတဲ့ စကားလုံးလေး ပါလာဟန်ရှိပါတယ်။ မင်းသုဝဏ် ကဗျာပေါင်းချုပ် (၁၉၇၃) မှာ မပါဝင်သေးတဲ့ ကဗျာတပုဒ် ဖြစ်ပါတယ်။
မွေးနေ့ဆုတောင်း
ပြည်သူတွေ အောင်ပန်း၊ မြဲဆင်မြန်းသည့်
အောင်ဆန်းစုကြည်၊ ရဲဇာနည်ကို
မြန်ပြည်တလွှား၊ ချစ်သူများခဲ့။
တို့အား တို့အင်၊ တို့အရှင်ကို
ကြည်ရွှင်စေသော၊ မာစေသောဟု
မွေးသောနေ့မှာ တို့သူငါသည်
မေတ္တာကြည်လင်၊ ရွှင်ရွှင်ပို့။
ဒေါင်းပျိုအိုးဝေ၊ တွန်စေဖို့
မြတ်ဆုမွန်ကောင်း တောင်းကြစို့။
မင်းသုဝဏ်
(၁၉၉၀)
ဆရာကြီးမင်းသုဝဏ်ရဲ့ ဒေါင်းအိုးဝေကဗျာစုကို လေ့လာရင်း ဆရာကြီးရဲ့ နိုင်ငံရေးအမြင်၊ နိုင်ငံရေး စေတနာကို တွေ့ရပါလိမ့်မယ်။
အိုးဝေတေးသံ သာစေသော်ဝ်
မောင်စွမ်းရည်

၂၀၁၉ အောက်တိုဘာ ၂၇