Breaking News

မောင်စွမ်းရည် - ပန်းပန်လျက်သာ မဗေဒါ



မောင်စွမ်းရည် - ပန်းပန်လျက်သာ မဗေဒါ

(မိုးမခပြန်လည်ဆန်းသစ်) ​မေ ၂၆၊ ၂၀၁၁

နှင်းဆီပန်း
စံပယ်ပန်း
ပိတောက်ပန်း
မေတ္တာပန်းတွေကို
လမ်းသွားရင်းလဲပန် ... အိပ်နေရင်းလဲပန်
ဟောပြောရင်းလဲပန် ... ဖြေကြားရင်းလဲပန်
ထောင်အဝင်လဲပန် ... ထောင်အထွက်လဲပန်
‘‘ဝင်ပြန်လဲအခါခါ
ထွက်လာရ အပွဲပွဲ
ခု ဗေဒါ ထောင် ဝင်ထွက်
ပန်းပန်လျက်ပဲ’’ တဲ့ ..။
လူထုထဲက လူတွေက
သူတို့နှမ ... သူတို့ညီမကို
သူတို့သမီး ... သူတို့မြေးကို
ဘွဲ့ချီး နွေးထွေး ... အမည်ပေးကြ
‘‘ဗေဒါမ’’ တဲ့ ...။
ပြည်သူ့မေတ္တာ ... ရွှေကြာပန်းကို
ရေနံ့သာဖြန်းတော့ ... ရွှင်လန်းကြည်လင်
စုကို မြင်မယ်။
စုကိုမြင်ရင် ... ပန်းကိုမြင်လို့
ပန်းလိုခင်မယ်...။
စုကိုမုန်းရင်တော့
ပန်းကိုမုန်းမှာပေါ့ ...။
‘‘ယမ်း’’ကြိုက်သူကလဲ၊ ‘‘ပန်း’’ မကြိုက်တတ်ဘူး ...။
‘‘ယမ်းနံ့’’ ရှုသူဟာ ... ‘‘ပန်းနံ့’’ မကြူနိုင်ဘူး ...။
‘‘ယမ်းနံ့’’ နဲ့မွှေးသူက ... ‘‘ပန်းရနံ့’’ မမွှေးနိုင်ဘူး ...။
ယမ်းပန်းစိုက်သူလဲ ... ပန်းမျိုးမစိုက်နိုင်ဘူး ...
ဒီလိုနဲ့ .... ‘‘ပန်းကြိုက်သူ’’ နဲ့
‘‘ပန်းကြောက်သူ’’ ရယ်လို့
လူနှစ်မျိုးကွဲပါလေရောတဲ့ ....။