Breaking News

ဗိုလ်ကျော်ဇောရာပြည့်အခမ်းအနားသို့ ပေးပို့သည့် ဗိုလ်ကျော်ဇောမိသားစုဝင်များ၏ စာတမ်း


ဗိုလ်ကျော်ဇောရာပြည့်အခမ်းအနားသို့ ပေးပို့သည့် ဗိုလ်ကျော်ဇောမိသားစုဝင်များ၏ စာတမ်း


(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်)

(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၁၉

ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၊ ဆရာဆရာမများနဲ့ မိတ်ဆွေသင်္ဂဟ အပေါင်းတို့အား ဂါရဝပြု နှုတ်ခွန်းဆက်သလိုက် ပါတယ်။

ပထမဆုံးပြောချင်တဲ့အချက်ကတော့ ------

ရာပြည့်အခမ်းအနားစီစဉ်ပေးတဲ့၊ အမှတ်တရ ရာပြည့်ကန်တော့ပန်းစာအုပ်ထုတ်ဝေပေးတဲ့ “ငါတို့စာပေစာအုပ်တိုက်” ဗိုလ်ကျော်ဇော ရာပြည့်အထိမ်းအမှတ်အတွက် ကဗျာများ၊ ဆောင်းပါးများ ရေးသားပေးပို့ခဲ့တဲ့ ဆရာကြီးမောင်စွမ်းရည် အမှူးပြုတဲ့ စာရေးသူများ၊ ဗိုလ်ကျော်ဇောရာပြည့်အခမ်းအနားအတွက် ဘက်စုံမှပါဝင်တက်ရောက် ကူညီစွမ်းဆောင်ပေးသူများ အားလုံးတို့ကို အလွန်ကျေးဇူးတင်ရှိပါကြောင်း ပြောပါရစေ။

ဒုတိယအချက်အနေနဲ့ပြောချင်တာကတော့-----

ဒီနေ့ ရာပြည့်အထိမ်းအမှတ်အခမ်းအနား ကျင်းပခြင်းခံရတဲ့ ဗိုလ်ကျော်ဇောအကြောင်းပါ။ ဗိုလ်ကျော်ဇောဟာဘယ်လို ပုဂွိုလ်မျိုးလဲ။ တ ကယ်တော့ဗိုလ်ကျော်ဇောဟာ ရဲဘော်သုံးကျိပ်ဝင်များထဲမှာရော ဗမာပြည်ကြီးရဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု အဆက်ဆက် အတွင်း ပါဝင်ခဲ့တဲ့ရဲဘော်များအကြားမှာရော အလွန်ကုသိုလ်ထူးသူတဦးဖြစ်ပါတယ်။

ဗိုလ်ကျော်ဇောဟာအသက်(၁၉)နှစ်သား ကျောင်းသားဘဝ ၁၃၀ဝပြည့်အရေးတော်ပုံကစလို့ ဗမာပြည်ကြီးရဲ့လွတ်လပ်ရေးတိုက်ပွဲနဲ့ ဗမာ ပြည်သူတရပ်လုံးရဲ့ လွတ်မြောက်ရေးတိုက်ပွဲများဖြစ်တဲ့ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ တပ်မတော်ပြုပြင်ပြောင်းလဲရေးစတဲ့ တိုက်ပွဲအဆက်ဆက်တွေမှာ လုပ်စွမ်းနိုင်သမျှ၊ တသက်တာလုံး ပြည်သူလူထု အကျိုးစီးပွားပေါ်က ရပ်တည်ပြီး ရာသက်ပန်ပြည်သူ့ဘက်တော်သားကြီးအဖြစ် အသက်(၉၃)နှစ် ကွယ်လွန်ချိန်အထိ မရပ်မနား လုပ်ဆောင်သွားခဲ့ပါတယ်။ ဗိုလ်ကျော်ဇောရဲ့ စ-လယ်- ဆုံးဘဝတသက်တာဟာ အစွန်းအထင်းမရှိ ပြည်သူလူထုအကျိုးဆောင်သွားတဲ့ အလွန်လှပလှတဲ့ သမိုင်း ကြောင်းကြီးတရပ်ပါ။

ဒီသမိုင်းကြောင်းကို ထပ်လောင်းအားဖြည့်ပေးလိုက်တဲ့ အကြောင်းကတော့ ဗိုလ်ကျော်ဇောရဲ့ သမိုင်းကြောင်းတလျှောက် လုပ်ဆောင် ချက်အားလုံးကို မှတ်တမ်းမှတ်ရာပြုစုပြီး ပြောင်းလဲလာနေတ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေအလိုက် အခွင့်ရရင်ရသလို ထုတ်ဝေ ဖြန့်ချိမှုများကိုလုပ်ဆောင်နိုင်မှုပါပဲ။ (ဒါကြောင့် ကုသိုလ်ထူးတယ်လို့ ပြောကြားရခြင်း ဖြစ်ပါတယ်။)

ဗိုလ်ကျော်ဇောရဲ့ သမိုင်းကြောင်းကို ဗိုလ်ကျော်ဇောကိုယ်တိုင်ရေးသားခဲ့တဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်မှာ အတော်အတန်ပြည့်စုံစွာ တွေ့ရှိနိုင်ပါတယ်။ ဒါ့အပြင်် ကျန်ကောင်းကျန်ရာ အကြောင်းအရာအမျိုးမျိုးကိုလည်း ကျန်မိသားစုဝင်များကရော၊ အတူတူနေထိုင်ခဲ့ကြ တဲ့ လုပ်ဖော်ကိုင်ဖက်ရဲဘော်များကရော၊ ဗိုလ်ကျော်ဇောပါဝင်လှုပ်ရှားခဲ့တဲ့ သမိုင်းဖြစ်ရပ်များအပေါ် ကြားဖူးကြုံဖူး သိဖူးသူများကရော၊ ဝိုင်းဝန်း ရေးသားမှတ်တမ်းတင်ပေးကြလို့ အတော်ပြည့်စုံသွားပါပြီ။ ဗိုလ်ကျော်ဇောကိုယ်တိုင်ရေးသားခဲ့တဲ့ ဆောင်းပါးတွေ၊ ခေတ်အ ဆက်ဆက်အခမ်းအနားအမျိုးမျိုးမှာ ပြောခဲ့တဲ့မိန့်ခွန်းတွေ၊ သတင်းမီဒီယာများနဲ့ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းတွေစတာတွေ အားလုံး နီးပါးလောက်ကိုလည်း ပြန်လည်စုစည်းပြီးစာအုပ်များအဖြစ် ထုတ်ဝေပြီးခဲ့ပါပြီ။

ဒါ့အပြင်တပ်မတော်တွင်းနေစဉ်က အကြောင်းအရာ အဖြစ်အပျက် အတော်များများကိုလည်း အစီရင်ခံစာများအဖြစ်၊ မှတ်တမ်းများအဖြစ် တင်ပြချက်များ၊ ဓာတ်ပုံမှတ်တမ်းများ၊ သတင်းရုပ်ရှင်ကားများစတာတွေကိုလည်း တပ်မတော်မော်ကွန်းတိုက်မှာ ထိန်းသိမ်းစုဆောင်း ထားကြောင်း သိရပါတယ်။

ချုပ်ပြောရရင် ဗိုလ်ကျော်ဇောရဲ့သမိုင်းကြောင်းကို ပြည့်စုံလုံလောက်စွာ မှတ်တမ်းတင်ထားပြီးပါပြီ။

ဗိုလ်ကျော်ဇောရဲ့ ဘဝကောက်ကြောင်းကို ကြည့်ရင်အရေးကြီးတဲ့ အဆစ်အပိုင်းအမျိုးမျိုးကို တွေ့နိုင်ပါတယ်။

၁။ ၁၉၃၈-၃၉(၁၃၀ဝပြည့်အရေးတော်ပုံကစလို့)--၁၉၅၇ တပ်မတော်ကအငြိမ်းစားယူလိုက်ရတဲ့ကာလ။

ကျောင်းသားအရေးလှုပ်ရှားသူတဦးအဖြစ် အဲဒီကာလ ဗမာပြည်သူတွေရဲ့ သမိုင်းပေးတာဝန်ဖြစ်တဲ့ နယ်ချဲ့ဆန့်ကျင်ရေး ဗမာပြည် လွတ် လပ်ရေးတိုက်ပွဲတွင်း စတင်ပါဝင်ခဲ့ရာမှ တို့ဗမာသခင်အစည်းအရုံးဝင် သခင်ရွှေအဖြစ်ရောက်ရှိခဲ့ပြီး စစ်ပညာသင်ဖို့ (တနည်း ဗမာ့လွတ် လပ်ရေးကို တိုက်ယူဖို့) ဂျပန်သို့ပါသွားခဲ့ပါတယ်။ စစ်ပညာသင်ယူအပြီး ရဲဘော်သုံးကျိပ်အဖြစ် ဗမာ့တပ်မတော်ကို ပါဝင် တည်ထောင် ဖွဲ့စည်းခဲ့ပါတယ်။

ဗမာ့တပ်မတော် အဆက်ဆက်တာဝန်တွေ ထမ်းခဲ့ရာမှာ တဖက်က စစ်ရေးတာဝန်များအပြင် တပ်တည်ဆောက်ရေးလုပ်ငန်းများမှာ လည်း မနေမနား လုပ်ဆောင်တာတွေ့ရပါတယ်။ ဗမာ့လွတ်လပ်ရေးတိုက်ပွဲရဲ့ အစိတ်အပိုင်းတရပ်ဖြစ် တဲ့ဂျပန်တော်လှန်ရေးအတွက် ပြင်ဆင်တဲ့ကာလအတွင်း (၁၉၄၄)မှာ ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဖြစ်ခဲ့ပါတယ်။

၁၉၄၅ ဂျပန်တော်လှန်ရေးအတွင်းမှာလည်း ဂျပန်တပ်များကို အများဆုံးချေမှုန်းခဲ့တဲ့ တိုင်းများထဲမှာ တခုအပါအဝင်ဖြစ်တဲ့ တိုင်း(၄)ရဲ့ တိုင်းမှူးအဖြစ်တာဝန်ထမ်းခဲ့တာပါ။

ဂျပန်တော်လှန်ရေးအပြီးကျင်းပတဲ့ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဒုတိယအကြိမ်ကွန်ဂရက်မှာ ဗဟိုကော်မတီအဖြစ် အရွေးခံခဲ့ရပါတယ်။

လွတ်လပ်ရေးမရခင်ကာလ(၁၉၄၇)ကစလို့ လွတ်လပ်ရေးရခါစကာလများ(၁၉၄၈-၁၉၅၀) အတွင်း ဗမာပြည်တွင်း (နယ်ချဲ့ပယောဂပါတဲ့) ဆူပူအုံကြွမှုအမျိုးမျိုးကိို တိုက်ခိုက်နှိမ်နှင်းခဲ့ရပါတယ်။ ဒါ့အပြင်(အမေရိကန် စီ-အိုင်-အေ အကူအညီနဲ့ တရုတ်ဖြူ ကူမင်တန်တပ်များ) ဝင်ရောက်ကျူးကျော်ခဲ့တဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဗမာပြည်ရဲ့ (ယခုအထိ) တခုတည်းသောနိုင်ငံခြားတပ်များ ကျူးကျော်မှုကို လည်း အောင်မြင်စွာတိုက်ထုတ်ခဲ့တဲ့ စစ်ဆင်ရေးကြီးများကို ဦးစီးခဲ့ပါတယ်။ အဲဒီကာလ ဗမာ့တပ်မတော်မှာ စစ်တိုင်းကြီးနှစ်တိုင်း (တောင်ပိုင်းတိုင်းနဲ့ မြောက်ပိုင်းတိုင်း)ပဲရှိခဲ့ရာ နှစ်တိုင်းစလုံးမှာ တိုင်းမှူးဗိုလ်မှူးချုပ်အဖြစ် အလိုအပ်ဆုံးအချိန်တွေ အလိုက်လှည့်ပြီး တာဝန် ထမ်းခဲ့ပါတယ်။ ၁၉၅၇ (အသက်၃၈နှစ်)မှာ တပ်မတော်က အငြိမ်းစားယူခဲ့ရပါတယ်။

၂။ ၁၉၅၇-၁၉၆၂ကာလ။

စစ်တပ်ကအနားယူရပြီးနောက် အဲဒီကာလတိုင်းပြည်ရဲ့ အလိုအပ်ဆုံးဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးလှုပ်ရှားမှုအတွင်း ပါဝင်ခဲ့ရာမှာ ဆရာကြီးမှိုင်းဦးစီးတဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌအဖြစ် တပြည်လုံးလှည့်လည်စည်းရုံး လှုပ်ရှားခဲ့ပါတယ်။ စစ်တပ်ကအာဏာ သိမ်းလိုက်တဲ့ ၁၉၆၂-မတ်လ (၂) ရက်နေ့ အထိပါ။

၃။ ၁၉၆၂-၁၉၇၆ ကာလ စစ်တပ်ကတဖြည်းဖြည်းစစ်အာဏာရှင်စနစ် ထူထောင်လာတဲ့ကာလတလျှောက် စစ်တပ်နဲ့ ခပ်ကင်းကင်း နေမှုက စစ်တပ်ရဲ့ မဆလဟာအတုအယောင်ဖြစ်ကြောင်း သွယ်ဝိုက်စွာဖော်ပြနေတာဖြစ်ပြီး အနုနည်းနဲ့ ဆန့်ကျင်နေတာပါ။

၄။၁၉၇၆-၁၉၈၉။

စစ်အာဏာရှင်စနစ်ပိုမိုခိုင်မာလာပြီး ဖိနှိပ်မှုတွေပြင်းထန်လာတဲ့အခါ မြေပေါ်နိုင်ငံရေးလည်း ဘာမှမလုပ်နိုင်တော့တဲ့အတွက် လက်နက် ကိုင် တော်လှန်ရေးလုပ်ဖို့ ဗမာပြည်ကွန်မြူနစ်ပါတီဆီသို့ အသက်(၅၈)နှစ်အရွယ်မှာ ပြန်ရောက်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီဆင်နွှဲခဲ့တဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတိုက်ပွဲပေါင်းစုံမှာ နေရာမျိုးစုံက ပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် စစ်ရေးဆိုင်ရာကဏ္ဍများမှာပါ။

၁၉၈၅ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ်ကွန်ဂရက်မှာ ဗဟိုကော်မတီဝင်အဖြစ် ထပ်မံအရွေးခံခဲ့ရပါတယ်။ (၁၉၄၅က ကျင်း ပတဲ့ဒုတိယကွန်ဂရက်မှာရော၊ ၁၉၈၅မှာကျင်းပတဲ့ တတိယကွန်ဂရက်မှာရော၊ ကွန်ဂရက် (၂)ကြိမ်ဆက်တိုက် အရွေးခံရတဲ့ အလွန်ရှား ပါးတဲ့ ဗဟိုကော်မတီဝင်တဦးဖြစ်ပါတယ်။)

၁၉၈၉ ဗမာပြည်ကွန်မြူနစ်ပါတီတွင်းက လူမျိုးစုများဒေသများ အစိတ်စိတ်အမြွှာမြွှာကွဲထွက်သွားပြီးနောက် ပါတီရဲ့ အသက်အရွယ်ကြီး ရင့်တဲ့ ခေါင်းဆောင်အများစု တဖက်နိုင်ငံတွင်းဝင်ရောက်ခိုလှုံရာမှာ ပါဝင်သွားခဲ့ပါတယ်။ အသက်အရွယ်အရလည်း(၇၀) ကျော်ပြီဖြစ်ပါ တယ်။

၅။ ၁၉၉၀-၂၀၁၂အောက်တိုဘာ(၁၀)ရက်နေ့အထိ။

တဖက်နိုင်ငံမှာ အနှစ်(၂၀)ကျော်ခိုလှုံနေထိုင်နေစဉ်အတွင်း မိမိဘဝတလျှောက်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်အကြောင်းအရာ အတော် များများကိုမှတ်တမ်းတင်ပြုစုခဲ့ပါတယ်။ ပါတီတာဝန် ဆက်လက်ထမ်းဆောင်တဲ့ရဲဘော်များအတွက်ရော၊ စစ်အာဏာရှင်စနစ်ကို တိုက် ပွဲဝင်နေကြတဲ့ ကျန်အဖွဲ့အစည်းအမျိုးမျိုးက ဆက်သွယ်မေးမြန်းလေ့လာကြတဲ့ သူများအတွက်ရော၊ အကြံပေးချက်တွေ၊ သတိပေးချက် တွေ၊ သင်ခန်းစာယူစရာတွေ စတာစတာတွေကို ပြောဆိုရေးသားမှုတွေ အဆက်မပြတ်လုပ်နေရင်းက ၂၀ဝ၃ ခုနှစ် အသက်(၈၄)နှစ် အရွယ်မှာတော့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကိုအပိုင်းများခွဲပြီးရေးသားခဲ့ရာ၂၀ဝ၇ခုနှစ်မှာ အပိုင်း(၅)- ၁၉၇၆ ခုနှစ် ပါတီဆီပြန်ရောက်ချိန် အထိပြီးစီးခဲ့ပါတယ်။

အသက်(၈၀)ကျော်မှ အလွန်စိတ်ပင်ပန်း လူပင်ပန်းခံပြီး အားထုတ်ရေးသားခဲ့ရတာပါ။ ပါတီရဲ့ သတင်းကွန်ရက်မှာ စတင်ကတည်းက ပြည်တွင်းမှာကူးယူဖြန့်ဝေဖတ်ရှုခဲ့ကြပါတယ်။ ရတဲ့နေရာရတဲ့အခွင့်အရေးကို အသုံးချပြီးပြည်ပမှာရော၊ ပြည်တွင်းမှာပါ အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေပြီးဖြစ်ပါတယ်။ ဒါ့အပြင် သတင်းမီဒီယာအမျိုးမျိုးနဲ့ တွေ့ဆုံမေးမြန်းခန်းများကိုလည်း နောက်ဆုံးအကြိမ် ဆေးရုံမတက်ခင် (၂၀၁၁-ဇွန်လပိုင်းအသက်၉၀ကျော်ချိန်)အထိလုပ်ဆောင်သွားခဲ့တာပါ။ ဒါ့ကြောင့် ဗိုလ်ကျော်ဇောရဲ့ ဘဝခရီးလမ်းကြောင်းကို ခြေရာ ခံကြည့်ရင် ဗမာပြည်သူတရပ်လုံးရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှု လမ်းတလျှောက် ဘယ်အကွေ့မှာမဆို စစ်ရေးအရဖြစ်ဖြစ်၊ နိုင်ငံရေး အရဖြစ်ဖြစ်၊ စာပေ လုပ်ငန်းဖြစ်ဖြစ်၊ မိမိလုပ်နိုင်သမျှတွေကို ထိထိရောက်ရောက်ပေါက်ပေါက် မြောက်မြောက် လုပ်ဆောင်ခဲ့တာတွေကို တွေ့မြင်နိုင်ပါတယ်။

သတင်းမီဒီယာတရပ်နဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ဗိုလ်ကျော်ဇောက သူ့ဘဝကို တိုတိုတုတ်တုတ်အနှစ်ချုပ်ပြီး ဒီလိုပြောကြားခဲ့ဖူး ပါတယ်။ ------ “ကျွန်တော့်ဘဝမှာ ကျွန်တော့်တိုင်းပြည်အတွက် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွေမှာ အရေးပါတဲ့ ကဏ္ဍတွေမှာပါဝင်ပြီး ဗမာ့လွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့တဲ့အပေါ် ဝမ်းအသာဆုံးနဲ့အကျေနပ်ဆုံးဖြစ်ခဲ့ပြီး စိတ်မကောင်းဆုံးနဲ့ ဝမ်းအနည်းဆုံးကတော့ ကျွန်တော်ချစ်လှတဲ့ပြည်သူတွေ အခုအချိန်ထိ ဆင်းရဲတွင်းနက်နေသေးတာကိုပါပဲ”-------တဲ့။

တတိယအချက်လည်းဖြစ်၊နောက်ဆုံးအချက်အဖြစ်လည်းပြောချင်တာကတော့ ဗိုလ်ကျော်ဇော ရာပြည့်အခမ်းအနား ဘာကြောင့်လုပ်ရ တယ် ဆိုတာပါပဲ။

တာဝန်သိလူသားတွေဟာ မိမိမျက်မှောက်ခေတ်ကြီးက မိမိပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်တွေကို ထမ်းဆောင်ကြရာမှာ မိမိ အရင်ရှေ့ကလမ်းပြသွားခဲ့တဲ့ မျိုးဆက်ဟောင်းကြီးများထက် သာအောင်ကြိုးစားကြရမှာဖြစ်ပြီး နောင်မျိုးဆက်တွေ မိမိထက်သာအောင် လည်း ရေခံမြေခံကောင်းများကို ဖန်တီးလမ်းခင်းပေးခဲ့ကြရမှာဖြစ်ပါတယ်။

ဗမာပြည်ရဲ့ခေတ်သစ်သမိုင်းမှာ ၁၃၀ဝပြည့်မျိုးဆက်ဟာ ထင်ရှားပါတယ်။ ၁၃၀ဝပြည့်အရေးတော်ပုံကြီးက မွေးဖွားပေးလိုက်တဲ့ လူငယ် ခေါင်းဆောင်အများအပြားဟာ ဗမာ့လွတ်လပ်ရေးတိုက်ပွဲကြီးထဲပါဝင်ခဲ့ကြပြီး ဗမာ့လွတ်လပ်ရေးကြီးကိုအရယူပေးခဲ့ကြပါတယ်။ နိုင်ငံရေး အရသာလွတ်လပ်ပြီး ကျန်ဘက်ပေါင်းစုံက ချွတ်ခြုံကျနေမှုကို ဖြေရှင်းနိုင်ဖို့ (တနည်း) မပြီးဆုံးသေးတဲ့ အမျိုးသားရေး လှုပ်ရှားမှုကြီးကို ဗမာပြည်သူတွေဟာ မနေမနား ဆက်လုပ်ဆောင်ခဲ့ကြပါတယ်။ ဗမာပြည်ကြီးကို ငြိမ်းချမ်းသာယာဖွံ့ဖြိုးပြီး လူမျိုးပေါင်းစုံ စည်းလုံးညီ ညွတ်မျှတစွာ နေပျော်တဲ့နိုင်ငံတနိုင်ငံအဖြစ် တည်ဆောက်နိုင်ရေးအတွက် မျိုးချစ်ပြည်ချစ်ပုဂ္ဂိုလ်များက မျှော်မှန်းခဲ့ကြကာ နည်းလမ်း ပေါင်းစုံ ကျင့်သုံးလျက် မမောမပန်း တသက်တာလုံး လျှောက်လှမ်းခဲ့ကြပါတယ်။

အဲသလိုမပြီးဆုံးနိုင်သေးတဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီးထဲမှာ စဉ်ဆက်မပြတ်ပါဝင်ခဲ့ကြတဲ့ ၁၃၀ဝပြည့် အရေးတော်ပုံ မျိုးဆက်က ဗိုလ်ကျော်ဇောအပါအဝင် အမျိုးသားအဆင့် ခေါင်းဆောင်တွေ အားလုံးနီးပါးကွယ်လွန်ကုန်ကြပါပြီ။ ဒီလိုမျိုး ပုဂ္ဂိုလ်ကြီး တွေထဲမှာ အတော်များများဟာ ဗိုလ်ကျော်ဇောလို သက်တမ်းစေ့စေ့ နေနိုင်ပြီး မိမိသမိုင်းကြောင်းကိုလည်း မှတ်တမ်းတင်နိုင်တဲ့သူ နည်းပါတယ်။ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ကျဆုံးတယ်ဆိုတာတောင် မှတ်တမ်းမတင်နိုင်ခဲ့တဲ့သူတွေ ရှိပါတယ်။

ဒါ့အပြင် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတလျှောက်အသက်တွေ၊ ကိုယ်ခန္ခွာအစိတ်အပိုင်းတွေ၊ ဘဝတွေ၊ မိသားစုတွေကို စွန့်လွှတ် စွန့်စား သွားရသူတွေအများအပြားပါ။

ဒါ့ကြောင့် ဗိုလ်ကျော်ဇောအတွက် အထိမ်းအမှတ် တွေပြုလုပ်တာ၊ အမှတ်တရစာစောင်တွေ အဆက်မပြတ်ထုတ်ဝေနေမှုတွေဟာ ဗိုလ်ကျော်ဇောတဦးတည်း အတွက်ပုဂ္ဂိုလ်ရေးအရ လုပ်ဆောင်နေတာမဟုတ်ပါဘူး။ ဗိုလ်ကျော်ဇောနဲ့ ခေတ်ပြိုင်ရဲဘော်ကြီးများအပါ ခေတ်အဆက်ဆက် ပြည်သူအကျိုးကိုဦးထိပ်ပန်ဆင်ပြီး သေတပန်သက်တဆုံး အလုပ်အကျွေးပြုသွားကြတဲ့ ဗမာပြည်လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးရဲ့ သူရဲကောင်းများကို ဂုဏ်ပြုတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင်မပြီးဆုံးသေးတဲ့တာဝန်တွေကို ဆက်လက်ထမ်းဆောင်ကြမယ့် နောင်မျိုးဆက်သစ်များကိုလည်း ဒီလိုပုဂ္ဂိုလ်ကြီးမျိုးတွေရဲ့ စိတ် ဓာတ်တွေ၊ ဇွဲလုံ့လကြီးမားစွာနဲ့လုပ်ဆောင်ချက်တွေထဲက လေ့လာသင်ခန်းစာယူနိုင်တဲ့အချက်တွေရှာနိုင်ဖို့ ဗမာပြည်ကြီးအတွက် လွတ် မြောက်ရာလွတ်မြောက်ကြောင်း၊ တိုးတက်ရာတိုးတက်ကြောင်းလမ်းကြောင်းတွေ ရှာနိုင်ရေးအတွက် တတ်နိုင်သမျှ ကူညီအားပေးဖို့ အတွက် ဒီလိုအခမ်းအနားမျိုးတွေကျင်းပကြရတာဖြစ်ပါတယ်။

ဒီစိတ်ဓာတ်အခြေခံနဲ့ ဗိုလ်ကျော်ဇောရာပြည့်အထိမ်းအမှတ်များကို ကျင်းပ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

ဗိုလ်ကျော်ဇောရဲ့ နောက်ဆုံး(၂၀ဝ၉ဒီဇင်ဘာ-၃ရက်အသက်(၉၀)ပြည့်နေ့က) တိုင်းပြည်သို့ အမှာစကားနဲ့ပဲ ဒီစာတမ်းကို နိဂုံးချုပ် လိုက် ပါရစေ။

----“ကျွန်တော်တို့ပြည်သူတွေ မတရားမှု၊ ဖိနှိပ်မှုမျိုးစုံကို အလျှော့မပေးဘဲ၊ တဗိုလ်ကျတဗိုလ်တက်၊ တမျိုးဆက်ပြီး တမျိုးဆက်၊ ဆက်လက်တိုက်ပွဲဝင်နေကြတာကို မပြတ်ကြားသိနေရတဲ့အတွက် အဲသလိုပြည်သူမျိုးအတွက်တော့ ကျွန်တော် အလွန်ဂုဏ်ယူပြီး အားရကျေနပ်မှုလည်းရှိပါတယ်။ဆက်လက်ပြီးတော့လည်း မလျှော့စတမ်း ဇွဲနဲ့ကြိုးစားအားထုတ်ကြပါလို့ အားပေးမှာကြားချင်ပါတယ်။ မိမိတို့အချင်းချင်းကြားလည်း စည်းလုံးညီညွတ်ကြပါ။ သဘောထားကြီးကြပါလို့ ပြောပါရစေ”-----

-------“တပ်မတော်သားများကိုလည်း ပြည်သူသာအမိ ပြည်သူသာအဖပါ။ ပြည်သူမျက်နှာပဲကြည့်ပါ။ ပြည်သူကို ရန်သူလို သဘောမထားပါနဲ့လို့မှာကြားလိုပါတယ်”--------။

အစစအရာရာအတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။

ဗိုလ်ကျော်ဇော၏ကျန်ရစ်သူမိသားစုဝင်များ ၂၀၁၉-ဒီဇင်ဘာ(၃)ရက်။