Breaking News

ဧရာ(မန္တလေး) - အရက်၊ ယဉ်ကျေးမှုနှင့် ဘာသာတရား (အဆက်)


ဧရာ(မန္တလေး) - အရက်၊ ယဉ်ကျေးမှုနှင့် ဘာသာတရား (အဆက်)

(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၉

(၃)

‘သုရာမေရယ’ ဟူသည့် ပုဒ်တွင် မုန့်ညက်, မုန့်, ထမင်းတို့ကို တဆေးခပ်၍ (ဆီးဖြူသီး, ဖန်းခါးသီး စသည့်) ခပ်ဆေးအမျိုးမျိုးဖြင့် ရောစပ်၍ ပြုလုပ်ထားသည့် သေရည်ကို ‘သုရာ’ ဟုလည်းကောင်း၊ ပန်းပွင့်, အသီး, ပျားရည်, တင်လဲတို့ကို (ဆီးဖြူသီး, ဖန်းခါးသီး စသည့်) ခပ်ဆေးအမျိုးမျိုးဖြင့် ရောစပ်၍ ပြုလုပ်ထားသည့် စိမ်ရည်ကို ‘မေရယ’ ဟုလည်းကောင်း ခေါ်ကြောင်း ဝိနည်း ပါစိတ်ပါဠိတော် သုရာပါနသိက္ခာပုဒ်တွင် ဖွင့်ပြထားသည် (သုရာငါးမျိုး, မေရယငါးမျိုးဟုလည်း ခေါ်ကြသည်)။

ဓာတုဗေဒ သဘောအရလည်း ကစီဓာတ်ပါဝင်သည့် ကောက်စပါး, ဂျုံ, မုယောစသည်တို့ကို ဖြစ်စေ၊ သကြားဓာတ်ပါဝင်သည့် စပျစ်သီး, ပန်းသီး, ဘယ်ရီသီး, ပျားရည်, တင်လဲတို့ကို ဖြစ်စေ ကစော်ဖောက်ခြင်းဖြင့် အယ်ကိုဟောကို ရသည်။ ထို့ကြောင့် ကစီဓာတ်ပါသည့် အနှံတို့ကို အခြေခံ၍ ပြုလုပ်သည့် ဘီယာ, ခေါင်ရည်, ဝီစကီ, ဗော်ဒကာ, ဆိုဂျူး, ဆာကေး စသည့်အရက်တို့ကို ‘သုရာ’ ဟုလည်းကောင်း၊ သကြားဓာတ်ပါသည့် အသီးများမှ ပြုလုပ်သည့် ဝိုင်အရက်, ဂျင်, ပျားရည်မှ ပြုလုပ်သည့် ပျားရည်အရက်, တင်လဲမှ ပြုလုပ်သည့် ရမ်, ထန်းနို့ရည်ကို ကစော်ဖောက်ထားသည့် ထန်းရည်ခါးတို့ကို ‘မေရယ’ ဟု သတ်မှတ်နိုင်ပါလိမ့်မည်။

ငါးရာ့ငါးဆယ် နိပါတ် ကုမ္ဘဇတ်တော်အရ ‘သုရာ’ ဟူသည့် အမည်သည် သေရည်ကို ရှာဖွေတွေ့ရှိသည့် မုဆိုး၏ အမည်ကို အစွဲပြု၍ ခေါ်ခြင်း ဖြစ်သည်။ ဟိမဝန္တာတောတွင်းရှိ သစ်ခေါင်းပေါက်တစ်ခုတွင် မိုးရေ ဖြင့် ပြည့်နေသည်။ ထိုမိုးရေတွင်းသို့ ငှက်တို့ချီလာသည့် သလေး ကောက်နှံများ, အနီးနားမှ ဖန်းခါသီး, ဆီးဖြူသီးနှင့် ငရုတ်ကောင်းများ ကျနေသည်။ ထိုသီးနှံမျိုးစုံရောနေသည့် မိုးရေသည် နေပူသောအခါတွင် သဘာဝအလျောက် ကစော်ပေါက်၍ အနီရောင် သမ်းလာသည်။ ထိုအရည်ကို ငှက်များ, တိရစ္ဆာန်များ သောက်ကာ မူးယစ်နေ ကြသည်ကို ‘သုရာ’ အမည်ရှိသည့် မုဆိုးကတွေ့သည်။ မုဆိုးလည်း အဆိပ်မဟုတ်တန်ရာဟု စဉ်းစား၍ သောက်ကြည့်သည်။ မူးယစ်သည့် အရသာကို အလွန်ကျေနပ်လှသဖြင့် ကိုယ်တိုင်လည်း သောက်သလို၊ မနီးမဝေးအရပ်ရှိ 'ဝရုဏ' မည့်သည့် ရသေ့ကိုလည်း တိုက်သည်။ ထို့နောက် ဗာရာဏသီ, သာကေတ, သာဝတ္ထိစသည့် မြို့အသီးသီးသို့ သေရည်နှင့် သေရည် ပြုလုပ်သည့် နည်းကို ယူဆောင်ဖြန့်ဝေသည်။ ထိုမုဆိုးနှင့် ရသေ့ကို အကြောင်းပြု၍ သေရည်ကို 'သုရာ' ဟုလည်းကောင်း, 'ဝရုဏ' ဟုလည်းကောင်း ခေါ်ကြောင်း ကုမ္ဘဇတ်တော်တွင် လာသည်။

သုရာရည်ကို မြန်မာတို့က 'သေရည်' ဟု ဘာသာပြန်လေ့ရှိခဲ့ကြသည်။ ပုဂံခေတ် ကျောက်စာများတွင် သေရည်ကို 'သိယ်' ဟု ရေးထိုးလေ့ရှိသည်။ 'အရက်' ဟူသည့် ဝေါဟာရကို ခရစ်နှစ် ၁၂၈၄ ခုနှစ်တွင်ရေးထိုးသည့် ဝက်လက်သစ်ဆိမ့်ကြီး ကျောက်စာတွင် အစောဆုံးတွေ့ရကြောင်း သမိုင်းပညာရှင်တို့က ဆိုသည်။ 'အရက်' သည် မူလအာရပ် ဘာသာစကား ပေါင်းခံရည် (araq) မှ ဆင်းသက်လာပြီး အိန္ဒိယမှတဆင့် မြန်မာပြည်သို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့်လည်း arrack ဟု ခေါ်သည်။ ပေါင်းခံသည့် ချက်လုပ်သည့် နည်းပညာကို အသုံးပြုထားသဖြင့် ဝိုင်, ဘီယာတို့ထက် ပို၍ အယ်ကိုဟော ပါဝင်မှုများသည်။ ရမ်, ဝီစကီ, ဘရမ်ဒီစသည့် အရက်ပြင်းများသည် ပေါင်းခံချက်လုပ်သည့် 'အရက်' (spirituous liquor) အမျိုးအစားတွင် ပါဝင်သည်။ (မှတ်ချက်။ ယနေ့ခေတ် မြန်မာပြည်တွင် ဘီယာ, ဝိုင်, အရက် စသည့် alcohol beverages များကို 'အဖျော်ယမကာ' ဟု တွင်တွင်ကျယ်ကျယ် ခေါ်ဝေါ် သုံးစွဲနေကြသည်ကို တွေ့ရသည်။ စင်စစ် 'အဖျော်ယမကာ' ဟူသည် မွန်းမတည့်မီက ကပ်ထားလျှင် မွန်းလွဲသည့်တိုင် ရဟန်းတော်တို့ သုံးဆောင်ကောင်းသည့် အသီးဖျော်ရည်များကို ဆိုလို၍ ပါဠိစကား 'ယာမကာလိက' မှ ဆင်းသက်ခြင်း ဖြစ်သည်။ အမှားကြာ၍ အမှန်လို ဖြစ်နေသည့် အသုံးအနှုန်း ဖြစ်သည်။)

မူလ ‘သုရာမေရယ’ ပုဒ်အဖွင့်တွင် ဘုရားလက်ထက်က မရှိသေးသည့် ပေါင်းခံချက်လုပ်ထားသည့် အရက်ပြင်းများ မပါသေးဟု ဆိုကောင်း ဆိုနိုင်သည်။ သို့သော် ‘သုရာမေရယ’ သိက္ခာပုဒ်တွင် နောက်၌ ‘မဇ္ဇပမာဒဋ္ဌာနာ’ ဟူသည့် ဝိသေသနပုဒ် ထည့်ထားသည်။ ‘ယစ်မူးခြင်း-မေ့လျော့ခြင်း၏ အကြောင်း ဖြစ်သော’ ဟု အဓိပ္ပါယ်ရသည်။ ထို့ကြာင့် အရက်ပြင်းများသာမက ဘိန်း, ဆေးခြောက်, ကိုးကင်း စသည့် ဆင်ခြင်တုံတရား အားနည်း ကင်းပျောက်ပြီး စိတ်ဂယောင်ဂယင် ဖြစ်စေနိုင့်သည့်, မူးယစ်ဆေးများ (psychoactive drugs) ကိုလည်း ထည့်သွင်းယူရမည် ဖြစ်သည်။

✦✦✦

(၄)

‘မဇ္ဇပမာဒဋ္ဌာနာ’ ဟူသည့် ပုဒ်တွင် ‘မဇ္ဇ’ သည် ‘ယစ်မူးခြင်း’၊ ‘ပမာဒ’ သည် မေ့လျော့ခြင်း၊ ‘ဌာန’ သည် ‘အကြောင်းတရား’ ဟု အဓိပ္ပါယ်ရသည်။ ဤနေရာတွင် ‘မဇ္ဇ’ နှင့် ‘ပမာဒ’ ပုဒ်တို့ တွဲစပ်ထားသည်မှာ စိတ်ဝင်စားစရာ ကောင်းသည်။ မဇ္ဈိမနိကာယ် ဓမ္မဒါယာဒသုတ်တွင် (မ.၁.၃၃) မဇ္ဈိမပဋိပါဒါဖြင့် ပယ်သည့် အစွန်းတရားများကို ပြသောအခါတွင် ယစ်မူးခြင်း (မဒ)နှင့် မေ့လျော့ခြင်း (ပမာဒ) ဟူသည့် အစွန်းတရား တစ်စုံကို ထည့်ပြထားသည်။

‘ယစ်’ သည် ‘လွန်ကဲခြင်း, လွန်ကြူးခြင်း’ ဆိုသည့် အနက်, ‘ပျော်ပါးခံစားခြင်း’ အနက်များရှိသည်။ တနည်းအားဖြင့် ‘အမှန်တရားကို ကျော်လွန်ကာ လွန်လွန်ကဲကဲ ကျေနပ်နှစ်သက် ပျော်ပါးခံစား’ သည့် သဘော ဖြစ်သည်။ လူသည် ပင်ကိုယ် အားဖြင့်ပင် ‘ယစ်မူး’ သည့် သဘောရှိသည်။ ‘ယစ်ခြင်း’ (မဒ) သည် ‘မာန’ နှင့်လည်း ဆက်စပ်နေပြန်သည်။ ထို့‌ကြောင့် ‘မဒ’ ကို ‘မာန်ယစ်ခြင်း’ ဟူသည့် သဘောဖြင့်လည်း သုံးစွဲသည်။ တဖန် ‘မာန’ ဟူသည် ‘အထင်ရောက်ခြင်း’ (မညနာ conceiving) ဟူသည့် စကားမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ရံခါတွင် မိမိကိုယ်မိမိ အမှန်ထက်လွန်၍ ထင်နေတတ်သည်။ ယင်းကို အထင်ကြီးသည့် မာန် (အတိမာန) ဟု ခေါ်သည်။ အတိမာန်၏ ဖိစီးလွှမ်းမိုးမှု ခံနေရသည်ကို စိတ်ပညာအရ superiority complex ဟု သတ်မှတ်သည်။ ထို့အတူ မိမိကိုယ်မိမိ အမှန်အတိုင်း မမြင်ဘဲ အထင်သေး အားငယ်နေတတ်သည်။ ယင်းကို အထင်သေးသည့် မာန် (ဟီနမာန) ဟု ခေါ်သည်။ ဟီနမာန်၏ ဖိစီးလွှမ်းမိုးမှု ခံနေရသည်ကို စိတ်ပညာအရ inferiority complex ဟု သတ်မှတ်သည်။ လူတို့သည် အမျိုးဇာတိ, အတတ်ပညာ, စည်းစိမ်ဥစ္စာ, ရုပ်ဆင်းအင်္ဂါ, ကျန်းမာရေး စသည့် အကြောင်းအမျိုးမျိူးကို အခြေခံကာ မာန်ယစ်နေတတ်ကြသည်။ ဤသည်ကို မိမိကိုယ်တိုင် ရိပ်စားမိမည် မဟုတ်သော်လည်း မိမိပတ်ဝန်းကျင်မှ ရိပ်စားသိမြင် နိုင်သည်။ ယစ်မူးခြင်းကို ‘ရူးသွပ်ခြင်း အဖြစ် ဉာဏ်ဖြင့် သိမြင်နိုင်ကြောင်း’ (ဥမ္မာဒပစ္စုပဋ္ဌာနော) ဓမ္မဒါယာဒသုတ် အဖွင့်အဋ္ဌကထာတွင် မှတ်ချက်ပေးထားသည်။

ဘုရားအလောင်း သိဒ္ဓတ္ထ မင်းသားသည် ဥယျာဉ်တွင်း လှည့်လည်ရင်း သူအိုကို တွေ့သောအခါတွင် ‘လူအများစုသည် မိမိတို့ကိုယ်တိုင် အိုခြင်းတရားကို မလွန်ဆန်နိုင်သူများ ဖြစ်ကြပါလျက် မိမိ၏ အဖြစ်ကို သတိမရဘဲ သူတစ်ပါး၏ အိုမင်းရင့်ရော်ခြင်းကို မနှစ်မြို့ခြင်း, စက်ဆုပ်ရွံရှာခြင်း ဖြစ်ကြသည်။ ငါသည် ဤသို့ ဖြစ်ရန် မသင့်” ဟု စိတ်အကြံဖြစ်ကာ မိမိ၏ နုပျိုမှု၌ ယစ်မူးသည့်မာန် (ယောဗ္ဗနမဒ) ကို ပယ်သည်။ ထို့အတူ သူနာကို တွေ့သောအခါတွင် မိမိ၏ ကျန်းမာသန်စွမ်းမှုကို အကြောင်းပြု၍ ယစ်မူးနေသည့် မာန် (အာရောဂျာမဒ) ကို ပယ်သည်။ သူသေကိုတွေ့သောအခါ မိမိ၏ ရှင်သန်မှုကို အကြောင်းပြု၍ ယစ်မူးနေသည့် မာန် (ဇီဝိတမဒ) ကို ပယ်သည်ဟု အင်္ဂုတ္တရနိကာယ် သုခမာလသုတ်တွင် (အံ.၃.၃၉) ဟောထားသည်။ လူတို့သည် ပင်ကိုယ် အားဖြင့်ပင် မိမိ၏ အဖြစ်မှန်ကို မေ့လျော့ကာ ‘ယစ်မူး’ နေတတ်သည့် သဘောရှိသည်။ နိမိတ်ကြီးများက အလောင်းတော်အား တောထွက်ရန် စေ့ဆော်ပေးနိုင်ခဲ့ခြင်းသည် မေ့လျော့ယစ်မူးခြင်းကို လွန်မြောက်နိုင်ခဲ့၍သာ ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံဝင်ကာနီး နောက်ဆုံး၌လည်း “သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကုန်၏။ မမေ့မလျော့သော အပ္ပမာဒတရားဖြင့် ပြည့်စုံကြစေလော့ (ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ)” ဆုံးစကား မှာကြားခဲ့သည်။ ထို့ကြောင့် မေ့လျော့ယစ်မူးခြင်းကို လွန်မြောက်ရန်သည် ဗုဒ္ဓသာဘာတွင် မည်မျှအရေးပါကြောင်း သိနိုင်သည်။

အရက်သေစာနှင့် (အထူးသဖြင့် Hallucinogen အမျိုးအစားတွင် ပါဝင်သည့်) မူးယစ်ဆေးဝါးများသည် မိမိ၏ အဖြစ်မှန်လောကကို မေ့လျော့ကာ ထင်ယောင်ထင်မှားများဖြင့် ပြည့်နှက်နေသည့် အတုအယောင် အိပ်မက်လောကတွင် ပျော်မွေ့ယစ်မူးစေသည်။ နိုးကြားသိမြင်မှု၏ ဆန့်ကျင်ဖက်ဖြစ်သည့် မေ့လျော့မှု (ပမာဒ) ကို ဖြစ်စေသည်။ မေ့လျော့မှု၏ လက္ခဏာသည် ငါးပါးအာရုံ ကာမဂုဏ်၌ စိတ်ကို လွှတ်၍ ထားခြင်းဖြစ်ကြောင်း (ပဉ္စသု ကာမဂုဏေသု စိတ္တဝေါဿဂ္ဂလက္ခဏော ပမာဒေါ) ဓမ္မဒါယာဒသုတ် အဖွင့်အဋ္ဌကထာက ဆိုသည့် အတိုင်း ယစ်မူးမေ့လျော့မှုက ကာမဂုဏ်၌ လွန်ကြူးခြင်းကို ဖြစ်စေသည်။

ပုထုဇဉ်တို့သည် ပင်ကိုယ်အားဖြင့်ပင် ပကတိအဖြစ်မှန်ကို မေ့လျော့ကာ ယစ်မူး ရူးသွပ်နေတတ်ကြသူများ ဖြစ်ရာ၊ ယစ်မူး-မေ့လျော့ခြင်းကို ဆထက်တိုး၍ ဖြစ်စေနိုင်မည့် အရက်သေစာနှင့် မူးယစ်ဆေးဝါးများကို ရှောင်ကြဉ်သင့်ပေသည်။

✦✦✦