Breaking News

ဘိုးညီတင့် - ဇ ကလေးထံပေးစာ

ဇ ကလေးထံပေးစာ
ဘိုးညီတင့်
(မိုးမခ) ဇန်နဝါရီ ၃၀၊ ၂၀၂၀

ရန်ကုန်မြို့နေ မိတ်ဆွေ ဇကေလးထံ ကျွန်ုပ်ဘိုးညီတင့် စာရေးအကြောင်းကြားလိုက်ရပါတယ်။

သူငယ်ချင်းဇကလေး ကားဂိတ်ကတဆင့်ပေးပို့ လိုက်သော မျက်နှာအုပ် မက်စ်နဲ့ လက်ဆောင်ပစ္စည်းများ မနေ့က ရရှိပါတယ်။

ခါတိုင်းဗမာပြည်တနံတလျားမရပ်မနားခရီးသွားနေတဲ့ ဇကလေးတယောက် ခရိုနီဆိုလားခရိုနာဆိုလား ဗိုင်းတာမပိုးကြောင့် ရန်ကုန်ရွှေမြို့တော်ကမခွာရဲ၊ အမြဲတမ်းမက်စ်တပ်ကာအိမ်တွင်းအောင်းနေကြောင်းကြားသိရသဖြင့် အော်သူ့ခမျာ အညောင်းမိနေရှာမှာပဲလို့ ဘိုးညီတင့်တွေးကာ စိတ်မကောင်းဖြစ်ရပါတယ်။

ကပ်ရောဂါရာဇဝင်လှန်ရရင် နယ်ချဲ့အင်္ဂလိပ်ကစရမှာပဲ။

အင်္ဂလိပ်တွေမြန်မာပြည်လာတော့ လူချည်းမလာဘူး။ ကပ်ရောဂါပါ ပါလာတယ်။ ပလိပ်၊ ကာလကဝမ်း၊ ကျောက်ရောဂါ အစုံ။

၁၉၁၈ ခုနှစ်မှာ စပိန်တုပ်ကွေးဆိုသဟာကြောင့် မန္တလေးကမြို့တော်ဝန်ဦးပေစိမြေးမလေး သေရှာပါရောလား။ ဘိုးညီတင့်ငယ်ငယ်ကလည်း ရွာမှာ ပလိပ်၊ ကျောက်၊ ကာလဝမ်းရောဂါနဲ့သေသွားကြသူတွေသောက်သောက်လဲပ။ ဘိုးညီတင့်တောင် ကျောက်ပေါက်တာ ကံကောင်းလို့မသေ သံချောင်းတို့အဖေဖြစ်ခဲ့ရတာ ဇကလေးအသိပဲ။

ဒီလိုကပ်ရောဂါတွေရွာမှာဖြစ်လာရင်ဘာလုပ်သလဲ။ ဘာမှမလုပ်တတ်။ မလုပ်နိုင်ကြပါ။သေသူကိုမြေမြှုပ်ရုံကလွဲလို့ပေါ့။

နို့ ဒါဖြင့် အစိုးရမင်းများကရောဘာလုပ်ပေးသလဲ။  ဘိုးညီတင့်တသက်နဲ့တကိုယ် မကြားဘူးပေါင်ဗျာ။ ငါတို့တောသားတွေဟာ အသက်ကိုဟင့်လင်းဖွင့်ထားရသူတွေပဲ။ စစ်ဖြစ်ရင်သေတယ်။ ကပ်ရောဂါဖြစ်ရင်သေတယ်။ ဂရုစိုက်သူမရှိ။ ကပ်ရောဂါက သူ့ဘာသာသူရပ်နားသွားမှ အသက်ချမ်းသာရာရကြပါတယ်။ ဒါကြောင့် ကမ္ဘာမှာ ဘာကပ်ညာကပ်ကပ်ချင်ရာကပ်ကြပါစေ။ ငါတို့တောရွာကူးစက်လာမှာ တွေးပြီးကြောက်မနေကြပါ။ ဘယ်သူကုကုမကုကု ရပ်ချိန်တန်ရင် ရပ်သွားလိမ့်မယ်လို့သဘောထားလိုက်ရတယ်။ နို့ မထားလို့မှမရဘဲကိုး။

ပြီးခဲ့တဲ့မိုးတွင်းတုန်းကဆင်တုပ်ကွေးတဲ့။ မျောက်တုပ်ကွေးတဲ့၊ တရွာလုံးကလေးလူကြီးအပြိုင်အဆိုင်ကွေးလိုက်ကြတာ။ တချို့ကလေးတွေမေ့မျော၊ တချို့အသက်ပါ။ တတ်နိုင်သူက မြို့ ဆေးရုံ ပြေး။ ဟောအချိန်တန်တော့ရပ်သွားတာပါဘဲ။

ဘိုးညီတင့်လဲကွေးလိုက်တာ ခြေဆစ်လက်ဆစ်ကိုက်တာနဲ့ အကျိုးကျန်နေတာ ခြောက်လလောက်ခံရတယ်။ ခုဆောင်းတွင်းမှပျောက်တော့တယ်။ ဒီလိုတုပ်ကွေးရွာတိုင်းကွေးပေါ့ဇကလေးရယ်။ ဘယ်သူ ဘယ်အစိုးရမင်းမှ အရေးတယူမရှိပါဘူး။

ဟိုတနှစ်ကကြက်တုပ်ကွေးတော့ တောင်ပြုန်းမင်းညီနောင်ခံရလိုက်ရတာကျောကော့သွားသတဲ့။ အစိုးရမင်းများက ကြက်သားစားပွဲတော်တွေဘာတွေလုပ်ပေးလို့ ကြက်တုပ်ကွေးကင်းစင်တောင်ပြုန်းတခွင်ဖြစ်သွားဆိုပဲ။

အခုလဲလင်းနို့စားပွဲတော်။ မြွေသားစားပွဲတော် တွေကျင်းပပေးရင် နင့်ခရိုနီတုပ်ကွေး နင်နေရစ်တော့ ငါသွားတော့ဖြစ်သွားမှာပါ။ အခုတုပ်ကွေးက လင်းနို့၊ မြွေတွေကတဆင့်ကူးစက်ဆိုသမို့လား။

ကြက်တုပ်ကွေးတုန်းကလဲမြန်မာပြည်မှာကာကွယ်ဆေးလုံးရေငါးသောင်းအသင့်ဆောင်ထားပါသတဲ့။ တကယ်ဖြစ်ခဲ့ရင် ငါတို့တောသားတွေ ထိုးပေးမဲ့လူငါးသောင်းထဲပါပါ့မလား။ အေးလေငါတို့တောသားတွေကလဲထိုးပေးဖို့ရာ မမျှော်လင့်ရဲရှာကြပါဘူး။ ဒါကိုမောင်ဇကလေးအသိပါ။

ခုတုပ်ကွေးကတော့ ငါတို့တောင်သူတွေတိုက်ရိုက်ထိခိုက်တယ်ဟေ့။ တရုတ်ကလမ်းပိတ်လို့ဖရဲ သခွားတွေမှည့်ကုန်ပြီ။ ရင်းထားတဲ့ရင်းနှီးငွေတွေကမနည်းမနော။ ဒီနှစ်တော့ ငါ့မှာ ယုတ်ပြာ ယာပြုတ်ကိန်းမြင်သကွဲ့။ အေးမောင်ဇကလေးရေ အခုတုပ်ကွေးရောဂါက တိရစ္ဆာန် တွေကတဆင့်ကူးစက်တယ်ဆိုလို့ မင်းပေးလိုက်တဲ့မက်စ်တွေကို အိမ်က နွား ခွေးကြောင်တွေမှာတပ်ပေးထားပါကြောင်း။

ကျန်းမာပါစေ
ကျန်းမာပါ၏
မြန်မြန်သေတော့လဲ ဘိုးညီတင့်တေယာက်မြန်မြန်မွဲတာတိုတာပေါ့ကွာ။

ဘိုးညီတင့်
ဥယျာဉ်သာကျေးရွာ
မြန်မာ့တရုတ်ပြည်