Breaking News

လွှတ်တော်ထဲမှာ မဲခွဲတဲ့အခါ မဲတွေဘာလို့ ပျောက်နေသလဲ

လွှတ်တော်ထဲမှာ မဲခွဲတဲ့အခါ မဲတွေဘာလို့ ပျောက်နေသလဲ

လွှတ်တော်တွင်း မဲခွဲမှုများတွင် အမတ်များအနေဖြင့် မဲပေးရန် မကြာမီထုတ်ပြန်မည့် လွှတ်တော်ကိုယ်စားလှယ်များ ကျင့်ဝတ်တွင် ပြဌာန်းရန် ပြင်ဆင်နေသည်။

ဉာဏ်လှိုင်လင်း  Myanmar NOW

(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၉





နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများအတွင်း မဲခွဲဆုံးဖြတ်သည့် အချိန်များတွင် ထောက်ခံ (သို့) ကန့်ကွက် (သို့) ကြားနေ မည်သည့်မဲမျှ မပေးဘဲနေသည့် ပျောက်ဆုံးခဲ့သည့် မဲပေါင်း ၅၀၅ မဲအထိ ရှိခဲ့သည်။

နိုဝင်ဘာ ၁၃ မှ ၂၈ အထိ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများအတွင်း မဲခွဲမှုပေါင်း ရှစ်ကြိမ်အထိ ရှိခဲ့ပြီး အမတ်များပေးခွင့်ရှိသည့် မဲအရေအတွက်သည် စုစုပေါင်း ၄,၅၇၄ မဲအထိ ရှိခဲ့ပြီး ၁၁ ရာခိုင်နှုန်းခန့်ဖြစ်သည့် မဲပေါင်း ၅၀၅ မဲ သည် ထောက်ခံ (သို့) ကန့်ကွက် (သို့) ကြားနေ မည်သည့်မဲအဖြစ်မှ ရှိမနေဘဲ ပျောက်ဆုံးလျက်ရှိသည်။

ယခင်က မဲခွဲမှုများတွင် မဲမပေးသည့်အရေအတွက်သည် ဂဏန်းမျှရှိခဲ့သော်လည်း နိုဝင်ဘာလအတွင်း ပြည်ထောင်စုလွှတ်တော်မဲခွဲမှုများတွင် ရာနှင့်ချီသောအမတ်များ၏ မဲမပေးသည့် အခြေအနေများနှင့် ကြုံတွေ့ခဲ့ရသည်။



မဲပျောက်ဆုံးမှုများသည် နိုဝင်ဘာ ၁၁ က ရက္ခိုင့်တပ်တော် (AA)၏ ဖမ်းဆီးခံထားရသည့် အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းနှင့် အခြားသော ဝန်ထမ်းများ၊ အရပ်သားများ ပြန်လည်လွတ်မြောက်ရေးနှင့် အဆိုပါ လုပ်ရပ်အပေါ် ရှုတ်ချသည့် အရေးကြီးအဆိုကို မဲခွဲဆုံးဖြတ်ချိန်တွင် ဖြစ်သည်။

ထိုနေ့က ပြည်ထောင်စုလွှတ်တော်အတွင်း မဲပေးခွင့်ရှိသည့်အမတ် အရေအတွက်သည် ၅၇၆ ဦး ရှိခဲ့သော်လည်း မဲမပေးဘဲနေသည့်အမတ် ၁၉၀ အထိ ရှိခဲ့သည်။

ထို့အတူ နိုဝင်ဘာ ၁၅ရက်က မဲခွဲ၍ အတည်ဖြစ်သွားသည့် ပညာရေးစီမံကိန်းတစ်ခုအတွက် ကမ္ဘာ့ဘဏ်၊ အပြည် ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ထံမှ အမေရိကန်ဒေါ်လာသန်း ၁၀၀ ချေးယူမည့်ကိစ္စတွင် မဲမပေးသူ ၁၀၆ ဦးရှိသဖြင့် ဒုတိယအများဆုံးအဖြစ် မှတ်တမ်းဝင်သည်။

ပြည်ထောင်စုလွှတ်တော်အတွင်း လျှို့ဝှက်ဆန္ဒမဲပေးရာတွင် ကိုယ်စားလှယ်တစ်ဦးချင်းစီ၏ ရှေ့၌ ထောက်ခံ၊ ကန့်ကွက်၊ ကြားနေ ဟူ၍ ဆန္ဒမဲပေးနိုင်သည့် စက်ခလုတ်ခုံတစ်ခုစီ ထားရှိ၍ ယင်းနေ့တွင် အစည်းအဝေးတက်ရောက်သူကိုသာ ထုတ်ပေးသော နည်းပညာသုံးကတ်ပြားထည့်သွင်း အသုံးပြုရခြင်းဖြစ်သည်။

လွှတ်တော်တွင်း မဲပျောက်ဆုံးမှုများသည် ပြည်ခိုင်ဖြိုးအမတ်အများစုရှိခဲ့သည့် ပထမအကြိမ်လွှတ်တော်ထက် NLDအမတ်အများစုရှိနေသည့် ယနေ့လွှတ်တော်တွင် ပိုမိုမြင်တွေ့ရသည်ဟု ဂျပန်သတင်းဌာန NHK ၏ ဝါရင့်သတင်းထောက် ဦးသီဟသွေးက ဆိုသည်။

“NLD အမှတ်ရမယ့် ကိစ္စမျိုးဆိုရင် ထောက်ခံရခက် ကန့်ကွက်ရခက်တာမျိုးဆိုရင် မပေးဘူးကွာလို့ နေလိုက်ကြတဲ့သဘောလို့ သုံးသပ်လို့ရပါတယ်” ဟု ၎င်းက ပြောသည်။

လွှတ်တော်နှင့် အစိုးရဘတ်ဂျက်ဆိုင်ရာ အချက်အလက်များ ပွင့်လင်းမြင်သာရှိရေးဆောင်ရွက်နေသည့် အာနန္ဒာအဖွဲ့၏ ဒါရိုက်တာတစ်ဦးဖြစ်သည့် ဦးထင်ကျော်အေးကလည်း လွှတ်တော်တွင်း များပြားလှသည့် မဲများ ပျောက်ဆုံးနေသည်ကို ဝေဖန်ခဲ့သည်။

“ဒီလောက်များတဲ့ဂဏန်းကတော့ မဖြစ်သင့်ဘူး၊ ကြားနေပေးခွင့်ရှိတာတောင်မှ မဲမပေးဘူးဆိုတာတော့ ရုပ်ဆိုးပါတယ်၊ အမတ်တစ်ယောက်ဖြစ်လာရင်တော့ ထောက်ခံ၊ ကန့်ကွက်၊ ကြားနေ သုံးခုထဲက တစ်ခုကိုတော့ ရွေးချယ်ဖို့ တာဝန်ရှိတာပေါ့” ဟု သူက ပြောသည်။

ထို့အတူ မဲဆန္ဒရှင်တစ်ဦးအနေဖြင့် ကိုယ်တိုင်မဲပေးရွေးချယ်ခဲ့သည့် ကိုယ်စားလှယ် မည်သည့်ကိစ္စရပ်တွင် မည်သို့ ရပ်တည်သည်ကို သိရှိရန်လိုအပ်သဖြင့် လွှတ်တော်၌ လက်ရှိကျင့်သုံးနေသည့် လျှို့ဝှက်မဲပေးမှုရလဒ် ထုတ်ပြန်သည့် စနစ်ကို ပြင်ဆင်လိုကြောင်းလည်း ဦးထင်ကျော်အေးက အကြံပြုသည်။

“ထောက်ခံတာ ကန့်ကွက်တာဘယ်သူ စသဖြင့် အသေးစိတ်မထုတ်ပြန်တာက မဲမပေးဘဲထိုင်နေတာကို အားပေးအားမြှောက်လုပ်သလို ဖြစ်နေတယ်။ စက်ခလုပ်နှိပ်မဲပေးတဲ့ ရလဒ်ကို အသေးစိတ်ထုတ်ပြန်ဖို့ ဥပဒေနဲ့ ခိုင်မာအားကောင်းအောင် လုပ်ဖို့သင့်တယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ လွှတ်တော်ဆိုင်ရာ နည်းဥပဒေများတွင် အစည်းအဝေးသို့တက်ရောက်၍ ဆန္ဒမဲပေးသည့် လွှတ်တော်ကိုယ်စားလှယ်ဟူသော စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌ ထောက်ခံ၊ ကန့်ကွက်၊ ကြားနေတို့အပြင် ဆန္ဒမဲမပေးသူ အားလုံးကိုပါ ထည့်သွင်းသတ်မှတ်ထားသည်။



NLD အမတ်နှင့် အခြားသူများအား AA ဖမ်းထားသည်ကို ကန့်ကွက်ခဲ့သည့်အဆိုကို နို၀င်ဘာ ၁၈ရက်က မဲခွဲရာတွင် မဲမပေးသူအမြောက်အများ ရှိခဲ့သည် (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း / Myanmar Now)

ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီအတွင်းရေးမှူး ဒေါက်တာလှမိုးကလည်း တည်ဆဲဥပဒေများအရ မဲမပေးဘဲနေခြင်းသည် ကိုယ်စားလှယ်အခွင့်အရေးဟု ဆိုနိုင်သော်လည်း ထိုသို့လုပ်ဆောင်ရန်မသင့်ကြောင်း Myanmar Now ကို မှတ်ချက်ပြုသည်။

“သတ်မှတ်မထားသော်လည်းပဲ ကြိုက်တယ်၊ မကြိုက်ဘူး၊ ကြားနေရင်နေမယ် ဒီခလုတ်သုံးခုထဲက တစ်ခုတော့ နှိပ်ဖို့ တာဝန်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် အချို့သော မဲခွဲဆုံးဖြတ်ချိန်များတွင် ကိုယ်စားလှယ်အချို့သည် ခန်းမအတွင်းရှိမနေဘဲ ကော်မတီအစည်းအဝေးသို့ ရောက်ရှိနေခြင်း၊ အပေါ့အပါးသွားခြင်းတို့နှင့် တိုက်ဆိုင်သည်များလည်း ရှိနိုင်သော်လည်း များပြားလှသည့် အရေအတွက်တော့ မဟုတ်နိုင်ဟု ဒေါက်တာလှမိုးက သုံးသပ်ပြသည်။

ထိုသို့ အခြေအနေများကို ထိန်းသိမ်းနိုင်ရန် အကြံပြုချက်များ ကြားသိရသော်လည်း လွှတ်တော်ဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပြောင်းလဲရန်မှာမူ အစီအစဉ်မရှိသေးဟု ၎င်းက ပြောသည်။

သို့သော် မကြာမီထုတ်ပြန်ရန် စီစဉ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်ကျင့်ဝတ်တွင် ကိုယ်စားလှယ်များ မဲပေးရန် တာဝန်ရှိကြောင်း ထည့်သွင်းသတ်မှတ်ရန် စီစဉ်မည်ဟု ဒေါက်တာလှမိုးက ဆိုသည်။

တရားဝင်ထုတ်ပြန်ထားသော စာရင်းအရ လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် တစ်လလျှင် ကျပ် ၁၀ သိန်းနှင့် အစည်းအဝေးကာလ နေ့တွက်စားရိတ် ကျပ် ၂၀,၀၀၀ ရရှိသည့် ရွေးကောက်ခံအမတ် ၄၈၉ ဦး၊ တပ်မတော်သားဝန်ထမ်းလစာယူ၍ လွှတ်တော်နေ့တွက်စားရိတ် ခံစားနေသည့် တပ်မတော်သား ၁၆၆ ဦး၊ စုစုပေါင်း ၆၅၅ ဦး ဥပဒေပြုရေး တာဝန်ထမ်းဆောင်နေသည်။