Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လက်အုပ်ချီမိုး ဒူးထောက်ရှိခိုးချိန်


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လက်အုပ်ချီမိုး ဒူးထောက်ရှိခိုးချိန်

မိုးမခ ၊ ဖေဖော်ဝါရီ ၂၇ ၊ ၂၀၂၆


အစ်ကိုထွန်းက သိကြားမင်း ဆင်းတားတား သွားမှာပဲ ပြောထားတာလေ။ အဲဒါကို အရစ်လေးကြပ်ပေးဖို့၊ အပစ်လေးရပ်ပေးဖို့ ပေပေတေတေ တရုတ်ရယ် လုပ်ပါဦးဆိုပြီး ဒူးတုပ် လက်အုပ်မိုး ရှိခိုးတောင်းပန်ပြီပေါ့။

အမှန်က ကိုယ်နဲ့မဆိုင် ကိုယ်ပိုင်မဟုတ်ဘဲ အုပ်ချုပ်ဗိုလ်ကျချင်စိတ်လေး ဖျောက်ပြီး နောက်ဆုတ်ခဲ့ရမှာလေ။ အဲဒီလိုမဟုတ်ဘဲ ဟိုပြည်နယ် သွားခြေတော်တင်လိုက်၊ ဒီပြည်နယ် ဖင်နှိုက်လိုက်၊ ဟိုပြည်နယ် ခေါင်းပုတ်လိုက် ဆက်လုပ်လို့ မရတော့ဘူး။ စစ်တပ်က ပြည်နယ်တွေကို လူပါးဝလို့ရတဲ့ခေတ် မရှိတော့။ ပြည်မကိုလည်း အဖီချဖို့တောင် စိတ်မကူးနဲ့တော့။ တပ်သားကနေ ဗိုလ်မှူးချုပ် ဒူးတုပ်ရတဲ့အထိ မဆုတ်တမ်းခံစစ်ဆို မြှောက်ပေး၊ လူတကာအသက် ထိုးကျွေး၊ မိဘမဲ့နဲ့ မုဆိုးမ ထုတ်လုပ်ရေး လုပ်တာတွေ ရပ်ရမှာလေ။

တစ်ဖက်ကသာ AA ကို အပစ်ရပ်ဖို့ ပြောခိုင်းနေတာ၊ အရပ်သားတွေအပေါ် ဗုံးကြဲတော့ မရပ်။ သတ်လို့ရတဲ့နည်းနဲ့ သတ်နေတုန်း။ စာသင်ကျောင်း ဗုံးကြဲ၊ ဆေးရုံ ဗုံးကြဲ အကျပ်ကိုင်နေတုန်း။ ဒီကြားထဲကကို AA က ကပစတွေ ဖင်တေ့လိုက်တော့မှ ပါ့ပါးရယ် ကယ်ပါပေါ့။ ကပစ ရပ်ရင် စစ်တပ်ဆိုတာ မရှိတော့၊ စစ်တပ် မရှိတော့ရင် အခွင့်ထူး အကြီးအကျယ်ခံ စစ်အင်အားစု စစ်မိသားစုဆိုတာလည်း မရှိတော့ဘူးဆိုတာ သိတယ်မဟုတ်လား။ လူသတ်၊ ဓားပြတိုက်၊ မုဒိမ်းကျင့်၊ သယံဇာတ လက်ဝါးကြီးအုပ်တဲ့ စစ်အုပ်စုဆိုတာ မရှိတော့ရင် တိုင်းပြည်လည်း ငြိမ်းချမ်းပြီ မဟုတ်လား။ ညစ်ပတ်တဲ့ စစ်တပ်မရှိမှ သူ့ရင်းနှီးမြှုပ်နှံမှုတွေ အေးဆေးဖြစ်မှာကို တရုတ်ကလည်း သိပါတယ်လေ။ ကျားဖြန့်၊ ဆေးဖြန့်တွေနဲ့ ဆက်ရှုပ်ဖို့တော့ မလွယ်ဘူးပေါ့။

အခုဟာက စစ်အစိုးရ မဟုတ်ပါဘူး၊ အရပ်သားအစိုးရပါ ဆိုပြီး ကြံ့ဖွတ်က AA နဲ့ အပစ်ရပ်ဆွေးနွေးနိုင်ဖို့ တရုတ်နိုင်ငံအနေနဲ့ ကမကထလုပ်ပေးဖို့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကနေတစ်ဆင့် အကူအညီတောင်းတာတဲ့။ AA လက်သီး တစ်ချက်တီး မျက်ချေးတစ်ပိဿာ ထွက်တော့မှ ရှီပါပါး၊ ကျင့်ပါပါး၊ ဖင်ပါပါး၊ ပါပါး ပါပါး အာဘွား အာဘွားတော့တာပေါ့။

တရုတ် မြင်းနှစ်သစ်ကူးပွဲမှာ သရေကြိုးကိုးကွင်းက တရုတ်အနေနဲ့ မြန်မာ့ရေပိုင်နက်ကို အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အဖြစ် ကြိုက်သလိုသုံးပါ၊ AA ကိုတော့ ကြပ်ပေးပါဆိုပြီး အမြီးလေးလှုပ်၊ ဖင်လေးပုတ် လုပ်ချင်သလိုလုပ်ပါ ဆိုခဲ့တာလေ။ ဗိုလ်ချုပ်ဂွမ်မော်ကလည်း NUG နဲ့ပါ တွေ့မလား၊ တစ်ဖွဲ့ချင်း ခွဲတွေ့တာ တို့လက်မခံလို့ ဘက်ပြန်ကစ်ထားတော့ တရုတ်အားကိုး သရေကြိုး လုပ်ရပြီ။ မလုပ်လို့လည်း မရ၊ ERO တွေအကုန် တစ်ချက် ထလှုပ်လိုက်ရင် ပြုတ်မှာ သေချာချိန် ရောက်နေပါကိုး။

ဟော အခု RCSS ကလည်း အရိုင်းအစိုင်း မအလကြောင့် တိုင်းပြည် မရဏကိန်း ဆိုက်‌နေတာလို့ ပြောလာသလို SSPP လည်း လှုပ်လာပြီ။ အာဏာသိမ်းကတည်းက တော်လှန်ရေးထဲ ပါမလာသေးတဲ့ ရှမ်းနှစ်ဖွဲ့။

ဒီတလောကမှ SSPP ရဲ့ ဘိန်းချက်စခန်း၊ ကျားဖြန့်စခန်း မိတယ်ဆိုပြီး စစ်တပ်က လုပ်ထားတာ။ ကျားဖြန့်၊ ဆေးဖြန့် တိုက်ဖျက်မယ့် အမေရိကန်အတွက် မင်းတို့တိုက်ရမှာက ရှမ်းတွေဆိုပြီး ပုံချလို့ရတဲ့ အကွက်ခင်းတာလေ။

အခု ရှမ်းတောင်၊ မိုင်းပွန်ဒေသမှာ စစ်တပ်နဲ့ ရှမ်းပြည် SSPP/SSA တို့ကြား စစ်ရေးတင်းမာနေပြီး အပြိုင်အဆိုင် စစ်အင်အား ဖြည့်နေပြီ။ ဖေဖော်ဝါရီ ဒုတိယပတ်ကစပြီး စစ်တပ်နဲ့ အပေါင်းပါ ပအိုဝ်းပြည်သူ့စစ် (PNO) တို့က မိုင်းပွန်ဒေသရှိ SSPP/SSA ကို တပ်ဆုတ်ခိုင်းတာကနေ စတာပေါ့။

အဲဒီမှာ ထူးခြားတာက ပအိုဝ်း။ ဘယ်တုန်းကမှ ERO ရှမ်းတပ်တွေကို ပခုံးချင်းမယှဉ်နိုင်တဲ့ ပအိုဝ်းဟာ အခုတော့ ဒီတော်လှန်ရေးမှာ စစ်တပ် ဘေးကျပ်နံကျပ် ရိုက်လာတာကို အခွင့်ကောင်းလို့ သတ်မှတ်ပြီး ပအိုဝ်းလူငယ်တွေကို စစ်ထဲသွင်းပေးလိုက်တာ လက်နက်ကိုင် အင်အားသိန်းချီ ရှိလာတော့တာပါလေ။ ဟိုအရင်က စစ်သင်တန်းပေးလို့ မရ၊ စစ်ရာထူးခန့်မရ၊ လက်နက်ဖြည့်လို့မရတဲ့ သိမ်သိမ်ငယ်ငယ် ဖြစ်သလို ရပ်တည်နေရတဲ့ ပြည်သူ့စစ်ဘဝကနေ စစ်ရည်ဝ၊ စစ်အင်အားရ၊ စစ်လက်နက်ပါ ဈေးပေါပေါနဲ့ အလွယ်တကူ တပ်ဆင်လို့ရ၊ ဒရုန်းတပ်တွေတောင် ရှိလာတဲ့ တပ်ကြီးဖြစ်လာပြီဆိုတော့ ဟိုပုံး၊ ကျောက်တန်း၊ ပင်လုံ တစ်ကြောမှာ လှုပ်ရှားနေတဲ့ SSPP ကို နောက်ဆုတ်ခိုင်းတဲ့ အဆင့်ဖြစ်လာပြီပေါ့။ လမ်းမကြီးတကြောမှာ SSPP မရှိရပေါ့။ ပအိုဝ်းတွေဟာ ထိုင်းနဲ့ တိုက်ရိုက်လမ်းကြောင်း ဖွင့်ပေးမယ်ဆိုတဲ့ စစ်တပ်ရဲ့ မက်လုံးနဲ့ ကရင်နီတကြောမှာ စစ်ကြောင်းထိုးနေတာတောင် ရှမ်းတောင်နဲ့ပါ ထိတွေ့ဖို့ လုပ်လာတာပေါ့လေ။

စစ်တပ်အနေနဲ့ကတော့ စစ်မှုထမ်းဥပဒေနဲ့ စစ်သားသစ် သိန်းချီရလိုက်သလို၊ ဦးအောင်ခမ်းထီရဲ့ "စစ်တပ်အခက် ပအိုဝ်းအတွက်" ဆိုပြီး ပအိုဝ်းတမျိုးသားလုံး ပြည်သူ့စစ်ဖြစ်ရမယ်ဆိုတဲ့ မူဝါဒကြောင့် ပအိုဝ်းစစ်သားလည်း သိန်းချီ ထပ်ရလိုက်တယ်လေ။ ဒါကြောင့် သက်ဆိုးရှည်နေတာ။

တကယ်က ဟိုပုံး၊ ကျောက်တန်း၊ ပင်လုံ လမ်းမကြီးရဲ့ တောင်ဘက်တစ်ကြောနဲ့ မိုင်းပွန်မြို့ မြောက်ဘက်ဟာ SSPP/SSA လှုပ်ရှားနယ်မြေ ဖြစ်တယ်လေ။ တော်လှန်ရေးတစ်ခုလုံးကို ကန့်လန့်တိုက်၊ စစ်တပ်ဘက်က ဝင်တိုက်ပေးနေတဲ့ ပအိုဝ်းတွေလည်း တဖြည်းဖြည်း တော်လှန်ရေးရဲ့ ဘုံရန်သူထဲ ရောက်ရောက်လာပြီလေ။ စစ်အင်အား ကြီးထွားဖို့၊ နယ်‌မြေချဲ့ထွင်ဖို့၊ သီးသန့်ပြည်နယ်ရယူဖို့နဲ့ လဲလှယ်ပြီး တော်လှန်ရေးရဲ့ ရန်သူအဖြစ်ခံလိုက်တဲ့ ပအိုဝ်းတွေဟာ ဘယ်လိုပြန်ရုန်းထွက်ပြီး ပအိုဝ်းလူမျိုး ဂုဏ်သိက္ခာကိုပါ ဘယ်လိုပြန်ဆယ်မလဲဆိုတာကတော့ စိတ်ဝင်စားစရာ အကောင်းဆုံးပေါ့။

ERO တွေ ညီညွတ်ရင် သူတို့လူမျိုးတွေရဲ့ သားစဉ်မြေးဆက် ရန်သူကြီးကို တစ်ချက်တည်းနဲ့ ဖြုတ်ချပစ်နိုင်ချိန် ရောက်နေပေမယ့်၊ ညီနောင်လုပ်ပြီး အောင်ပွဲရယူခဲ့တဲ့ ပလောင်နဲ့ ကိုးကန့်ဟာ စစ်အာဏာရှင်နဲ့ အပစ်ရပ်ပြီး အချင်းချင်း ပစ်ခတ်ကြမယ့် အရိပ်အယောင် ပေါ်နေသလို၊ တစ်ဖက်မှာလည်း NUG တပ်ရင်းတချို့ဟာ ပြည်သူနဲ့ ရန်ဖြစ်လာကြသလို ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရွှေဘိုခရိုင် တပ်ရင်း (၁၅)၊ တပ်ခွဲ (၃) က တပ်ဖွဲ့ဝင် ၂၀ ကျော်ဟာ "နုတ်ထွက်စာတင်ထားတာ ၂ လလောက်ရှိပြီ။ ခွဲ ၃ က ရဲဘော်တွေက အဆင်မပြေတော့ဘူး။ ရဲဘော်တွေမှာ ကုန်ထမ်းစားနေရတယ်။ အထက်ကလည်း ဘာမှ မထောက်ပံ့တော့ကျ ကြာရှည်ကလည်း မရပ်တည်နိုင်တော့ဘူး။ အကြွေးတွေလည်း နစ်နေပြီ။ အဲဒါကြောင့်မို့ပါ" လို့ပြောပြီး PDF အဖြစ်ကနေ နုတ်ထွက်သွားပါတယ်။ တချိန်ကတော့ သူတို့ဟာ လိုကယ် PDF တွေ ဖြစ်ကြပါတယ်။ စစ်တပ်ကို ယှဉ်ပြိုင်တိုက်ခိုက်ဖို့ NUG ရဲ့ တပ်ရင်းတွေကို ကျစ်ကျစ်လျစ်လျစ် ပြန်ဖွဲ့စည်းပြီး တကယ်တိုက်နေသူတွေကိုသာ တကယ်ထောက်ပံ့ကြဖို့၊ မဟုတ်ရင် ဆင်ကောင်ကြီး အမြီးကျမှ တစ်နိုင်ကြောင်းပါ ခင်ဗျား။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar