Breaking News

ပါတီက ခွင့်မပြုသည့်အတွက် နုတ်ထွက်လိုသည့် ANP အမတ်များ အခက်တွေ့နေ

ပါတီက ခွင့်မပြုသည့်အတွက် နုတ်ထွက်လိုသည့် ANP အမတ်များ အခက်တွေ့နေ

ဒေါက်တာအေးမောင် နုတ်ထွက်ပြီးနောက်ပိုင်း ပါတီခေါင်းဆောင်ပိုင်းများအကြား အကွဲအပြဲများနောက် ပါတီဝင်များ နုတ်ထွက်စာတင်မှု များပြားလာခြင်းမှာ ရခိုင်အမျိုးသားပါတီ၏ အဓိကရင်ဆိုင်နေရသည့် ပြဿနာများအနက် တခုဖြစ်သည်။

အောင်ငြိမ်းချမ်း Myanmar NOW

(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၁၉

ရခိုင်အမျိုးသားပါတီ ANP မှ နုတ်ထွက်ရန် ပြင်ဆင်နေသည့် ပါတီဝင် ၁၀ ဦးခန့် ရှိလာသော်လည်း ပါတီက နုတ်ထွက်ခွင့်မပြုသည့်အတွက် ဒုက္ခရောက်နေသည်ဟု နုတ်ထွက်လိုသည့်အမတ်များက Myanmar Now ကို ပြောသည်။

ယခုနောက်ဆုံး နုတ်ထွက်ခွင့်ငြင်းပယ်ခံရသည့် ကျောက်ဖြူမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ ဦးကျော်လွင်ကို ပါတီမှ “နုတ်ထွက်ခွင့်မပြုကြောင်း” ယနေ့ (ဒီဇင်ဘာ ၂) ရက်တွင် ANP က ဆုံးဖြတ်ခဲ့သည်။

ဦးကျော်လွင်မှာ ၂၀၁၈ စက်တင်ဘာက ပထမအကြိမ် နုတ်ထွက်စာတင်ခဲ့ပြီး၊ ယခုနှစ် နိုဝင်ဘာ ၂၀ တွင်လည်း တကြိမ် ထပ်မံ၍ တင်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် မေလကုန်ပိုင်းက စစ်တွေမြို့တွင် ၂ ရက်ကြာ ကျင်းပခဲ့သည့် ရခိုင်အမျိုးသားပါတီ၏ ညီလာခံတွင် နုတ်ထွက်ခွင့်တင်ထားသည့် ပါတီဝင် လွှတ်တော်အမတ်များအား လွှတ်တော်သက်တမ်း မကုန်ဆုံးမီအချိန်အထိ နုတ်ထွက်ခွင့်မပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်မှာ ANP ပါတီမှ နုတ်ထွက်ခွင့်ပေးရန် ယခုနှစ် ဇွန်လနှင့် နိုဝင်ဘာလများက ပါတီသို့ စာနှစ်ကြိမ်တင်ခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်တွင် နုတ်ထွက်ခွင့်မပြုကြောင်း ပါတီက အကြောင်းပြန်ခဲ့သည်။

“လွှတ်တော်အမတ်တွေကိုကျတော့ ထွက်ခွင့်ပေးရမယ်။ ဒါက လွှတ်တော်အမတ်တွေရဲ့ အခွင့်အရေးကို ချိုးဖောက်တယ်၊ ပြောရမယ်ဆိုရင် နိုင်ငံရေးအရ အသေသတ်လိုက်တာ” ဟု ဦးခင်မောင်လတ်က ပြောသည်။

ပါတီအတွင်း အတိုက်အခိုက်များနှင့် လက်ဝါးကြီးအုပ်လိုမှုများ၊ သဘောထားမတိုက်ဆိုင်မှုများကြောင့် ပါတီမှ နုတ်ထွက်လိုခြင်းဖြစ်ပြီး ပါတီမှ နုတ်ထွက်ခွင့်မပေးခြင်းမှာ လာမည့်အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်မယှဉ်ပြိုင်စေလိုသည့်သဘောဟု မြင်ကြောင်း ဦးခင်မောင်လတ်ကဆိုသည်။

ပါတီမှနုတ်ထွက်လိုသူများတွင် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းရွှေလည်း ပါဝင်ပြီး ယမန်နှစ်ကတည်းက ပါတီမှ နုတ်ထွက်ရန် အကြောင်းကြားထားပြီးဖြစ်သည်ဟု ၎င်းက ပြောသည်။

ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင် နုတ်ထွက်သွားပြီးနောက်ပိုင်းတွင် ပါတီတွင်းခေါင်းဆောင်မှု ပြဿနာများနှင့် သဘောထားကွဲလွဲမှုများကြောင့် ပါတီမှ နုတ်ထွက်လိုခြင်းဖြစ်သည်ဟု ဦးအောင်သောင်းရွှေက ဆိုသည်။

ANP ပါတီကို ကိုယ်စားပြုကာ ရွေးကောက်ပွဲဝင်ခဲ့သည့် လွှတ်တော်အမတ်များကို လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရပြီးသည့်နောက်ပိုင်းတွင် ပါတီ၏ ကတိကဝတ်များအရ ဆက်လက်ထမ်းဆောင်ရမည့် တာဝန်များရှိသည့်အတွက် ထွက်ခွင့်မပြုနိုင်ခြင်းဖြစ်ကြောင်း ပါတီက တုံ့ပြန်သည်။

ထို့အပြင် ပါတီတွင်း သဘောထားကွဲလွဲမှုများ၊ အချင်းချင်းဝေဖန်တိုက်ခိုက်မှုများရှိသည် ဆိုသည့် စွတ်စွဲချက်များကိုလည်း နုတ်ထွက်လိုသူများ၏ အပြစ်ပြောဆိုမှုသာဖြစ်သည်ဟု ဆိုသည်။

“ထွက်ချင်တိုင်းထွက်ခွင့်မရတဲ့သူက အကြောင်းပြချက်တွေကလည်း အဲဒီဘက်ကကြည့်ရင် သဘာဝကျပါတယ်” ဟု ANP ၏ မူဝါဒရေးရာဦးဆောင်ကော်မတီအဖွဲ့ဝင် ဒေါ်အေးနုစိန်က ပြောသည်။

ပါတီ၏ အချက်အလက်များအရ ပါတီမှနုတ်ထွက်ရန် ကြိုးစားနေသူအမတ် ၁၀ ဦးရှိပြီး ၂ ဦးမှာ ပါတီသို့ တရားဝင်စာတင်အကြောင်းကြားလာခြင်း မရှိသေးဘဲ ၈ ဦးမှာ နုတ်ထွက်ခွင့် စာတင်ထားပြီးဖြစ်သည်ဟု ဆိုသည်။

၎င်းတို့အထဲမှ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်နှင့် ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးကျော်လွင်တို့ကို နုတ်ထွက်ခွင့်မပြုနိုင်ကြောင်း တရားဝင်အကြောင်းပြန်ထားပြီးဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ယခင် ANP ပါတီဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင်၊ အမျိုးသားလွှတ်တော်အမတ် ဒေါ်ထုမေတို့မှာ ကနဦးကတည်းက နုတ်ထွက်စာတင်ထားခဲ့ကြသူများဖြစ်သည်။ ထို့ပြင် ပြည်သူ့လွှတ်တော်အမတ်တဦး၊ အမျိုးသားလွှတ်တော်အမတ် ၃ ဦးနှင့် ပြည်နယ်လွှတ်တော်အမတ် ၄ ဦးတို့လည်း နုတ်ထွက်လိုသည့်အထဲ ပါဝင်ကြသည်။