အစ္စရေးလ်နဲ့ အမေရိကန်က အီရန်ကို လေကြောင်းအင်အား အများအပြားသုံးပြီးတိုက်ခိုက်၊ မြန်မာအရေးပေါ် သက်ရောက်နိုင်ခြေ
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၂၈ မြင်ကွင်း
(မိုးမခ) မတ် ၁ ၊ ၂၀၂၆
အစ္စရေးလ်နဲ့ အမေရိကန်က အီရန်ကို လေကြောင်းအင်အား အများအပြားသုံးပြီးတိုက်ခိုက်၊ မြန်မာအရေးပေါ် သက်ရောက်နိုင်ခြေ
ယမန်နှစ် ဇွန်လမှာ အီရန်နိုင်ငံရဲ့ ယူရေနီယံသန့်စင်မှု သုတေသန နေရာတွေကို အမေရိကန်က ဖျက်စွမ်းအားကြီးမားတဲ့ ဗုံးတွေ သုံးပြီးတိုက်ခိုက်ခဲ့သလို အစ္စရေးလ်ကလည်း တိုက်လေယာဥ်တွေ ဒုံးကျည်တွေနဲ့ စစ်ရေးနိုင်ငံရေး စစ်ရေးနည်းပညာရှင်တွေနဲ့ အခြား အစိုးရဌာနဆိုင်ရာပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲပြီးနောက် ၈ လ အကြာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ အီရန်နိုင်ငံမြို့တော်က အစိုးရအဖွဲ့ဆိုင်ရာ အဆောက်အဦတွေအပါအဝင် ပစ်မှတ်တွေကို လေကြောင်းက တပြိုင်နက်ထည်းတိုက်ခိုက်ခြင်းဖြင့် အီရန်အပေါ် စစ်ပွဲကို ကြေညာတိုက်ခိုက် လိုက်ပါတယ်။ အမေရိကန် သမ္မတနဲ့ အစ္စရေးလ်ခေါင်းဆောင်တွေက အီရန်ရဲ့ အနုမြူလက်နက် ပိုင်ဆိုင်မှု အဆင့်မရောက်မီ တားဆီးဟန့်တားရမယ်၊ အာဏာရှင် ခေါင်းဆောင်၊ အစ္စလာမ်မစ် အစိုးရကို ပြုတ်ကျအောင် လုပ်မယ်၊ အီရန်ပြည်သူတွေ လွတ်မြောက်ဖို့ ဆိုတဲ့ ဝါဒဖြန့်ချက်တွေ အကြောင်းပြချက်တွေ ပေးပြီး ကမ္ဘာကို ပြောဆိုစည်းရုံးကြတာ တွေ့ရပါတယ်။
သို့ပေမဲ့လည်း အများက သိရှိနေပြီးသား နောက်ကွယ်က အကြောင်းရင်းခံတွေက ဗင်နီဇွဲလားလောက် ရေနံ သယံဇာတသိုက် မကြီးမားသည့်တိုင် ရေနံထွက်ရှိပြီး အရှေ့အလယ်ပိုင်း ရေနံကကြွယ်ဝတဲ့ နိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ အီရန်နိုင်ငံရဲ့ သယံဇာတတွေကို အမေရိကန် ရေနံ ကုမ္ပဏီကြီးတွေက လုပ်ခွင့်မရခြင်းက စစ်ပွဲရဲ့ အကြောင်းရင်းခံ ဖြစ်ပါတယ်။
အစ္စရေးလ်နိုင်ငံအဖို့တော့ အရှေ့အလယ်ပိုင်းမှာ ၄င်းရဲ့ ဗိုလ်ကျလွှမ်းမိုးမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို နှစ်ပေါင်း ၄၀ ကျော် အုပ်ချုပ်နေတဲ့ အီရန်အစိုးရက အားပေးထောက်ပံ့နေတာကို ဖြိုခွဲချင်တာကြောင့် အီရန်မှာ အစိုးရပြောင်းအောင် လုပ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။
ကျန်တဲ့ ဒေသတွင်း လုံခြုံရေး၊ အကြမ်းဖက်လက်နက်ကိုင် အုပ်စုတွေကို ထောက်ပံ့မှုကြောင့်၊ အနုမြူလက်နက်ပိုင်ဆိုင်ဖို့ ရည်မှန်းချက်ထား လုပ်ဆောင်နေတာကြောင့် ဆိုတဲ့ အကြောင်းပြချက်တွေက အထက်မှာဖေါ်ပြခဲ့တဲ့ အကြောင်းရင်းခံတွေကို ဖုံးလွှမ်းဖို့ ပြောဆိုကြတာ ဖြစ်ပါတယ်။ အနောက်နိုင်ငံရဲ့ မီဒီယာအများစုကလည်း အဆိုပါ အကြောင်းပြချက် ဇတ်လမ်းကို ထပ်ပြီးပဲ့တင်ထပ် ပြောဆိုပေးကြတာမျိုး ဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်တာကို uprovoked war (ရန်စခြင်းမရှိဘဲ စတင်တိုက်ခိုက်တဲ့ စစ်ပွဲ) လို့ သုံးနှုန်းခဲ့ကြပေမယ့် အခု အီရန်ကို တိုက်ခိုက်ကြတာကိုတော့ preemptive strike (ကြိုတင်လက်ဦးမှုယူ တိုက်ခိုက်မှု) လို့ ဘက်လိုက်တဲ့ အသုံးအနှုန်းတွေနဲ့ ရေးသား ပြောဆိုပေးကြတာ တွေ့ရမှာဖြစ်ပါတယ်။
အီရန်နိုင်ငံက နှစ်ပေါင်း ၄၀ ကျော်ကြာ အုပ်ချုပ်လာတဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်က အစိုးရအဖွဲ့ရဲ့ အပေါ်ဆုံးကနေပြီး အုပ်ချုပ်တဲ့ အာဏာရှင်စနစ်ကို ဖြိုချဖို့ အခုလို စစ်တိုက်ရပါတယ်လို့ အမေရိကန်က ပြောဆိုပေမဲ့လည်း အတိတ်မှာ အာဏာရှင်တွေကို ဖြုတ်ချဖို့ အကြောင်းပြပြီး နိုင်ငံရဲ့ သယံဇာတ လုပ်ပိုင်ခွင့်တွေအတွက် ရည်ရွယ်တိုက်ခိုက်ခဲ့တဲ့ အီရတ်စစ်ပွဲရဲ့ အကျိုးရလဒ်တွေက အီရတ်နိုင်ငံ ဖရိုဖရဲဖြစ်မှု၊ အစ္စလာမ်မစ် နိုင်ငံလို့ အမည်ပေးထားတဲ့ သမိုင်းတလျှောက် အစွန်းရောက်ဆုံး အကြမ်းဖက် IS အဖွဲ့တွေ ပေါ်ထွန်းလာတဲ့ ရလဒ်တွေဆီ ဦးတည်ခဲ့ပြီး အီရတ်နိုင်ငံက ပြည်တွင်းစစ် အကြမ်းဖက် ဗုံးခွဲမှုတွေအကြား ဆယ်စုနှစ် ၂ ခုလောက် သက်ဆင်းကျရောက်ခဲ့ရတာ ဖြစ်ပါတယ်။
အာရှ အလယ်ပိုင်းနဲ့ ထိစပ်နေတဲ့ အာဖဂန်နစ္စတန် နိုင်ငံ အဖြစ်အပျက်ကိုကြည့်ရင်လည်း ကွန်မြူနစ် အစိုးရကို နောက်ကထောက်ခံရပ်တည်ပေးဖို့ ရည်ရွယ်တဲ့ ဆိုဗီယက်ကျူးကျော်မှု ကို တန်ပြန်တဲ့ အင်အားစုတွေကို အမေရိကန်က လက်နက်နဲ့ စစ်သင်တန်းတွေ ပေးခဲ့ရာက အာဖဂန်ပြည်တွင်းစစ်အတွင်း အိုစမာဘင်လာဒင်ရဲ့ အယ်လ်ကေဒါးလို အဖွဲ့တွေ ပေါ်ထွက်ခဲ့ပြီး နောက်ဆုံး အမေရိကန်ပြည်ထောင်စုမှာ အကြမ်းဖက်မှုတွေ လုပ်ဆောင်တဲ့အထိ အာဖဂန်စစ်ပွဲရဲ့ ဘေးထွက်အကျိုးဆက်တွေ ဖြစ်ပေါ်စေခဲ့တာပါ။ ၉ လပိုင်း ၁၁ ရက်နေ့ နယူးယောက်တိုက်ခိုက်မှုအပြီး အမေရိကန်က အာဖဂန်ကို ဝင်ရောက်တိုက်ခိုက်ပြီး အစိုးရအပြောင်းအလဲဖြစ်အောင် လုပ်ဆောင်ခဲ့ရာမှာ နှစ် ၂၀ ဝန်းကျင်အကြာ နောက်ဆုံးပိတ်ရလဒ်က အမေရိကန်တပ်တွေ ဆုတ်ခွာခဲ့ရပြီး အစ္စလာမ်ဘာသာရေး ဥပဒေသတွေနဲ့ အုပ်ချုပ်တဲ့ တာလီဘန် အစိုးရသာ နိုင်ငံကို ပြန်ထိန်းချုပ်ခဲ့တဲ့ ရလဒ်ထွက်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။
အီရန်၊ အာဖဂန် တို့မှာ အစိုးရပြောင်းလဲအောင် လုပ်ဆောင်မယ် ဆိုတဲ့ အမေရိကန်ရဲ့ ပြောဆိုချက်တွေက အောင်မြင်မှုမရှိဘဲ နောက်ဆုံးအဆိုပါနိုင်ငံတွေသာ ပြည်တွင်းစစ်၊ အကြမ်းဖက် ဖောက်ခွဲမှု၊ အပြန်အလှန် သတ်ဖြတ်မှုနဲ့ တိုင်းပြည် ဆင်းရဲတွင်းထဲကျရောက်ခဲ့တဲ့ ရလဒ်တွေနဲ့ အဆုံးသတ်ကြတာ ဖြစ်ပါတယ်။
မဝေးတဲ့ နှစ်ကာလတွေက အထက်ကလို သာဓကတွေ ရှိခဲ့သည့်တိုင် အခုတကြိမ်မှာလည်း အီရန်မှာ အစိုးရပြောင်းလဲအောင် လုပ်ဆောင်ဖို့ ဆိုတဲ့ ကြွေးကြော်သံနဲ့ အမေရိကန်က စစ်ရေး၊ ငွေကြေး၊ နည်းပညာ အင်အားအကုန်အသုံးချပြီး အစ္စရေးလ် နဲ့ အတူ တိုက်ခိုက်ခဲ့ကြပြန်တာ ဖြစ်ပါတယ်။
၁၉၇၉ ခုနှစ်မှာ အမေရိကန်ရဲ့ သြဇာခံ ရှားဘုရင် ပြုတ်ကျခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုကို ခိုလှုံသွားခဲ့တဲ့ ရှားဘုရင်ရဲ့ သားဖြစ်သူဟာ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေခဲ့ပြီး မကြာသေးခင်က အီရန်နိုင်ငံထဲ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေ ပေါ်ထွက်လာချိန်မှာ အမေရိကန်က ရှားဘုရင်ရဲ့ သားဖြစ်သူကို အနာဂတ် အီရန်ခေါင်းဆောင်အဖြစ် လမ်းကြောင်းပေး ပြောဆိုလာနေတာလည်း ဖြစ်ပါတယ်။
အလီခါမေနီ ဦးဆောင်တဲ့ ဘာသာရေး အခြေခံထားတဲ့ အီရန်ရဲ့ အာဏာရှင်ဆန်ဆန် အုပ်ချုပ်တဲ့ အစိုးရကို ၄င်းတို့နိုင်ငံက ပြည်သူလူထုရဲ့ လှုပ်ရှားမှုနဲ့ ပြောင်းလဲတာမျိုးက သဘာဝကျတဲ့ နိုင်ငံရေးဖြစ်စဥ် ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အမေရိကန် နဲ့ အစ္စရေးလ် ၂ နိုင်ငံက ၄င်းတို့အကျိုးစီးပွားအတွက် တိုက်ခိုက်ကြရာမှာ အစိုးရအပြောင်းအလဲဖြစ်ရေး၊ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့အစိုးရ ပေါ်လာရေးဆိုတာထက် အီရန်နိုင်ငံအနေနဲ့ ဖရိုဖရဲဖြစ်မှု သို့မဟုတ် ပြည်တွင်းစစ်လိုမျိုး အဆိုးသံသရာထဲကို ကျဆင်းဖို့ ရာခိုင်နှုန်းပိုများနေတာလည်း ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူ အချို့က အာဏာရှင်စနစ်နဲ့ အီရန်နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရကို အမေရိကန်နဲ့ အစ္စရေးလ်တို့က စစ်အင်အားသုံး တိုက်ခိုက်တာကို ထောက်ခံအားပေးကြတာကိုလည်း အံ့သြဖွယ် ကြားသိရပါတယ်။ အာဏာရှင် ပြုတ်ကျမှ ဖြစ်မယ် ဆိုတဲ့အချက်က အငြင်းပွားစရာ မရှိတာမှန်ပေမဲ့ အီရန်ပြည်သူလူထုအကျိုးစီးပွားမဟုတ်ဘဲ ၄င်းတို့ရဲ့ ရေနံလုပ်ငန်းကုမ္ပဏီကြီးတွေနဲ့ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းဒေသမှာ အကြွင်းမဲ့ သြဇာလွှမ်းမိုးဖို့ ရည်မှန်းချက်နဲ့ အကျိုးစီးပွားအခြေခံတဲ့ ကျူးကျော် တိုက်ခိုက်မှုမျိုး၊ အစိုးရကို စစ်အင်အားသုံး ဖြုတ်ချပြီး နိုင်ငံက ပြည်တွင်းစစ်ပွဲ၊ ဖရိုဖရဲဖြစ်မှုနဲ့ အကြမ်းဖက်မှုတွေအကြား ကျရောက်သက်ဆင်းမဲ့ လုပ်ဆောင်မှုတွေကို အားပေးထောက်ခံတာဟာ နိုင်ငံရေး အတွေးအခေါ် နုံအမှု တရပ်သာဖြစ်ပါတယ်။
အခုလို အီရန်ဘာသာရေး အာဏာရှင်အစိုးရကို ပြိုပျက်အောင် လုပ်ဆောင်ခြင်းက ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့အာဏာရှင်တွေအတွက် သတိပေးခေါင်းလောင်းသံလို့ မှတ်ယူရလောက်အောင် ကမ္ဘာ့အရေးကိစ္စတွေက ရိုးရှင်းနေတာ မဟုတ်ပါဘူး။ အမေရိကန် အနေနဲ့ ၄င်းတို့ အကျိုးစီးပွားမရှိတဲ့နိုင်ငံတွေက အာဏာရှင်တွေ ဘယ်လို ဖိနှိပ် ရက်စက်စွာ အုပ်ချုပ်နေသည် ဖြစ်စေ အကျိုးမရှိတဲ့ အရေးကိစ္စတွေမှာ လက်ဝင်ပါမှာ မဟုတ်ပါဘူး။ ကမ္ဘာမှာ ပြန်လည်ဖြည့်တင်းနိုင်တဲ့ လျှပ်စစ်စွမ်းအင်လို စွမ်းအင်တွေနဲ့ မော်တော်ယာဥ်၊ စက်မှုလုပ်ငန်း၊ လူနေအိမ်တို့အတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်တွေကို ထုတ်လုပ်အသုံးချမှု များလာသည့်တိုင် ရေနံဟာ မဟာဗျူဟာမြောက် စွမ်းအင်တခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။
ရေနံ သဘာဝဓာတ်ငွေ့ သယံဇာတမရှိတဲ့ နိုင်ငံ၊ မြေရှားလို သတ္တုတွေ ပေါပေါများများ မရှိတဲ့နိုင်ငံ အင်းကြီးနိုင်ငံ တနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်နေတဲ့ နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအရေးဟာ ခုချိန်ထိတော့ အမေရိကန်ရဲ့ အကျိုးစီးပွားရှိတဲ့ နိုင်ငံအဖြစ် စဥ်းစားမှာ မဟုတ်သလို မြန်မာ့အရေးမှာ လက်ဝင်ပါဖို့ အလားအလာလည်း တစွန်းတစမှ မတွေ့မြင်ရသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar