Breaking News

မင်နီရှဲလ် - Tomorrow

Photo - Mi Mi Thaw


မင်နီရှဲလ် - Tomorrow

(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၉



မနက်ဖြန်ဆိုရင် ကျွန်မ သေဆုံးရတော့မည်။ ကျွန်မ အဆင်သင့်ဖြစ်ပါရဲ့လား။ တတ်နိုင်သလောက်တော့ ကြိုးစားပြင်ဆင် ပြီးပြီလို့ထင်ပါသည်။

ကျွန်မ‌သေဆုံးသွားရင် ပထမဆုံး စိတ်ထိခိုက်မည့်သူများမှာ ကျွန်မမိသားစုဝင်များ ကျွန်မကိုချစ်သူခင်သူများ ဖြစ်ကြလိမ့်မည်။ ကံကောင်းစွာ ကျွန်မမိဘများက အခုထိ အသက်ရှင်နေကြသေးသည်။ သူတို့ စိတ်ကောင်းမှာမဟုတ်။ ဘယ်မိဘကရော ကိုယ့်သားသမီးကို ဆုံးရှုံးချင်မှာလဲ။ ဒါပေမယ့် အချိန်တွေကြာလာတာနှင့်အမျှ သူတို့တွေ နေသားတကျ ဖြစ်လာပါလိမ့်မည်။ နာကျင်မှုတွေ လျော့နည်းပြီး မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြလိမ့်မည်။

ကျွန်မ မရှိရင် ဒုက္ခအရောက်ဆုံးဖြစ်မယ့် သူတွေမှာ လူ‌နာတွေဖြစ်သည်။ တစ်ချို့ဆိုရင် ဆောက်တည်ရာမရလောက်အောင် ငိုကြမည်။ စိတ်ဓာတ်ကျကြမည်။ ဒေါသထွက်ကြမည်။ ဘုရားရှိခိုးကျောင်းသွားပြီး ဆုတောင်းကြလိမ့်မည်။ ဆေးခန်းက ဝန်ထမ်းတွေကို လာရန်တွေ့ကြမည်။ ခြေဆောင့်ကြလိမ့်မည်။ လိုအပ်တဲ့ဆေးတွေ ၊ စာရွက်စာတမ်းတွေ ၊ စစ်ဆေးမှုတွေမရရင် ဆူဆူပူပူလုပ်ကြလိမ့်မည်။ သေရမှာတောင် အားနာလိုက်တာကွယ်။ ဒါပေမယ့် လောကမှာ မရှိမဖြစ်ဆိုတဲ့သူမရှိပါ။ လူတွေကသာ ငါမရှိရင် မဖြစ်ပါဘူး လို့ထင်နေကြတာ ဖြစ်သည်။ ကျွန်မမရှိရင် လူနာတွေကို အသေးစိတ် စိတ်ဝင်စားမယ့်သူ ၊ နားထောင်ပေးမယ့်သူ ၊ အရင်က မှတ်တမ်းဟောင်းတွေ ပြန်ဖတ်ပြီး စဉ်းစားပေးမယ့်သူရှိပါ့မလား ၊ ကိစ္စမရှိပါ ၊ အချိန်ကြာလာရင် သူတို့ ကျွန်မကို မေ့သွားကြလိမ့်မည်။ နှစ်တွေကြာလာရင် ကျွန်မနာမည်တောင် မှတ်မိချင်မှ မှတ်မိကြတော့မည်။

မနက်ဖြန်မှာ သေဆုံးပြီးရင် ကျွန်မ ဘုရားဆွမ်းတော်ကပ် ဖြစ်တော့မှာမဟုတ်။ ကြောင်လေးတွေနဲ့ ၊ ဌက်တွေ ၊ ရှဉ့်တွေကို အစာကျွေးနိုင်တော့မှာမဟုတ် ၊ မနက်မိုးလင်းရင် အိမ်ရှေ့မှာ သူတို့စောင့်နေမှာလား ၊ အလုပ်ကို ကားမောင်း သွားနိုင်တော့မှာမဟုတ် ၊ အခွေဌားကြည့်နိုင်တော့မှာမဟုတ် ၊ ကွန်ပျူတာနဲ့ ညဘက် အလုပ်လုပ်နိုင်တော့မှာ မဟုတ် ၊ အလှူအတန်းတွေ လုပ်နိုင်တာ့မှာမဟုတ် ၊ ရိပ်သာဝင်နိုင်တော့မှာမဟုတ် ၊ ရှော့ပင်ထွက်နိုင်တော့မှာမဟုတ်။ ကျွန်မဖြစ်တည်မှု ၊ လှုပ်ရှားမှုတွေ အားလုံးပျောက်ကွယ် သွားခဲ့ပြီ။

ချက်ချင်း ပျောက်မသွားဦးမှာကတော့ ကျွန်မရဲ့ အသုံးဆောင်ပစ္စည်းတွေ ၊ စာအုပ်တွေ ၊ စာရွက်စာတမ်းတွေ ၊ အဝတ်အစားတွေပေါ့။ ဘာကိုမှ သိပ်သံယောဇဉ်မရှိလှတော့ပါ။ အင်း စာအုပ်တွေကလွဲရင်ပေါ့လေ။ ဒါပေမယ့် စာအုပ်တွေကိုလည်း အရင်ကလောက်တော့ မက်မောတွယ်တာမှု မရှိတော့တာ ၊ တတ်နိုင်သမျှ သံယောဇဉ်ဖြတ်တောက်ပြီးတာ အမှန်ပါပဲ။ ကျွန်မရဲ့ မတ်တော်သူ စာအုပ်တွေလိုချင်ရင် အကုန်လာယူနိုင်ပါသည်။

ဆေးခန်းကရပိုင်ခွင့် ၊ လက်ခံပိုင်ခွင့်ရှိတဲ့ ကျွန်မရဲ့ ရှယ်ယာ ငွေ‌ကြေး အတိုင်းအတာ ပမာဏ တစ်ချို့ကိုလဲ တရားမျှမျှတတ ထုတ်ပေးမယ်လို့ မျှော်လင့်ပါသည်။ ဒါပေမယ့် ဒီကိစ္စတွေအပေါ်မှာ ကျွန်မ ကွန်ထရိုလ် လုပ်ပိုင်ခွင့် ဘာမှမရှိတော့ပြီ။

မနက်ဖြန်ပြီးသွားရင် ဒီနေရာ ၊ ဒီအချိန် ၊ ဒီဒေသ ၊ ဒီလောကထဲမှာ ကျွန်မ ပျောက်ကွယ်သွားပြီ။ တကယ်တော့ လူ့ဘဝဟာ အလွန် မြန်ဆန် တိုတောင်းလွန်းလှပါသည်။ အဲ့ဒါလေးကိုပဲ လူတွေက သဘောမပေါက်နိုင်ဘဲ အမြဲ အသက်ရှင်နေတော့မှာလို့ ခံယူထားကြသည်။ အသက်ကိုးဆယ်ကျော် အဖိုးကြီး သေသွားတာကိုတောင် တရားအမြင်မရှိပဲ တသသဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင် အမည်ခံသူတွေရှိသည်။ လူတွေဟာ EXPIRATION DATE နဲ့ တစ်ခါတည်း လာတယ်ဆိုတာ သူတို့မသိလေရော့သလား။ အသက်သုံးဆယ်မှာဘဲသေသေ ၊ ငါးဆယ်မှာဘဲသေသေ ၊ တစ်ရာမှာဘဲသေသေ ဘာမှ သိပ်မထူးခြားလှပါ ၊ သံသရာကြီးနှင့်ယှဉ်ကြည့်လိုက်ရင် ကျွန်မတို့ဟာ ဘာမှအရေးမပါလှသော အမှုန်အမွှားလေးတွေသာဖြစ်ကြသည်။ ကျွန်မတို့ဟာ ဘတ်စ်ကားတစ်ခုကို စီးပြီး ခရီးသွားနေကြသလိုပါပဲ။ တစ်ချိန်ချိန်မှာတော့ ဘတ်စ်ကားပေါ်က ဆင်းကြရလိမ့်မည်။ သေမယ့်အကြောင်းကို နမိတ်မရှိဘူးဆိုပြီး ‌မပြောရဲ မတွေးရဲသူတွေကို စိတ်ပျက်မိသည်။

သူတို့သည် သေမယ့်အကြောင်းကို မတွေးတော့ သေရမှာကိုလည်း ပြင်ဆင်မိမှာမဟုတ်။ မသေဖို့ ဘယ်လိုကျင့်ကြံရမှာလဲ ၊ မသေမယ့်နေရာရော ရှိဦးမှာလား တွေးမိမှာမဟုတ်။ ပျော်ပျော်နေသေခဲ ဆိုသူတွေဟာလဲ သေခြင်းတရားကို လွန်ဆန်နိုင်မှာ မဟုတ်ပါ။ မသေပဲ နေမယ့်သူမရှိပါ။

ကျွန်မ ဖြစ်ချင်တာတွေ ဖြစ်နိုင်ခဲ့ရဲ့လား ၊ တကယ်တမ်းပြောရရင် ဘဝရဲ့ နုပျိုမှုများစွာ ၊ အချိန်ပေါင်းများစွာသည် အလုပ်လုပ်ခြင်းနဲ့ပဲ ကုန်ဆုံးခဲ့ပါသည်။ အဲ့ဒါအတွက်တော့ ဘယ်တုန်းကမှ နောင်တ မရခဲ့ဖူးပါ ၊ အနစ်နာခံလိုက်ရခြင်းလို့လည်း မထင်မိပါ ၊ ကျွန်မ လူ့ဘဝ ရောက်လာတုန်း ဆန်ကုန်မြေလေး ဖြစ်မသွားပဲ အလုပ် လုပ်နိုင်ခဲ့တာကိုပင် ကျေဇူးတင်လှပြီ။ ကျန်ရစ်ခဲ့မယ့်သူတွေကို ကျွန်မပြောခဲ့ချင်တာ ငွေဟာ စိတ်ချမ်းသာမှု အပြည့်အဝကို ဘယ်လိုမှမပေးနိုင်ဘူးလို့ ပြောချင်ပါသည်။

သွားချင်တဲ့ခရီး တော်တော်များများကို သွားနိုင်ခဲ့ပြီးပြီ။ တစ်ကမ္ဘာလုံး လျှောက်သွားဖို့ဆိုတာကတော့ အလွန်ပင်မိုက်မဲတဲ့ ရည်ရွယ်ချက်ဖြစ်လိမ့်မည် ၊ နေရာ အနှံလျှောက်သွားပြီး ရိပ်သာကို ရောက်မလာနိုင်တာလောက် လောကမှာ လူဖြစ်ရှုံးတာမရှိ။ ကိုယ့်ကိုပဲအနားယူပြီး စိတ်ကို အနားမပေးရင် ဘယ်တော့မှ တိုးတတ်လာမှာမဟုတ်။ သေခါနီးမှာ စိတ်တည်ငြိမ်မှုမရသူတွေ များစွာမြင်ဖူးသည်။ ဘုရားဒကာ ၊ ကျောင်းဒကာတွေတောင် ပါရင်ပါဦးမည်။ သီလမပါပဲ ၊ စိတ်ကို ထရိန်နင်လုပ်ထားမှုမရှိပဲ ချစ်သူ ၊ ခင်သူတွေနဲ့ ကိုယ့်ပတ်ဝန်းကျင်နဲ့ခွဲရတဲ့အခါ လွယ်ကူမှုရှိမယ်လို့ထင်ပါသလား။ တတိယအရွယ်ကိုရောက်နေပြီး တရားကို စိတ်မဝင်စား ၊ လက်တွေ့ဘဝမှာကောင်းမှုတွေ လုပ်ဖို့ထက် FB ပေါ်မှာ MEMORY တွေတင်ဖို့ ပိုအားသန်သူတွေ ဒုနဲ့ဒေး တွေ့ဖူးသည်။ ဒီဘဝ ဒီအချိန် ဒီအခွင့်အရေးဟာ ဘယ်လောက် တန်ဖိုးရှိမှန်း သူတို့မသိရှာ။ FB ပေါ်မှာတရား POST တွေတင်နေရုံနဲ့ အလိုလိုတရား ရလာမယ်လို့ထင်နေသူတွေကိုတော့ အလွန်ပင်သနားမိပါသည်။

FB လှန်သလောက်သာ

တရားထိုင်မှန်ရင်

သောတာပန် ဖြစ်တာ ကြာလှပြီလို့ ကဗျာစပ်ခဲ့ဖူးသည်။

သေခြင်းအကြောင်းကို မကောင်းဆိုးဝါးလို့ သတ်မှတ်ပြီး မပြောရဲသူတွေ ၊ မကြားချင်သူတွေ လည်းကြုံဖူးသည်။ အဲ့ဒီလိုခံယူထားလို့ရော မသေပဲနေမှာလား? ပုန်းကွယ် ရှောင်ရှားလို့ရမယ် ထင်နေသလား။ တစ်ချိန်ချိန် မှာတော့ အနှေးနဲ့ အမြန် ကြုံကြရလိမ့်မည်။

ရိပ်သာထဲမှာ ‌ခြေလှမ်းပေါင်းများစွာ လျှောက်ဖူးသည် ၊ အကြိမ်ပေါင်းများစွာ ၊ ထွက်သက်ဝင်သက်ပေါင်းများစွာ ၊ ရာသီပေါင်းစုံ ၊ လူမျိုးပေါင်းစုံ ၊ အခြေအနေမျိုးစုံ ဘယ်လိုပဲ ဘာတွေပြောင်းသွားသွား အခါခါဝင်ဖူးပြီ။ သံယောဇဉ်ရှိတဲ့ အလုပ်ကိုတောင် မေ့သွားလောက်အောင် ၊ သတိမရလောက်အောင် ရိပ်သာမှာ အေးချမ်းမှု ခဏတာ ရှာဖူးပြီ။ ဒါတွေက အထောက်အကူကောင်း ဖြစ်လောက်ပါရဲ့ ၊ ‌ဒါမှမဟုတ် သေခါနီးအချိန်မှာ ပူဆွေးနောင်တ ရနေမှာလား ၊ စိတ်ကိုအတတ်နိုင်ဆုံး ငါစွဲဖြုတ်ပြီး အာရုံစူးစိုက် နိုင်ဖို့တော့ လိုလိမ့်မည်။ နောက်‌ဆုံးမှာတော့ ကျွန်မတို့ဟာ ကိုယ့်အပင်ကိုယ်ရိတ်သိမ်းကြရသည်။ သေခါနီးမှာ ဘယ်ဘုရားသခင်ကမှ တရားဝင် လာကယ်သွားတယ်လို့ တစ်ခါမှမကြားဖူးပါ။

မနက်ဖြန်ဆိုရင် ကျွန်မသေဆုံးရတော့မည် ၊ ကျွန်မ အဆင်သင့် ဖြစ်ပါရဲ့လား။ တတ်နိုင်သလောက်တော့ ကြိုးစားပြင်ဆင်ပြီးပြီလို့ထင်ပါသည်။

မင်နီရှဲလ်
Dec 1st 2019