Breaking News

ခက်ဦး - ကျေးဇူးပါရှင့်


ခက်ဦး - ကျေးဇူးပါရှင့်

(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၉

ကမ္ဘာကြီးများ ဆာနေမလား
ဦးဦးတို့များဆာနေကြမလား
ဘာသာရေးမသိ ယဥ်ကျေးမှုမသိ
ဖြူဆွတ်ညှိုးလျော် ကြယ်စင်လေး
ငိုနေတဲ့ကြားက သူ့မုန့်ခွဲတမ်းလေး
ပြန်လှည့်ကျွေးဖို့ အားထုတ်ခဲ့ရှာ

ဘာသာရေးကို သိသွားပြီ
လူယဥ်ကျေးတွေကို သိသွားရှာပါပြီ
ကမ္ဘာကြီးနဲ့ဦးဦးတို့ ဆာ​လောင်နေတာ
မုန့်ကလေးတစ်ခု မဟုတ်မှန်း
မီးမီး​လေး သိသွားရှာပါပြီ

မီးမီးလေး နောက်တစ်ခါ
ဗိုက်ဆာနေဖို့ မလိုတော့ပါ
မီးမီးလေး နောက်တစ်ခါ
ငိုနေစရာလည်း မလိုတော့ပါ
ကျေးဇူးပါရှင့်

ဦးဦးတို့ပေးတဲ့ ကျည်ဆန်တွေအတွက်
ဦးဦးတို့ဆာနေတဲ့ သွေးတွေကို
သမီး ပြန်ပေးခဲ့ပါတယ် နော်....
ကျေးဇူးပါရှင့်

၇. ၁၂. ၂၀၁၉