Breaking News

မြတ်စံ - "နိုဝင်ဘာမိုးစက်များအောက်မှ အဖေ့ကိုလွမ်းဆွတ်မိခြင်း" (၄)

နေထိုင်ခဲ့ရတဲ့ ရှစ်ပေ ဆယ်ပေတိုက်ခန်း…


မြတ်စံ - "နိုဝင်ဘာမိုးစက်များအောက်မှ အဖေ့ကိုလွမ်းဆွတ်မိခြင်း" (၄)

(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၁၉

အဲ့ဒီနေ့(20/7/1990) နေ့မှာ… ဇူလိုင်မိုးစက်များက တဖွဲဖွဲရွာနေချိန်…မနက်ပိုင်း ထောင်ဖွင့်ချိန်ပြီး သိပ်မကြာခင်မှာ အင်းစိန်သီးသန့်ထောင် တိုက်ခန်းရှေ့ကို ထောင်မှုးဦးမြင့်လှိုင် ရောက်လာပြီး ကျနော့်ကို လွတ်ရက်စေ့လို့ ထောင်ကျရုံးဖက်မှ လာခေါ်နေကြောင်း။ ထောင်ကျဝတ်စုံကိုအပ်ကာ အရပ်ဝတ်အဝတ်အစားလဲပြီးလိုက်ခဲ့ဖို့ပြောတဲ့အတွက် ထောင်ပိုင်ကြီး(ဗိုလ်မှုးအုန်းဖေ) ရုံးခန်းဖက်ကိုလိုက်သွားခဲ့တယ်။ထောင်ကျအကျဉ်းသားတစ်ယောက်အတွက် သတ်မှတ်တဲ့ထောင်ပုံစံစစ်ဆေးခြင်းတွေမလုပ်တော့ပဲ ထောင်လွှတ်ဝရမ်းနဲ့အတူ ထောင်ဗူးတံခါးဝမှာအသင့်စောင့်နေကြတဲ့ ထောက်လှမ်းရေးအဖွဲ့က T 2000 ကားနဲ့ ခေါ်ဆောင်သွားကာ ထောက်လှမ်းရေး- ၇( မနော်ဟရီ)ရုံးမှာခဏခေါ်ထားသေးတယ်။ ညနေစောင်းတော့မှ မြို့ထဲ ၃၁ လမ်းမှာရှိတဲ့ အဖေအမေတို့အိမ်ကိုလိုက်ပို့ဖို့လုပ်တော့ ..

" ကျနော့်ကို သက်ဆိုင်ရာ အထူးတရားရုံးက အရေးပေါ်စီမံချက်ပုဒ်မ ၅/ည နဲ့ထောင်ချအပြစ်ပေးခဲ့ပြီးဖြစ်လို့ ခင်ဗျားတို့အနေနဲ့ မိဘရပ်ထံပြန်လည်အပ်နှံပါတယ် ဆိုတဲ့ဟာမျိုးလုပ်မယ်ဆိုရင် လက်မခံနိုင်ကြောင်း။အိမ်ပေါ်ထိလိုက်မပို့ပါနဲ့။လမ်းထိပ်မှာပဲ ချပေးပါ" လို့ကျနော်ကပြောလိုက်တယ်။ 

လမ်းထိပ်ရောက်ချိန်မှာ ကားပေါ်ကနေခုန်ဆင်းပြီး ဒုတိယထပ်မှာရှိတဲ့အိမ်ပေါ်ကို ကိုယ့်ဖာသာကိုယ်ပဲ ခပ်တည်တည်နဲ့တက်သွားခဲ့တယ်။လှေခါးဝလောက်ကတည်းက ခါတိုင်းအိမ်ပြန်နေကျ အချက်ပေးသံဖြစ်တဲ့ လေချွန်သံကိုလုပ်လိုက်တဲ့အချိန်မှာ ရှစ်တန်းကျောင်းသူအရွယ် ကျနော့်ညီမလေးဟာ အိမ်တံခါးကို လာဖွင့်ပေးပြီး " အကိုလေး မြတ်စံ ပြန်လာနေပြီ " ဆိုပြီးအိမ်ထဲကိုအသံပြုချိန် ညီမလေးနောက်နားကနေ အံ့သြနေတဲ့ အဖေ့ရုပ်သွင်ကိုမြင်မိတယ်။အိမ်ပေါ်ရောက်ပြီး အမေ့ကိုလှမ်းကြည့်လိုက်တော့ ဘုရားစင်ရှေ့မှာ ဘုရားဝတ်ပြုနေတဲ့အမေဟာ အသံလာရာကျနော့်ဆီစောင်းငဲကြည့်ပြီး " သား မြတ်စံ " လို့ပြောကာ မျက်ရည်တွေကျနေတာ တွေ့လိုက်ရလို့ အမေ့အနားအသာကပ်ကာ အမေ့ပုခုံးကိုအသာအယာပွတ်ပေးရင်းနှစ်သိမ့်ပေးလိုက်ချိန် အမေ ဟာ ရှိုက်ကြီးတငင်ငိုနေရှာတယ်…အမေ့အနေနဲ့ ဝမ်းသာ ဝမ်နည်းဖြစ်လို့ ငိုမိတာလို့ထင်နေခဲ့တယ်…

ခဏအကြာမှာတော့ ကျန်တဲ့အကိုနှစ်ယောက်နဲ့ ညီဖြစ်သူ စိုးနိုင်တို့ကို မတွေ့လို့ မေးမိတော့ အကိုအကြီးဆုံးဖြစ်သူက သူ့ရုံးမှာ ဒီနေ့ ညတာဝန်ရှိလို့ မနက်မှပြန်ရောက်မှာဖြစ်ကြောင်း။ အကိုလတ်ကတော့ ဆေးရုံကနေ သူ့ဂျုတီပြီးချိန်ညပိုင်းလောက်မှပြန်ရောက်မှာလို့ အဖေကပြောတယ်။ညီငယ်ဖြစ်သူကို မတွေ့လို့ မေးလိုက်ချိန်မှာ ... 

" တိုက်ဆိုင်တယ်လို့ပဲ ပြောရမှာပေါ့ သား…မနေ့ည ဆယ်တစ်နာရီကျော်လောက်ကပဲ စစ်ထောက်လှမ်းရေးအဖွဲ့တွေက စစ်တပ်နဲ့အတူအိမ်ကိုလာဝိုင်းပြီး လာဖမ်းသွားကြတယ်။မနေ့က (19/7/1990 ) အာဇာနည်ကုန်းမှာလုပ်တဲ့ ၄၃ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ကျောင်းသားသမဂ္ဂအနေနဲ့ပန်းခွေချဖို့လုပ်တာကိုခွင့်မပြုလို့ အဲ့ဒီနေရာမှာတင်ပဲ ထိုင်သပိတ်ဆန္ဒပြသပိတ်မှောက်ကြတယ်။မင်းညီလေး မောင်စိုးနိုင် ရယ်။ ထက်ရာဇာ( မူးယစ်ဆရာဝန်ကြီး ဒေါက်တာမောင်မောင်တိတ် မြေးဖြစ်သူ ) နဲ့ တင်တင်ညို( ရကသ) တို့သုံးဦးကို ဖမ်းသွားကြလေတယ်။ မင်း အမေလည်း ညကတည်းက တညလုံး မအိပ်နိုင်ဖြစ်ပြီး စိတ်မကောင်းဖြစ်နေတာလေ။အခု သားလတ်ဖြစ်သူက ထောင်ကပြန်လွတ်လာချိန်မှာ သားအငယ်ဆုံးကို ဖမ်းခံထားရတော့ အဖေအမေတို့အနေနဲ့ ဘယ်လိုမျိုးပြောပြရမှန်းတောင်မသိတော့ပါဘူး " လို့ တည်ငြိမ်တဲ့ လေသံနဲ့ အဖေကပြောလေတယ်… 

အော်…ဒါကြောင့် ထောင်ကနေ အိမ်ကို တန်းပို့လို့ရနေရဲ့ သားနဲ့ ထလရ-၇ မှာတနေကုန်နီးပါး ခေါ်ထားပြီး ညနေစောင်းရုံးဆင်းချိန်ကုန်တော့မှ ကျနော့်ကို အိမ်ပြန်လိုက်ပို့ပေးတာပါလား လို့ အတွေးဝင်မိတယ်…
ညဖက်မှာတော့ အမေနဲ့အတူ အမေ့အနားမှာအိပ်နေရင်း အမေ့ကိုနှစ်သိပ့်ပေးနေခဲ့တယ်။သားငယ်ဖြစ်သူ အဖမ်းခံထားရချိန် စိုးရိမ်ပူပန်နေတဲ့ဇောနဲ့ မအိပ်ခဲ့ရတဲ့ အမေ…ညဦးပိုင်းမှာ အမေ အိပ်မောကျသွားချိန်အထိ ကျနော် အိပ်လို့မရနိုင်ခဲ့…ကိုယ်တိုင်ဖြတ်သန်းခဲရဖူးတဲ့ ထောက်လှမ်းရေးစစ်ကြောရေးစခန်း။ ထောင်အုတ်ရိုးနံရံတွေကြားထဲက တိုက်ခန်းကျဉ်းတွေအထဲမှာ အဖေအမေ မိသားစုနဲ့ တခါမှ ဝေးလံတဲ့အရပ်ဆီကို ခွဲသွားပြီးမနေခဲ့ဖူးတဲ့ ဆယ်တန်းကျောင်းသားအရွယ် ကျနော့်ညီ ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့ အတွေးတွေနဲ့ အိပ်စက်လို့မရခဲ့…၂ နှစ်နီပါးလောက် ခြင်ထောင်မပါပဲ ခြင်။ဂျပိုး။သန်းကြီးမ စတဲ့နေရာတွေမှာ အိပ်နေကျဖြစ်တော့ အခုလို ကိုယ့်အိမ်မှာကိုယ် ခြင်ထောင်နဲ့စောင်နဲ့ မွွှေ့ယာနဲ့ အိပ်ရတော့ အိပ်လို့မပျော်…"အင်းးး လူ ဆိုတဲ့သတ္တဝါကလည်း အဆန်းသားနော်…" ဖြတ်ကနဲဆို အဖေ့ကိုသတိရမိလို့ လှမ်းကြည့်လိုက်ချိန် အဖေလည်း ကျနော့်လိုပင်အိပ်ပျော်ပုံမရ…ဘေးစောင်းလှဲလျှက်သားအနေအထားနဲ့နေရင်း သားငယ်ဖြစ်သူအတွက် အန္တရယ်ကင်းပရိတ်တခုခုကိုရွတ်နေတယ် ထင်မိတယ်…ကျနော်ကိုယ်တိုင်လည်း အိမ်ကိုပြန်ရောက်နေပေမဲ့ မနက်ကအထိ နေထိုင်ခဲ့ရတဲ့ ကမ႓ာဒေါင့်ကြားရပ်ဝန်းလေးနဲ့အတူ ရှိနေခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ညီအကိုလိုခင်နေကြတဲ့ ရဲဖော်ရဲဖက်တွေကိုမျက်စေ့ထဲမြင်နေမိ…

နောက်တနေ့ မနက်မှာအင်းစိန်ထောင်ဗူးဝကို အဖေနဲ့အတူသွားပြီး စုံစမ်းရန်ဌာနမှာသွားရောက်စုံစမ်းခဲ့။သက်ဆိုင်ရာ ထလရ စစ်ကြေားရေးစခန်းမှာပဲရှိသေးလို့ ထောင်ကိုမရောက်သေး။ တဖက်မှာလည်း ကျနော်ပြန်ရောက်ခါစအချိန် နိုင်ငံရေးရေချိန်ကလည်းပြောင်းလဲနေချိန်နဲ့ကြုံနေခဲ့ရ။ 

၁၉၉၀ ခုနှစ် မေလမှာကျင်းပခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲကော်မရှင်ကြီးကြပ်မှုနဲ့ ထွက်ပေါ်လာတဲ့ရလာဒ်မှာ NLD ပါတီက တောင်ပြိုကမ်းပါးပြို မဲအပြတ်အသတ်နဲ့အနိုင်ရခဲ့ချိန်…နဝတ စစ်အစိုးရအနေနဲ့ နိုင်ငံတော်အာဏာလွှဲပြောင်းရန်နဲ့ လွှတ်တော်ခေါ်ယူရေးအတွက်လုပ်ဆောင်ရမယ့်အချိန်…ရွေးကောက်ပွဲကျင်းပအပြီး ရက်ပေါင်း ၉၀ ကျော်တာနဲ့ လွှတ်တော်ခေါ်ယူပြီး အစိုးရဖွဲ့ဖို့ အနိုင်ရပါတီမှဆက်လက်ဆောင်ရွက်ရမှာဖြစ်ပြီး ကာ/ချုပ်ဖြစ်သူဗိုလ်ချုပ်မှုးကြီးစောမောင် ကိုယ်တိုင်က " မိမိတို့အနေဖြင့် စစ်တန်းလျှားကိုပြန်ပါမယ် "ဟုပြောဆိုနေတဲ့အချိန်…ရွေးကောက်ပွဲအနိုင်ရ NLDပါတီနဲ့ တိုင်းရင်းသားပါတီများကလည်း မဟာမိတ်ပါတီများဖွဲ့စည်းကာ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း ဂန္ဓီခန်းမမှာ ညီလာခံခေါ်ယူပြီး အာဏာလွှဲပြောင်းရေးနဲ့လွှတ်တော်ခေါ်ယူရေး အတွက်ဆွေးနွေးညှိနှိုင်းနေခဲ့ကြ…တချိန်တည်း တပြိုင်တည်းဆိုသလို နဝတ စစ်အစိုးရမှ အမိန့်ကြေညာချက်အမှတ် ၁/ ၉၀ ထုတ်ပြန်ကာ ၉၀ ရွေးကောက်ပွဲရလာဒ်ကို လွှမ်းမိုးနေတဲ့အခြေအနေတစ်ရပ်ကို ဖန်တီးလိုက်ပြီး နိုင်ငံရေးတင်းမာမှုအခြေအနေတစ်ခုဖြစ်ပေါ်နေခဲ့…
အဲ့ဒီအခြေအနေနဲ့ပက်သက်ပြီး သတင်းစာဆရာတစ်ဦးဖြစ်တဲ့အဖေက ကျနော့်ကိုရှင်းပြခဲ့။ လူထုတစ်ရပ်လုံးရဲ့ စစ်အစိုးရအပေါ် Silent Strike လိုခေါ်တဲ့ အသံတိတ်ဆန္ဒထုတ်ဖော်လိုက်တဲ့အပေါ်မှာထွက်ပေါ်လာတဲ့ ၉၀ ရွေးကောက်ပွဲရလာဒ်ဖြစ်ပေါ်လာခဲ့ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမရှိသေးတဲ့အတွက် အာဏာလွှဲပြောင်းလို့မရသေးကြောင်း။ ရွေးကောက်ခံကိုယ်စားလှယ်များရဲ့လုပ်ဆောင်ရမယ့်တာဝန်ဟာ ဖွဲ့စည်းပုံရေးဆွဲရန်သာဖြစ်ကြောင်း ၁/ ၉၀ ကအဓိပ္ပါယ်မှာဖွင့်ဆိုထားတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ဖို့ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေက ဦးဆောင်ခေါ်ယူကျင်းပတဲ့ ညီလာခံလုပ်မလား။ ဒါမှမဟုတ် အာဏာလွှဲပြောင်းရေးနဲ့ လွှတ်တော်ခေါ်ယူရေးလမ်းကြောင်းကို တောင်းဆိုဆောင်ရွက်မလားဆိုတဲ့ လမ်းဆုံလမ်းခွကိုရောက်နေကြောင်း ပြောပြ။

ဗဟန်းမြို့နယ် အုတ်လမ်း NLD ဌာနချုပ်။ လူ့ဘောင်သစ်ပါတီ။ SNLD နဲ့ UNLD အပါအဝင်သက်ဆိုင်ရာနိုင်ငံရေးခေါင်းဆောင်များနဲ့တွေ့ဆုံပြီး နိုင်ငံရေးအရဝန်းရံဆောင်ရွက်လှုပ်ရှားပေးနိုင်မယ့် အခြေအနေများကို လက်ရှိအနေအထားအတွက်လိုအပ်တာတွေမှ ာပါဝင်ဆောင်ရွက်နေရ… ထောင်မှပြန်လွတ်လာပြီး ရက်ပိုင်းအတွင်းမှာ အိမ်အနီးအနားတဝိုက်နဲ့သွားလာမှုတွေရဲ့နောက်မှာ ထောက်လှမ်းရေးတွေက အမြဲလိုလို လိုက်နေပေမယ့်လည်း ကိုယ်လုပ်စရာရှိနေတဲ့အလုပ်ကိုသာဆက်လုပ်နေခဲ့… အဖေအမေတို့ကလည်း သားအငယ်ဆုံးဖြစ်သူ ကျနော့် ညီလေးအခြေအနေကလည်း ဘာမှသတင်းမရသေး။ အဖေအနေနဲ့ ကျနော့်ရဲ့ဆက်လက်ပါဝင်ပက်သက်နေမှုကို စိုးရိမ်နေပေမဲ့ ဘာမှဝင်ရောက်တားမြစ်တာမလုပ်ပဲ သတိရှိရှိနဲ့ သွားလာနေထိုင်ဖို့ကိုသာပြောဆိုခဲ့။

စက်တင်ဘာလလယ်ပိုင်းတစ်ရက်မှာတော့ ထောင်ထဲက လုပ်ဖော်ကိုင်ဖက်တစ်ဦးရဲ့မိသားစုထံကနေ ညီလေးနဲ့ပက်သက်ပြီးသတင်းရခဲ့…ဆယ်တန်းကျောင်းသား အခြေခံကျောင်းသားအရွယ် အသက်ဆယ်ခြောက်နှစ်မပြည့်သေးတဲ့ လူငယ်နှစ်ဦးဖြစ်ကြတဲ့ ညီလေးနဲ့ ထက်ရာဇာတို့နှစ်ဦးကို အရေးပေါ်စီမံချက် ပုဒ်မ ၅/ ည နဲ့ စစ်ခုံရုံးကနေ ၅ နှစ်ပြစ်ဒဏ်ချမှတ်ပြီး အင်းစိန်ထောင်မှာရောက်နေကြောင်းသိခဲ့ရလို့ နောက်တစ်ရက်မှာ အဖေအမေတို့နဲ့အတူ မိသားစုဧည့်တွေ့(ထောင်ဝင်စာ) သွားရောက်ခဲ့။ 

မိန်းကလေးဖြစ်သူ တင်တင်ညို ကိုတော့ အမှုမစွဲဆိုတော့ပဲ လွှတ်ပေးလိုက်ကြောင်းသိခဲ့ရ…မွေးရာပါနှလုံးရောဂါအခံရှိတဲ့ ညီလေးအတွက်လိုအပ်တဲ့ ဆေးဝါးတွေနဲ့စားသောက်စရာတွေထည့်ပြီး ညီလေးနဲ့တွေ့တဲ့အချိန်မှာ အဖေ့ရင်ထဲဘယ်လိုခံစားနေရမယ်ဆိုတာ ပြောမပြတတ်ခဲ့…စစ်ခုံရုံးမှ ညီလေးကို အမိန့်မချခင် နောက်ဆုံးစစ်ကြောရေးမှာ စစ်ဆေးမေးမြန်းသူက ...

" မင်းရဲ့ အကိုဖြစ်တဲ့ မြတ်စံ က ထောင်ကျပြီးလွတ်လာတာတောင်မှ နိုင်ငံရေးလှုပ်ရှားမှုတွေမှာဆက်ပါနေသေးတယ်။ အေးပေါ့ ဘယ်လောက်လုပ်နိုင်မလဲ ကြည့်ကြသေးတာပေါ့ …အခုတော့ မင်းအကို အစား မင်းလည်းထောင်ထဲသွားနေတော့ "ဆိုပြီး ညီအကိုအချင်းချင်းကို သွေးခွဲရန်တိုက်ပေးတဲ့စကားပြောကာ ထောင်ချလိုက်ကြောင်း သိခဲ့ရ…

အတွေးများနဲ့ ခရီးဆက်လာခဲ့တာ ပဲခူးဘူတာရောက်ချိန်မှာ ရထားပေါ်ကိုတက်လာတဲ့ ဈေးသည်များရဲ့ အသံဗလံများကြောင့် အတွေးဆပြတ်သွားပြီး ရထားပေါ်မှာတရေးမှမအိပ်ဖြစ်ခဲ့တဲ့ ကိုယ့်အဖြစ်ကိုသတိထားနေမိခဲ့…စိတ်အစဉ်ထဲမှာ စဉ်းစားစရာမလိုပဲ သူ့အလိုလိုပေါ်နေတဲ့ ဖြစ်စဉ်တွေဟာ ဘယ်အချိန်ကလအထိ တည်ရှိနေမှာလဲ…

အော်…သိပ်မကြာခင် အချိန်မှာ မွေးရပ်မြေ ရန်ကုန်ကိုပြန်ရောက်တော့မှာပါလား… ဆိုတဲ့ အသိနဲ့ ပဲခူးဘူတာကနေ ရထားကြီးက ခုတ်မောင်းထွက်ခွာနေလေရဲ့……
(ဆက်လက်ဖော်ပြပါမယ်)
အစဉ်အမြဲ လွမ်းဆွတ်ခြင်းများဖြင့်
ကိုမြတ်စံ
20/11/2019( 3:30pm)