Breaking News

ဗိုလ်နဂါး လက်နက်ချအပြီး NUG ရဲ့ နောက်ဆက်တွဲဖမ်းဆီးမှုတွေ

မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၂၇ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၂၈၊  ၂၀၂၆


ဗိုလ်နဂါး လက်နက်ချအပြီး NUG ရဲ့ နောက်ဆက်တွဲ ဖမ်းဆီးမှုတွေ 

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ အခြေစိုက်တဲ့ ဒေသကာကွယ်ရေးတပ် BNRA ရဲ့ ခေါင်းဆောင်ဖြစ်သူ ဗိုလ်နဂါး ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အာဏာသိမ်းစစ်တပ်ထံ လက်နက်ချသွားခဲ့ပြီးနောက် စစ်ကိုင်းတိုင်းထဲက ယင်းမာပင်ခရိုင်ထဲမှာ ဗိုလ်နဂါးနဲ့ ဆက်စပ်သူတွေနဲ့ ၄င်းရဲ့ ဆွေမျိုးသားချင်းတွေကို ဆက်လက်ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတဲ့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။ 

အခု နောက်ဆုံး ပေါ်ထွက်လာတဲ့ သတင်းတွေကတော့ ပြည်သူ့တော်လှန်ရေး လက်ရုံးတပ် PRAF လို့ အမည်ပေးထားတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ ခေါင်းဆောင် ဘိုးတော်နီ ခေါ်  ဗထူးမောင်ကို ယင်းမာပင် ပကဖက ဖမ်းဆီးလိုက်တဲ့ သတင်း၊ အဲဒီမတိုင်ခင် ဗိုလ်နဂါးနဲ့ နီးစပ်တယ်ဆိုတဲ့ ပုလဲနယ်ထဲက သီတင်းကံကြီးရွာက ဆရာတော် ဦးအရိယဝံသကို တိုင်းပသုံးလုံးက ဖမ်းဆီးစစ်ဆေးနေသလို ဗိုလ်နဂါးရဲ့ ညီမဖြစ်သူကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း NUG လက်အောက် ပုလဲမြို့နယ်တာဝန်ခံ တယောက်က လာရောက်ဖမ်းဆီးသွားတဲ့ သတင်းတွေ ဖြစ်ပါတယ်။ 

BNRA လက်နက်ကိုင်တပ်တွေကို NUG ရဲ့ တပ်တွေက ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်စောစောပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် နောက်တရက်မှာ ဗိုလ်နဂါးဟာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ ဆက်သွယ်ပြီး လက်နက်ချသွားတဲ့နောက် BNRA ဘက်က ခုခံတိုက်ခိုက်မှုတွေ မရှိတော့ဘဲ တပ်ဖွဲ့ဝင် ၁၅၀ ကျော် NUG လက်အောက်က တပ်တွေထံ အဖမ်းခံခဲ့ပါတယ်။ 

အဲဒီနောက်မှာ NUG လက်အောက် ပသုံးလုံးအဖွဲ့က BNRA တပ်ဖွဲ့ဝင်တွေကိုသာမက  ဗိုလ်နဂါးနဲ့ ဆက်စပ်ပတ်သက်သူတွေကို လိုက်လံဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေက NUG လက်အောက်က ပသုံးလုံး အဖွဲ့တွေ အနေနဲ့ တရားဥပဒေနဲ့အညီ လုပ်ဆောင်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်လည်း လူအများအမြင်မှာတော့ အာဏာသိမ်းစစ်တပ်က တော်လှန်ရေး အင်အားစုတွေ၊ ၄င်းတို့ကို ဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေအပေါ်  ပြုမူပုံမျိုးနဲ့ အလားသဏ္ဌာန်တူညီနေတယ်လို့ ရှုမြင်စေပါတယ်။ 

လိုအပ်တဲ့ စစ်မေးမှုတွေ လုပ်ဖို့ ခေါ်ယူမေးမြန်းတာ၊ သို့မဟုတ် ဖမ်းဆီးတာ၊ ဥပဒေမဲ့ နှိပ်စက်သတ်ဖြတ်တာ စတာတွေက အဆင့်ချင်း မတူညီကြပေမဲ့ လက်နက်ကိုင် အဖွဲ့အစည်းတခုက ဖမ်းဆီးသွားပြီး ဖမ်းဆီးရတဲ့ အကြောင်းအရင်းနဲ့ အရေးယူကိုင်တွယ်မှု အနေအထားတွေကို လူအများသိရှိအောင် ထုတ်ပြန်ခြင်း မပြုတဲ့အခါမှာ ဖမ်းဆီးခံရသူတွေရဲ့ ဆွေမျိုးသားချင်းနဲ့ ဆက်စပ်ပတ်သက်သူတွေ အနေနဲ့ စစ်အာဏာရှင်တပ်ရဲ့ လုပ်ပုံကိုင်ပုံနဲ့ အလားသဏ္ဌာန်တူတယ်လို့ ယူဆလာကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

တဖန် PRAF လို တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ဦးဆောင်သူကိုလည်း ဗိုလ်နဂါးနဲ့ ပတ်သက်တာကြောင့် ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးတာမျိုးက တော်လှန်ရေးအင်အားစုတွေအချင်းချင်း အကြား သံသယတွေ ကြီးမားလာစေနိုင်တာ ဖြစ်ပါတယ်။ 

အခုလို ဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကို ထောက်ခံကူညီနေကြတဲ့ အများပြည်သူ အမြင်မှာ ဝေဝါးမှုတွေ၊ စိတ်ပျက်မှုတွေနဲ့ ရှုပ်ထွေးတဲ့ အမြင်တွေ မဖြစ်စေဖို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ပွင့်လင်းမြင်သာတဲ့ သတင်းထုတ်ပြန်မှုတွေ၊ နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ သတင်းအချက်အလက် ထုတ်ပြန်အသိပေးမှုတွေ နဲ့ တာဝန်ခံ ရှင်းလင်းပြောဆိုဖို့ အရေးတကြီး လိုအပ်နေတာလည်း ဖြစ်ပါတယ်။ 

နိုင်ငံရေး စကားလုံးနဲ့ မိတ်ဖက်ပဋိပက္ခလို့ဆိုတဲ့ စစ်အာဏာရှင်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့အချင်းချင်းအကြားက ပဋိပက္ခကို NUG အနေနဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းသလဲ။ လက်နက်ကိုင် တပ်တွေအချင်းချင်းအကြား မြေပြင်က အခွန်အကောက် ကောက်ခံမှုဆိုင်ရာ၊ သယံဇာတ ထုတ်ယူခွင့်၊ သယံဇာတထုတ်ယူမှုအပေါ် အခွန်အကောက် ကောက်ခံခွင့်တွေနဲ့ ပတ်သက်တဲ့ ပဋိပက္ခတွေက အစပြုပြီး မိတ်ဖက်အဖွဲ့အစည်းတွေနဲ့  ရန်သူ ဖြစ်လာစေတာလား ဆိုတာတွေကလည်း အလေးအနက် စဥ်းစားသုံးသပ်ရမယ့် အချက်တွေ ဖြစ်လာနေပါတယ်။ 

အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ အညာဒေသမှာ အရေအတွက်များစွာ ရှိနေကြတဲ့ ဒေသကာကွယ်ရေး လက်နက်ကိုင် အဖွဲ့တွေ၊ မိမိတို့နယ်မြေထဲက လက်နက်ကိုင် အဖွဲ့တွေသာမက နယ်နိမိတ်ထိစပ်နေတဲ့ တိုင်းရင်းသားနယ်မြေတွေမှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ရေး၊ နိုင်ငံရေး မဟာဗျူဟာအရ လှုပ်ရှားနေကြတဲ့ အဖွဲ့တွေကိုပါ စည်းရုံးစုစည်းနိုင်ဖို့ လိုအပ်နေတယ်လို့ အချို့က ရှုမြင်ကြပါတယ်။ 

အညာဒေသလို့ ဆိုရင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း တို့ပါဝင်ပြီး အဆိုပါဒေသတွေနဲ့ ထိစပ်နေတဲ့ နယ်မြေတွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ စစ်ရေး လှုပ်ရှားမှုတွေ ရှိနေကြတာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar