Breaking News

မင်နီရှဲလ် - လောကနိဗ္ဗာန် အခန်းဆက်များ (၁)

From Khin Lunn Facebook

မင်နီရှဲလ် - လောကနိဗ္ဗာန် အခန်းဆက်များ (၁)

(မိုးမခ) ဇန်နဝါရီ ၃၀၊ ၂၀၂၀

(၁)

စနေ ၊ တနင်္ဂနွေ ရောက်ပြီ ဆိုရင်ဖြင့် လောကနိဗ္ဗာန်ကျောင်းလေးက အသက်ဝင် လှုပ်ရှား လာတော့တယ် ။ ကျန်တဲ့နေ့တွေဆိုရင်တော့ တိတ်ဆိတ်နေတာများတယ်လေ။ လူတွေက အလုပ်လုပ် နေကြရတာကိုး။ ဒီမှာကသိတဲ့အတိုင်းပဲ အဆက်မပြတ်တစ်လစပ် ပိုက်ဆံရအောင် ရှာကြရတော့ အလုပ်ဖွင့်ရက်ဆိုရင် ဘယ်သူမှမလာတတ်ကြဘူး ၊ တခါတလေ ပင်စင် စားတို့ ၊ အလုပ်မလုပ်သူ အဖိုးကြီး အဖွားကြီး တို့လာရင်လာကြမယ် ၊ ဒါပေမယ့် သူတို့လည်းပဲ ကားမမောင်းနိုင်ဘူးဆိုရင် ၊ လိုက်ပို့မယ့်သူမရှိဘူးဆိုရင် ဘယ်လာနိုင်ကြရှာမလဲ။ ဒီမှာက ကားမမောင်းနိုင်ရင် ခြေထောက်မရှိတာနဲ့ အတူတူပဲ ၊ ဆရာတော် ဦးဝိမလတို့ ကိုယ်တွေ့ပေါ့။ မြန်မာပြည်မှာတုန်းကတော့ ဘာအရေးလဲ ၊ သွားစရာရှိရင် ကိုယ်တပည့်တစ်ယောက် ခေါ်ခိုင်းလိုက်ရုံပဲ။ ဒါမှမဟုတ်ရင် အဌားကားစီးသွားရုံပေါ့။ အခုကတော့ တိုလီထွာလီလေး ဝယ်ချင်ရင်တောင် သူများအားကိုးနေရတဲ့ဘဝ။ ဟုတ်သေးပါဘူး ၊ ဒါပေမယ့်ဆရာတော်လည်း ဘာတတ်နိုင်မှာလဲ ၊ အခြေနေအရပ်ရပ်တွေကြောင့် ဒီရောက်နေရတာကိုး။ ရောမရောက်ချင်ရင် ရောမလိုကျင့်ရမှာပေါ့နော်။

အခုရှစ်နာရီပဲ ရှိသေးတယ်ဆိုတော့ စောသေးတယ်။ ဆယ်နာရီလောက်မှ လူတစ်ချို့ စလာကြလိမ့်မယ် ။ ဦးဝိမလ သက်ပြင်းချရင်းနဲ့ တံမြတ်စည်းလှဲတယ်။ ဒီနေ့က တနင်္ဂနွေနေ့ ဆိုတော့ လူပိုများမယ်။ တရားနာဖို့က ဘယ်လောက်ပါသလဲ။ ဆိုရှယ်ကိစ္စက ဘယ်လောက်ပါသလဲတော့မသိဘူး။ ဘာပဲပြောပြော လာကြတာကို ကျေးဇူးတင်ရဦးမှာ ။ သူတို့ကုသိုလ်ရဖို့အရေး သူတို့လာတာကို ကိုယ်က ကျေးဇူးတင်ရတာနော် ။ တံမြက်စည်းလှဲလို့ ပြီးတော့ ဆွမ်းချက်တယ်၊ ကိုယ့်အတွက် အပြင် ပရိသတ်အားလုံး စားရဖို့ဆိုတော့ များများ ချက်လိုက်တယ်၊ ကျန်တဲ့နေ့တွေကတော့ဒီလိုပဲ အခြောက်အခြမ်းတွေ ၊ အရင်ကကပ်ထားတဲ့ ဟင်းတွေနဲ့ စားလိုက်တာပဲ။ ကိုယ်ကလည်း သိပ်ဂျီးများတဲ့သူ မဟုတ်တော့ ဘာမှအကြောင်းမဟုတ်ပါဘူး။ ဟင်းချက်ရတာလည်းပျင်းတယ် ၊ အချိန်ကုန်တယ် ၊ ဒီလိုရာသီဆိုရင် စာအုပ်ကလေးနဲ့ပဲ ငြိမ်နေဖို့ ကောင်းတော့တာ။ လဖက်သုပ်နဲ့ စားရရင်လည်းပြီးတာပဲ၊ တစ်ခါတလေလည်း. ခေါက်ဆွဲခြောက်ထုပ် ပြုတ်စားလိုက်တာပဲ။ ဆရာဝန်တွေလာရင်တော့ ပြောလိမ့်မယ်၊ ဘုန်းဘုန်းဘုရား ဒီဟာတွေက ဆိုဒီယမ်တွေ ပြည့်လို့ ဘုရားဆိုပြီး။ ဆရာတော်က သွေးတိုးရှိတာမို့ ရှောင်ပါဘုရားတဲ့။ သူတို့ပြောတာနဲ့ ငါ့မှာ ဘာမှ စားစရာ မရှိတော့ဘူး။

ရွှေပြည်ကြီးမှာတုန်းကလိုတော့ ဆွမ်းကြွဖို့ ဆိုတာတော့ မစဉ်းစားနဲ့။ သူများအိမ်ရှေ့သွားရပ်လို့ကတော့ ရဲခေါ်တာ ခံရလိမ်မယ်။ဒါမှမဟုတ်ရင်လဲ နယ်မြေ ကျူးကျော်တယ်ဆိုပြီး သေနတ်နဲ့အပစ်ခံရရင် ခံရလိမ့်မယ်။ နောက်တစ်ခုက ဒီလိုရာသီဥတုမျိုးနဲ့ ကတော့ ကိုယ့်ခြံဝင်းနဲ့တောင် လမ်းလျှောက်ဖို့ မသင့်တာ။ ဆွမ်းခံကြွလို့ကတော့ အဆုတ်အအေးမိပြီး နတ်ရွာလားပြီးသာမှတ် ။ တစ်နေ့ကနှင်းတွေ ကျလို့ ဒုက္ခရောက်သေးတယ် ။ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲနော် ရာသီဥတု ဆိုတာ သူ့အလုပ် သူလုပ်တာပဲလေ။ ကယ်တင်ရှင် စိုးစိုးလာပြီး နှင်းတွေ လာရှင်းပေးလို့တော်တော့တယ်။ အလုပ်ဆင်းတော့ ၀င်လာပြီး ရှင်းပေးတာ။ အရင်ဘ၀က ကံမကောင်းခဲ့လို့၊ အခုဘ၀မှာအခြေနေမပေးလို့ ပညာမသင်ရလို့ မချမ်းသာပေမဲ့ စိတ်ကောင်းအင်မတန် ရှိတဲ့ ကလေး။ နောင် မင်းအကျိုးပေးမှာပါကွာ။

တစ်ခါတစ်လေ ဆရာတော်ကိစ္စရှိလို့ တခြားကို ကြွမယ်ဆိုရင်လည်း သူပဲ လိုက်ပို့ပေးတာ။ ဆရာတော်မရှိတုန်း အာဂန္တု ဦးဇင်းခေါ်ထားရရင်လည်: သူကကျောင်းမှာ လာစောင့် အိပ်ပေးသေးတယ်။ ဦးဇင်းက ညညဆိုရင် သရဲကြောက်တတ်တယ်လေ။ ဒါကတော့ လူဆိုတာ သူ့ဝသီနဲ့ သူကိုး၊ ဆရာတော်လဲ ဘာပြောလို့ရမှာလဲ။ ကိုယ်ကတော့ ဘာမှ မကြောက်ပါဘူး၊ ဘ၀မှာ အနိမ့်၊ အမြင့်၊ အတက်၊ အကျတွေအကုန်တွေ့ခဲ့၊ ကြုံခဲ့ပြီးပြီ။ ဘုရားသားတော် ပါလို့ဆိုတဲ့ ကျုပ်တို့တွေကိုနှိပ်စက်တာတွေလဲ ( ဘယ်ဘုရင် ဘယ်အစိုးရလက်ထက်မှ မကြားဖူးတာ) ကြုံဖူး ကြားဖူးခဲ့ပြီ။ ခေတ်ဆိုးကြီးထဲမှာ လူလာဖြစ်ရတာကိုဗျာ ၊ နောက်တော့လည်း ကိုယ့်ကုသိုလ်နဲ့ကိုယ်ပဲလို့ ပြောရတော့မှာပဲ။

ရာသီဥတုကချမ်းစိမ့်နေပေမဲ့ ဆရာတော် ရေ‌နွေးနဲ့ ချိုးလိုက်တော့ လန်းလန်းဆန်ဆန်း ဖြစ်သွားတယ်၊ သင်္ကန်းတွေကအောက်ထပ်မှာ အဝတ်အခြောက်ခံတဲ့စက်ထဲမှာ တချို့ရှိသေးတယ်။ ဒီနိုင်ငံမှာ ဒါတစ်ခုတာ့ ဆရာတော်သဘာကျတယ်။ အဝတ်လျှော်တဲ့ပြဿနာ၊ ခြောက်တဲ့ပြဿနာ ဘာမှမရှိဘူး။ ရွှေပြည်ကြီးမှာတုန်းကတော့ မိုးတွင်းဆိုရင် အဝတ်လှန်းရတာက တစ်ဒုက္ခပါဗျာ။ အဝတ်တွေကမခြောက် ၊ ဖားဥတွေစွဲ ၊ အောက်စော်နံပြီး စနစ်မကျလိုက်တာ ။ အဝတ်လှန်းရတာကိုက အလုပ်တစ်လုပ်ဖြစ်နေတယ်။ ဟော ပြောရင်းဆိုရင်း ဟိုမှာရောက်လာကြပါပြီ။

‘ဆရာတော် ဘုရား၊ ဂွတ်မောနင်း ၊ နေကောင်းရဲ့လားဘုရား’

(၂)

အိပ်ခန်းနှစ်ခန်းပါတဲ့ တိုက်ခန်းထဲမှာ ဒေါ်အေးအေးနိုင် တစ်ယောက်ထဲ ဗျာများနေတယ်။ ဘုန်းကြီးကျောင်းသွားဖို့ရာ ဘာဝတ်ရမယ်မှန်း မသိဘူး။ ကိုယ့်အသက်အရွယ်သိပ် ကြောင်ကြောင်ကြားကြားတွေလည်း ဝတ်လို့မဖြစ်ဘူး၊ နောက်ဆုံးတော့အဖြူရောင်ဆွယ်တာလေးနဲ့ ယောကီရောင်လုံချည်ပဲ ဝတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆရာတော်ကို လှုဖို့ မနေ့ညကတည်းက ချက်ထားတဲ့ ကြက်သားဟင်းဘူးကို ကြွတ်ကြွတ်အိတ်ထဲထည့်တယ်။ နဝကမ္မအလှုငွေနှစ်ဆယ် ပါတဲ့စာအိတ်နဲ့ အခန်းသော့ကို ပိုက်ဆံအိတ်ထဲထည့်တယ်။ အညိုရောင် အပွင့်အခက်တွေပါတဲ့ ပဝါနဲ့ ဆောင်းတွင်းဝတ်တဲ့ ကုတ်အင်္ကျီကိုဝတ်တယ်။

ဟိုကိစ္စတွေဖြစ်ပြီးထဲက ဒေါ်အေးအေးနိုင်တစ်ယောက် ဘုန်းကြီးကျောင်း သိပ်မသွားဖြစ်သလောက်ပဲ။ ရှက်တာလည်းပါတယ်။ လူတွေမေးရင် ဘာပြောရမှန်းမသိတာလည်းပါတယ်။ မျက်နှာပူတာလည်းပါတယ်။ ရင်မဆိုင်ရဲတာလည်းပါတယ်၊ အစုံစုံပေါ့လေ။ သမီးတွေရော ရင်းနှီးတဲ့မိတ်ဆွေတွေကရော ပြောပါရဲ့။ မအေးအပြစ်မှမဟုတ်တာ။ ဘာရှက်စရာရှိသလဲတဲ့။ အဲ့ဒီလိုအားတင်းတော့လဲ ဟုတ်နေတာပဲ။ အစက‌တော့ ပူဆွေးသောက ရောက်တာပေါ့နော်။ ဖြစ်ရလေခြင်း။ အစစအရာရာ မထောက်ထားဘဲ ငါ့ကိုလုပ်ရက်ကြလေခြင်းပေါ့။ အိပ်လို့ကိုမပျော်ဘူး၊ သမီးတွေက ဇွတ်အတင်းကျွေးလို့သာ စွတ်ပြုတ်တို့၊ ဆန်ပြုတ်တို့ သောက်ဖြစ်တာ။ စိတ်က ဂနာမငြိမ်ဖြစ်နေတယ်။

နောက်တော့လည်း ဘာတတ်နိုင်မှာလဲနော်။ (မတတ်နိုင်တာတွေက များနေတာခက်တယ်။ ငါတို့မြန်မာတွေမှာ မတတ်နိုင်တဲ့ကိစ္စတွေက အများကြီးပဲ။ ထုံးစံလိုကိုဖြစ်နေပြီ။) ဘုန်းကြီးကျောင်းမသွားရင် ကိုယ်ကုသိုလ်မရတာပဲရှိမယ်။ ကိုယ့်ကိုယ်တော်ကို ဆွမ်းမကပ်ရတာ၊ ဝေယျာဝစ္စ ကုသိုလ်မရတာပဲရှိမယ်။ ဒင်းတို့ကတောင် မျက်နှာပြောင်နိုင်ကြသေးတာ။ ငါကဘာမှရှက်စရာမရှိဘူးဆိုပြီး ကျောင်းကို မအေးပြန်သွားတယ်။ ဆရာတော်နဲ့ စကားပြောလိုက်ရရင်ဘာပဲပြောပြော အပူတစ်ခုတော့ငြိမ်းသွားသလိုပဲ။ ဒါကြောင့်လည်း မြန်မာတွေဟာရောက်ရာနေရာမှာ ဘုန်းကြီးကျောင်းထောင်ကြသတဲ့၊ ဟုတ်မှာပါပဲ။ သာရေးရော၊ နာရေးရော၊ လူမူရေးရော၊ ရာသီအလိုက်လုပ်တဲ့ပွဲတွေရော ဘုန်းကြီးတွေက ဦးဆောင်နေကြတာကိုး။

‌ဪ ကိုစိုးနိုင်၊ ကိုစိုးနိုင် ကျွန်မမှာတော့ ရှင့်ကိုသံယောဇဉ်ကြီးလို့ နာမည်မှာတောင် ဒီကမိန်းမတွေလို ‘နိုင်’ တစ်လုံးတိုးထည့်ထားတာသာကြည့်တော့၊ သူကတော့ အခု အသစ်တွေ့ပြီး ပျော်နေနိုင်ပြီပေါ့နော်။ အိမ်ကမိန်းမကြီးကို သတိမရတော့ဘူးပေါ့။ ကျွန်မကရိုးလွန်း၊ အ,လွန်းပါတယ်လေ။ မင်းလည်းငယ်ငယ်က ငါနဲ့ ဒိုးတူပေါင်ဖက် ကုန်စုံဆိုင်မှာလုပ်လာတာ ကြာပါပြီကွာ။ အိမ်မှာ အေးအေးဆေးဆေးနားပါတော့ဆိုတာ အဟုတ်ထင်ပြီး ယုံမိတာလေ။ သူများတွေဘာပြောပြော ကျွန်မတို့ ဒီလိုဖြစ်ရတာ ကျွန်မအပြစ်လည်းပါတာပဲ။ ကျွန်မက အ,လွန်းတာကိုး။ ဒီနိုင်ငံမှာနေတာ ကြာလာပြီ၊ ဒွတ်ဒက်ရွှတ်ရှက်တွေမှ မပြောတတ်တာ။ ပြောဖို့မရဲတာလဲပါတယ်။ တစ်ခါက ဘဏ်ကငွေချေးမယ့်သူနဲ့ ချိန်းထားလို့ အဲ့ဒီလူက ဖုန်းဆက်တော့ ကျွန်မကကိုင်ပြီး မှတ်ထားတာတလွဲတွေဖြစ်နေလို့ ချိန်းထားတာတွေပျက်။ ရှင့်မှာတောင်းပန်ရနဲ့ ဒုက္ခတွေရောက်။ ကျွန်မကိုစိတ်ပျက်ရတာမျိုးပေါ့။

ဒါပေမယ့် ရှင့်အပေါ်မှာကျွန်မအနေနဲ့ မယားဝတ္တရား ဘာများပျက်ကွက်ဘူးသလဲ။ ရှင်သိတဲ့အတိုင်းပဲ မအေးဆိုတာရိုးလို့၊ အ,လို့ အမေကစိတ်မချဘူး၊ သူငယ်ချင်းတွေကတော့ ဟားစရာပေါ့။ ဒီနိုင်ငံကိုလာဖို့ဆိုတာရော ကျွန်မတို့အိမ်မက်ထဲတောင် ထည့်မက်ဖူးတာမှမဟုတ်ပဲ။ ရှင်ကလာချင်တယ်ဆိုလို့သာ လာခဲ့ကြရတာ။ ကျွန်မတို့ ဘာမှပြင်ဆင်ချိန်ရတာ မဟုတ်ဘူး၊ သူများတွေလာတယ်ဆိုတာ စပီကင်တို့၊ ကွန်ပျူတာတို့ ဘာတို့ဆိုတာတွေ တတ်ကြရသေးတာ။ ကျွန်မဆိုတာဟိုမှာ အိမ်ရှင်မလိုပဲ ကလေးငယ် နှစ်ယောက်ကို ပြုစုပျိုးထောင်ပြီး နေလာခဲ့တာ။ ဘာအပူအပင်ရှိမှာလဲ။

ရှင်လာချင်တာလဲ အပြစ်မဆိုသာဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံရေးလုပ်တဲ့ သူငယ်ချင်းတစ်ယောက်ကို နှုတ်ဆက်မိတာနဲ့တင် ရှင့်မှာတစ်ပတ်လောက် ပျောက်သွားပါရောလား။ ကျွန်မမှာလဲ‌ ခြေမကိုင်မိ၊ လက်မကိုင်မိ၊ မေးမြန်းလိုက်ရတာ၊ လုပ်လိုက်ရတဲ့ယတြာတွေ၊ ဘုရားမှာဆုတောင်းရ။ နောက် အိမ်ပြန်ရောက်လာတော့မှ စိတ်အေးရတော့တာ။ အဲ့ဒီနောက် ရှင်ကပြောတယ်လေ။ မင်းတို့လိုက်ချင်လိုက်၊ မလိုက်ချင်နေ။ ငါတော့ နောက်တစ်ခါ ထောင်ထဲမသွားနိုင်တော့ဘူး၊ နိုင်ငံခြားသွားမယ်ဆိုပြီး ထွက်လာခဲ့တာပဲ၊ အဲ့ဒီတုန်းကတော့ ကလေးတွေကလည်း ငယ်ကြသေးတယ်။ ဘာပြောကောင်းမလဲ၊ ရုန်းကန်ရတာပေါ့။ တစ်ခုကောင်းတာက မအေးကတစ်ဦးတည်းသောသမီး၊ မိဘကလည်း ငွေထောက်နိုင်တယ်၊ ဒီလိုနဲ့ ကုန်စုံဆိုင်လေး နောက်ဆုံးမှာ ထောင်နိုင်လာတယ်။ အဆင်မပြေရင်တောင် အသက်ရှုချောင် လာတယ်ပေါ့။ နောက် ကိုယ်ပိုင်တိုက်ခန်းလေးနဲ့ဘာနဲ့ သမီးတွေလဲ သူ့အိမ်ထောင်နဲ့သူ အခြေတကျဖြစ်ပြီ။ စိတ်အေးရပြီ။ ဘဝမှာ အေးအေးချမ်းချမ်း နေတော့မတဲ့ဆိုမှ ရှင်က အခုလိုလုပ်သွားတော့တာပဲ။ ကောင်းကြသေးရဲ့လား။

ဖြစ်မယ့်ဖြစ်တော့လဲ ကျွန်မဘက်က ဆွေရိပ်မျိုးရိပ် မကင်းတဲ့ တူမနှစ်ဝမ်းကွဲနဲ့မှတဲ့လေ။ ဒီကောင်မက တစ်ခုလပ်၊ တစ်လင်ကွာ၊ ကလေးတစ်ယောက်က မြန်မာပြည်မှာ သူ့အမေဆီမှာ ကျန်ရစ်တယ်။ တစ်ခုလပ်ဆိုပေမဲ့ ဘယ်လောက်အတွေ့ကြုံရှိလဲဆိုတာတော့ သူ့ဟာသူမှပဲသိမယ်။ ခေတ်ပျက်ကြီးထဲမှာ ပျက်စီးချင်တိုင်းပျက်စီးနေကြတဲ့အထဲမှာ လူတိုင်းတော့မပါ တန်ကောင်းပါဘူး၊ အမျိုးထဲက အစ်မတစ်ယောက်က မအေးဆီအကူညီတောင်းပြီး သူ့သမီးကို စောင့်ရှောက်ဖို့ပြောတော့ရိုးတဲ့၊ အ,တဲ့ မအေးကယောကျာ်းဆိုင်မှာ အလုပ်ခန့်ပေးလိုက်တာလေ။ အခုတော့ယောက်ျားပါ,ပါသွားပြီ။ အဲ့ဒါကြောင့်မအေးအပြစ်တွေလဲ ပါ,ပါတယ်လို့ပြောတာပေါ့။

သမီးတွေကတော့ အဖေရင်းဆိုတော့ ဘာပြောကြမှာလဲ။ မကျေနပ်ပေမဲ့ အဖေကအဖေပဲ။ နောက်ပြီးဒီကောင်မတွေက ဒီမှာကြီးတဲ့ဟာမတွေဆိုတော့ သူတို့အဖို့ကလင်ကွာ၊ မယားကွာ၊ နောက်မီးလင်းတဲ့ ကိစ္စဆိုတော့ ဘာမှမထူးဆန်းဘူးပေါ့၊ မအေးမှာသာ တစ်သက်လုံးက။ လင်ကို ဘုရားလုပ်လာလို့ ယူကျုံးမရအပူလုံးကြွဖြစ်နေတာ။

သမီးတွေကို မအေးက ဒေါက်တာမကြီးတွေ၊ ရှေ့နေမကြီးတွေ ဖြစ်စေချင်တာ၊ ဒါပေမဲ့ သမီးတွေက ပညာရေးမှာမထူးချွန်ဘူး၊ မိဘက ကြတ်ကြတ်မတ်မတ် လုပ်မပေးနိုင်တာလဲပါမယ်၊ သူတို့ကိုယ်တိုင်ကလည်း စိတ်မဝင်စားဘူး၊ အလုပ်လုပ်ပြီးဝင်ငွေရှာဖို့၊ ရှာလို့ရလာတဲ့ဝင်ငွေနဲ့ ဆံပင်အလှပြင်ဖို့၊ ပိုက်ဆံအိတ်ဝယ်ဖို့၊ အလည်သွားဖို့ ဘာညာလောက်ပဲ ဝါသနာပါတယ်၊ ကောလိပ်ကျောင်းမှာလဲ ခဏပဲကြာလိုက်တယ်။

အခုတော့သမီးအကြီး မေရီကအာမခံကုမဏီမှာ လုပ်တယ်။ ဘွဲ့မရတော့ရရာအလုပ်ပဲပေါ့။ တစ်ခုကောင်းတာက ကုမဏီကကြီးတော့ အလုပ်မြဲတယ်။ သူယူထားတဲ့ယော ကျာ်းကလဲ မြန်မာပဲ။ စက်ရုံမှာလုပ်တယ်၊ ဝင်ငွေကတော့ အသင့်အတင့်ပေါ့။ သူ့ယောက်ျားက တစ်ခါတလေ မူးတတ်တာကလွဲရင် ကောင်းပါတယ်။ မအေးကိုလည်းရိုသေပါတယ်။ မေရီကငယ်ငယ်ကစလုံး (ဟစ်စပန်နစ်)ကိုစိုးနိုင်တို့ အခေါ် ‘ပဲစား’က‌ကောင်လေးနဲ့ ရည်းစားဖြစ်လို့ခွဲထားရတာ။ ဟိုကောင်လေးကလည်း သိပ်အချိုးမပြေတော့ နောက်ဆိုးတော့ ကွဲသွားကြတယ်ပေါ့။

သမီးအငယ်ဒေစီကတော့ သူ့အမ‌ထက်ပိုလည်တယ်၊ သူကလည်းဘဏ်မှာလုပ်တော့ ဝင်ငွေလေးကတော့ရှိတယ်၊ သူ့ယောက်ျားကနဲနဲအသက်ပိုကြီးတဲ့မြန်မာစကားသိပ်မတတ်တဲ့တရုတ်ကို ယူထားတာ။ သူ့နာမည်ကရော်နီတဲ့၊ ရော်နီက အလုပ်ကောင်းကောင်းရှိတယ်၊ တရုတ်ပီပီကြိုးစားတယ်၊ ငွေစုတယ်၊ မိဘတွေကလည်းမရှိတော့ဘူး၊ ဒါပေမယ့် ဘာသာရေးအသိတော့သိပ်မပြည့်ဝရှာဘူး၊ အငယ်မကလှုချင်တန်းချင်ရင်တောင်မှ သူကငါတို့ပင်ပင်ပန်းပန်းရှာထားရတဲ့ ပိုက်ဆံတွေ ဘာလို့သူများကိုပေးပစ်ရမှာလဲလုပ်ချင်လုပ်တာ။ ဒါန၊ သီလ၊ ဘာဝနာဆိုတာ ဘာလဲမနဲရှင်းပြရမဲ့ကောင်မျိုး။ မအေးတို့မှာနိုင်ငံခြားထွက်လာမိတော့ ဒါမျိုးသမက်နဲ့ကြုံရတာပေါ့လေ။ ဟိုမှာဆက်နေမိရင် အကောင်းသားလို့ မကြာမကြာမအေးတွေးမိတယ်။

မအေးက ကားမမောင်းတတ်တော့ဘတ်စ်ကား အားကိုးရင်ကိုး၊ အခုလိုဘုန်းကြီးကျောင်းသွားဖို့ကသမီးတွေ၊ ဒါမှမဟုတ်မိတ်ဆွေတွေပဲ အားကိုးရတော့တာ။ အခုလဲစိုးစိုးကလာဝင်ခေါ်မယ်တဲ့၊ မအေးနေတဲ့နေရာနဲ့ဆရာတော်နဲ့ကသိပ်မဝေးလှဘူး၊ စိုးစိုးသာ ငါ့သားလေးဖြစ်လိုက်ပါတော့လို့ မအေးစဉ်းစားမိတယ်။ မအေးဖြင့်အလှုလုပ်ချင်ရင်လည်း ခိုင်းစရာပြုစရာသူ့ပဲအားကိုးရတာ။ ကောင်လေးကစေတနာကောင်းရှာတယ်၊ ဦးစိုးနိုင်ပစ္စည်းတွေ ဒီတိုက်ခန်းပေါ်ကပြောင်းတော့လည်း သူ့ပဲခေါ်ရတာပဲ။ တစ်နေ့ကလဲနှင်းကျတော့ ဆရာတော်ကိုကူပေးမလို့တဲ့။ မင်းနေမကောင်းဖြစ်မယ်၊ အအေးမိဦးမယ်လို့ပြောရတယ်။

မအေးကိုဒီတိုက်ခန်းမှာ ဆက်နေခွင့်ပြုပြီး သူတို့ကတခြားမှာ တိုက်ခန်းဌားနေကြတယ်လေ။ အေး လမ်းဆုံးရင်ရွာတွေ့ကြမှာပေါ့။ တွေ့တဲ့ရွာဟာကောင်းဖို့ပဲလိုတယ်။ အခုတော့ ဘုန်းကြီးကျောင်းမှာ နှစ်သစ်ကူးဆုတောင်းပွဲသွားလိုက်ဦးမယ်။

(၃)

‘လာပါ၊ လာပါ မကြည်ရဲ့၊ တကယ်စောင့်တဲ့အချိန် မလွယ်ပေါက်နဲ့အိမ်’

ဘယ်ကနေချက်ချင်းရောက်လာမှန်းမသိရတဲ့ အသံပြဲကြီးကြောင့် ဒေါပြုံးကြည်လန့်သွားတယ်။ ပန်းစည်းတွေအများကြီးကို တပွေ့တပိုက်သယ်လာရတာဆိုတော့ မြင်ကွင်းကကွယ်နေတာလေ။

‘ဪ မသင်းပါလား၊ဒီမှာပန်းအိုးထိုးဖို့ကျွန်မပန်းတွေဝယ်လာတယ်’

‘ပေး၊ ပေး၊ အစ်မကြီး ကျွန်မယူလိုက်မယ်’

ပြောပြောဆိုဆိုနဲ့ ဒေါ်သင်းသင်းက ပန်းစည်းတွေကိုယူပြီး သူ့ခန္ဓာကိုယ်ဝဝကြီးနဲ့ မလိုက်အောင်ပဲ ပေါ့ပေါ့ပါးပါးရွေ့လျားသွားတယ်။ ဘုန်းကြီးကျောင်းဘုရားခန်းထဲက ပန်းအိုးတွေကို ရေဖြည့်ပြီး ပန်းတွေလှလှပပထိုးမယ်လေ။

ဒေါပြုံးကြည်တို့က ချိုချိုမြန်မာစားသောက်ဆိုင် ပိုင်ရှင်တွေလေ။ လူတွေကတော့ နာမည်ကသာချိုချိုဆိုပေမယ့် ဈေးကလည်းမချို၊ ဆိုင်ကလူတွေမျက်နှာကလည်းမချို ဘာမှကိုမချိုဘူးတဲ့။ ကွယ်ရာမှာ အတင်းပြောကြတာလေ။ ဒေါပြုံးကြည်ကသဘောကောင်းပေမယ့် သူ့သားတွေက မျက်နှာရှစ်ခေါက်ချိုးနဲ့ဆိုင်ထိုင်တာ၊ လာပြီးအားပေးတဲ့ကတ်စတန်မာကို ရိုက်ထုတ်တော့မယ့်ပုစံမျိုး၊ ချိုချိုသားသာဆိုတာဘာမှမရှိဘူး၊ မုန့်ဟင်းခါးလာစားတဲ့ ကတ်စတန်မာတွေက FISH SOUPဆိုပြီး ငါးလည်းမတွေ့ပါလားလို့မေးတာကို ဒီကောင်တွေကရန်လုပ်တယ်လေ။ ဟိုလာစားတဲ့သူက မုန့်ဟင်းခါးဆိုတာဘာသိမှာလဲ။

ပန်းတွေပြင်ရင်း မသင်းသင်းက အဆက်မပြတ်တွေးနေတယ်။ ကိုယ်ကတော့ ဒီနိုင်ငံရောက်တာ ဆယ်နှစ်တောင်မရှိသေးဘူးဆိုတော့ ကိုယ်ပိုင် ဆိုင်ဖွင့်ဖို့ဘာညာဆိုတာ အိမ်မက်တောင်မမက်နိုင်သေးဘူး၊ အဲ့ဒါမျိုးကအရင်းအနှီးကရှိဦးမှ၊ ဘဏ်က‌ငွေချေးဦးမှ၊ ဆိုင်နေရာဌားနိုင်ဦးမှ၊ ဟင်းချက်မယ့်အလုပ်သမားကို စိတ်ချရဦးမှလေ။

အခုတော့ မသင်းသင်းက အထည်စက်ရုံမှာလုပ်တယ်။ ရယ်စရာပြောရဦးမယ်၊ ကိုယ့်နာမည်က အင်္ဂလိပ်လို THIN THIN ဆိုတော့ နာမည်နဲ့လူမလိုက်လို့ဆိုပြီး တချို့‌တွေကရယ်ကြတယ်။ မသင်းကတော့ဝခါမှဝရော။ အခုမှ‌တော့မလျော့နိုင်တော့ဘူး၊ ကိုလတ်ကြီးကမသင်းကို ပစ်သွားမှာမှမဟုတ်တာ။

အဲဟိုမအေးခမျာတော့၊ သူ့အသက်အရွယ် ကိုယ်လုံးကိုယ်ပေါက်နဲ့ ကြည့်ကောင်းရှုကောင်းရှိပေမဲ့ သူ့ယောက်ျားကြီးက ပစ်သွားရှာတယ်။ ဝဋ်ကြွေးတွေပေါ့လေ၊ ရှေးကဝဋ်ကြွေးတွေပေါ့။ အိမ်ကကိုလတ်ကတော့သိပ်ကိုရိုးရှာ၊ အေးရှာတာ၊ အရာရာမှာ ဘာမဆိုမသင်းသဘောပဲ။ အခုဒီကိုရောက်လာတာလည်း ထီပေါက်ပြီးရောက်လာတာလေ။ ထီပေါက်တာသိရပေမဲ့ အစကလာဖို့ဆိုတာမဝံ့မရဲပဲ။ နောက်တော့တစ်ရွာမပြောင်းသူကောင်းမဖြစ် ဆိုပြီးဖြစ်ချင်ရာဖြစ်ဟဲ့ဆိုပြီးထွက်လာတာ။ အိမ်ကကလေးနှစ်ယောက်ရဲ့ အနာဂတ်ကလည်းရှိသေးတယ်ဆိုပြီး။

မသင်းကတိုးတိုးဖော် သမီလေးတစ်ယောက်လိုချင်တာ။ ရထားတာက မျောက်မူးလဲသားနှစ်ယောက်၊ အိမ်ပြန်လာလို့မှ တစ်ယောက်နဲ့တစ်ယာက်သတ်မထားရင် ကံကောင်း။ အခုတော့လည်းသားအကြီးက ဝပ်ရှော့မှာလုပ်နေပြီ။ ဟိုက်စကူးပြီးတော့ ကောလိပ်သွားဖို့စိတ်မပါဘူး၊ စိတ်ပါသည့်တိုင်အောင်မိဘက အလုံအလောက်မထောက်ပံ့နိုင်ဘူး။ သားအငယ်ကတော့ အခုအချိန်ပိုင်းကောလိပ်တတ်ရင်း စားသောက်ဆိုင်မှာစားပွဲထိုးလုပ်တယ်။ ကလေးတွေကောလိပ်ကျောင်းတတ်မှ၊ ပညာတတ်မှစိတ်ချရမှာ၊ ဒါတောင်ဘွဲ့ရပြီးအလုပ်မရတဲ့သူတွေ ဒီနိုင်ငံမှာပုံလို့။ တချို့မြန်မာကလေးတွေများကျတော့လည်း လိမ္မာပါရဲ့၊ ပညာတတ်ဘွဲ့ရပါရဲ့၊ ဒါပေမယ့် မြန်မာစိတ်မရှိတော့ဘူး၊ သူတို့ကို ကိုလတ်ကဌက်ပျောသီး‌တွေတဲ့။ အပြင်ကအသားကဝါပြီးအထဲမှာ အဖြူစိတ်ဓာတ်ဖြစ်နေတာတဲ့လေ။

သားတွေက အခုထက်ထိတော့မဆိုးကြဘူး၊ နက်ဖြန်ဆိုရင်တော့မပြောနိုင်ဘူး၊ အခုထိတော့ မသင်းတို့အတူနေ၊ အတူစား၊ အတူပိုက်ဆံရှာကြတယ်။ မသင်းနဲ့ကိုလတ်က စက်ရုံတစ်ခုထဲမှာဆိုပေမယ့် အလုပ်လုပ်ရတဲ့ နေရာခြင်းမတူဘူးလေ။ မသင်းကတော့တစ်ခါတစ်လေ ၁၂နာရီဆက်တိုက်ဆိုလည်း လုပ်လိုက်တာပဲ။ အိုဗာတိုင်အပိုဝင်ငွေ မြိုးမြိုးမြက်မြက်လေးပိုရတာပေါ့။ စရိတ်တွေကလည်းမသေးဘူး၊ အိမ်ခန်းခ၊ မီတာခ၊ ဓာတ်ဆီဖိုး၊ ဈေးဖိုး၊ ကားအာမခံဖိုး၊ အစုံစုံပဲ။ မြောက်ဒဂုံမှာကျန်ရစ်တဲ့မိဘအိုတွေကိုလည်း ထောက်ရသေးတယ်လေ။ ဟိုမှာတော့မသင်းက အင်္ဂလိပ်စာပြတဲ့ဆရာမပေါ့။ အာကျယ်တဲ့အကျင့်က‌အဲ့ဒီကပါလာတာပဲ။ ကိုယ်ကစိတ်ထဲမှာရှိတာအရှိကိုအရှိအတိုင်း ပြောတတ်တာကိုးနော်။

မိဘတွေကအသက်ကြီးရှာပြီ။ မသင်းအစ်မရယ်၊ တူမတွေရယ်နဲ့အတူနေကြတယ်၊ တူမနှစ်ယောက်ကတော့ မသင်းဒီမှာရောက်ကတည်းက ဟိုဟာမှာ၊ ဒီဟာမှာပဲ။ သူတို့ကအလုပ်ကျ လက်ကြောတင်းအောင် မလုပ်ချင်ကြဘူးလေ၊ စီးပွားရေးလုပ်ဖို့ကျတော့လည်း အရင်အနှီးကခုခေတ်မှာမလိုက်နိုင်တော့ဘူးတဲ့၊ ကုမ္ပဏီမှာလုပ်ဖို့ကျတော့လည်း လခနဲနဲလေးနဲ့ ညကြီးမိုးချုပ်အထိမလုပ်ချင်ဘူးတဲ့၊ ဆင်ခြေဆင်လက်တွေချည်းပဲ။ အလုပ်လုပ်ဖို့သာ တွန့်ဆုတ်နေတာ၊ မသင်းဆီပစ္စည်းမှာဖို့တော့မတွန့်ဆုတ်ဘူး၊ ဟိုဟာလိုချင်၊ ဒီဟာလိုချင်၊ သောက်ကောင်မတွေ၊ ဗိုင်းတာမတွေ၊ ဒီမှာဖြင့်ပြဲနေအောင်လုပ်ရတယ်၊ သူတို့ကတော့ တစ်နေ့ရှစ်နာရီတို့၊ ဆယ့်နှစ်နာရီတို့မ‌ပြောနဲ့။ တစ်နာရီ၊ နှစ်နာရီ‌တောင်မလုပ်ဖူးတော့ အလုပ်လုပ်ရတာ ဘယ်လိုနေသလဲမသိဘူး၊ အလုပ်ကိုရိုသေရမယ်၊ လေးစားရမယ်ဆိုတာလည်း နားလည်ပုံမပေါ်ဘူး၊ မော်ဖို့ကြွားဖို့ပဲသိတယ်။ ဘာပဲပြောပြောသူတို့ရှိတော့ မိဘတွေကြည့်ဖော်ရှုဖော်တော့ ရသေးတာပေါ့။

အလိုဟိုမှာ အဆိုတော်ချယ်ရီသင်းလှိုင်ပါလား၊ မလာစဖူးအလာထူးလို့ ဘုန်းကြီးကျောင်းရောက်လာတယ်တော့။ တလောကကြားတာက သူ့အဖေဆုံးသွားတယ်ဆိုလားပဲ၊ အဲ့ဒါကြောင့် အလှုလာလုပ်တာလားတော့မသိဘူး၊ မြန်မာပြည်က အနုပညာရှင်တွေကိုစိတ်ပျက်မိတယ်။ သူတို့ဟိုမှာအောင်မြင်၊ အဆင်ပြေရဲ့သားနဲ့ ဘာလို့ဒီကိုများထွက်လာကြလဲမသိဘူး၊ ဒီမှာရောက်‌တော့လည်း ဘုန်းကြီးကျောင်းတွေ ဘာတွေလည်းမလာကြဘူး၊ လူတွေနဲ့မရောချင်တာလား၊ ဘာလဲတော့မပြောတတ်ဘူး၊ မလာရင်လဲသူတို့ပဲကုသိုလ်မရတာ‌ပဲရှိမှာပဲ။ ဒီကလူတွေက ကိုယ့်အလုပ်တွေကိုယ့်ကိစ္စတွေ၊ ကိုယ့်အပူတွေနဲ့ရုန်းကန်လှုပ်ရှားနေကြရတာ၊ သူတို့ကိုဘယ်သူမှဂရုစိုက်မနေနိုင်ပါဘူးတော်။ အနေသာကြီးရယ်။

ပန်းအိုးတွေ ကိစ္စပြီးသွားတော့ ဆွမ်းဟင်းတွေဖက် မသင်းလှည့်တယ်၊ အိမ်ကနေကြက်သားနဲ့ကုလားပဲ အများစာချက်လာတာကိုဆွမ်းဟင်းခပ်တယ်၊ ကျန်တာကတော့လူတွေစားဖို့ပေါ့။ စားပွဲ၊ ကုလားထိုင်‌တွေကတော့ စိုးစိုးတို့ခင်းလို့ နေရာတကျဖြစ်သွားပြီ။ အားလုံးပြီးလို့ ဆေးကြောသိမ်းဆည်းတာ‌တွေလည်း မင်းတို့ကူကြဦးမှာပဲ၊ စေတနာဆိုတာအကျိုးပေးပါတယ်ကွာ။

(၄) 


‘ဂလောင်၊ ဂလောင်၊ ဂလောင်’

နာရီနှိုးဆက်အချက်ပေးသံနဲ့အတူ လူပျိုကြီး ကိုကျော်ဇံနိုးလာတယ်၊ ညကမိုးချုပ်မှ အလုပ်ကပြန်ရောက်တော့ နှိုးစက်သံပေးမထားရင် ဘုန်းကြီးကျောင်းအမှီသွားဖို့ နိုးမှာမဟုတ်ဘူး၊ အခုတောင်ဆွမ်းကပ်တာမှီရုံလောက်ရောက်မှာ၊ ဒါပေမယ့်ကိစ္စမရှိပါဘူး၊ လူပျိုကြီးက ဒီတစ်ခါဟင်းမချက်နိုင်တော့ အချိုပွဲအတွက်ဝယ်ထားတဲ့ ကိတ်မုန့်နဲ့သစ်သီးတွေပဲ ယူသွားရတော့မယ်။

အော် နှစ်သစ်ကူးဆုတောင်းပွဲတဲ့။ ဒီလိုနဲ့ပဲနှစ်တွေတစ်နှစ်ပြီးတစ်နှစ် ကုန်မယ်ထင်ပါရဲ့။ နောက်ဆုံးတော့လည်း အိုခြင်းနဲ့သေခြင်းကပဲသေချာတာပဲ။ ကံမကောင်းရင် အကြာကြီးလည်းနာနေနိုင်တယ်။ လူပျိုကြီးကိုကျော်ဇံ(အများအခေါ်ဇံဇံ)ကသွားတိုက်၊ မျက်နှာသစ်ရင်း ဟိုဟိုဒီဒီလျှောက်စဉ်းစားနေတယ်၊ ကိုကျော်ဇံဒီနိုင်ငံရောက်တာတောင် ဘာလိုလိုနဲ့ အနှစ်နှစ်ဆယ်ပတ်ဝန်းကျင်လောက်ရှိသွားပြီ။ ရေချိုးခန်းထဲကထွက်လာပြီး ကိုကျော်ဇံမီးဖိုခန်းထဲပြောင်းပြီးဖျော်တယ်၊ တိုက်ခန်းကကျဉ်းကျဉ်းမို့ ဘယ်လောက်မှမလျှောက်လိုက်ရဘူး၊ သူများတွေကတော့ပြောကြပါရဲ့။ ဒီထက်ပိုကျယ်တဲ့ တိုက်ခန်းပြောင်းနေပါလားလို့။ မပြောင်းချင်ပါဘူးဗျာ၊ ဒီမှာနေတာအဆင်ပြေနေတာပဲ။ လူတစ်ယောက်ဟာ ဘယ်လောက်များနေရာအကျယ်လိုလို့လဲ၊ လူတစ်ယောက်အတွက် ခြောက်ပေပဲလိုတာပဲမဟုတ်လား။ တိုက်ခန်းအကျယ်ကြီး‌တွေ၊ အိမ်အကြီးကြီး‌တွေနဲ့နေတဲ့သူတွေ တွေ့ဖူးပါရဲ့။ လစဉ်အိမ်လခကြီးကြီးမားမားပေးရဖို့ လျှာထွက်မတတ် ရုန်းကန်နေရတာလည်းတွေ့ဖူးပါရဲ့။ ကိုကျော်ဇံသူငယ်ချင်းဆရာဝန်တစ်ယောက်ဆို အိမ်အကြီးကြီးနဲ့တော့နေရပါရဲ့။ ဒါပေမယ့်မနက်အစောကြီးထဲက ထွက်သွားလိုက်တာညမိုးချုပ်မှ ပြန်ရောက်တော့တယ်။ ဘယ်မှာလဲချမ်းသာမှုဆိုတာ။

ကိုကျော်ဇံကအခုအသက်လေးလည်းရလာပြီ၊ ဆရာတော်ကျေးဇူးကြောင့် အဘိဓမ္မာလေး ဘာလေးလေ့လာဖူးပြီ၊ ဝိပဿနာလေးဘာလေး အားထုတ်ဖူးပြီ၊ ငယ်တုန်းကတော့ လောကီစည်းစိမ်‌တွေကိုအဟုတ်ထင်ခဲ့ဖူးတာ၊ ခံစားခဲ့ဖူးတာပေါ့၊ နောက်ဆုံးမှာတော့လည်း လူ့ဘဝဆိုတာသေခြင်းပဲ အမြဲတမ်းကျိန်းသေတယ်။ ဒီတော့နေရတုန်းမှာ ကောင်းတာတွေလုပ်သွားဖို့ပဲ။

ဘုန်းကြီးကျောင်းကို နောက်ကျမှရောက်တာလည်း ကောင်းပါတယ်၊နို့ မဟုတ်ရင်နိုင်ငံရေးစကားတွေ ဟောင်ဖွာဟောင်ဖွာပြောတတ်တဲ့ ကိုဘာဘူတို့လိုလူတွေနဲ့တိုးရင် တိုးနေဦးမှာ။ တစ်ခါက ကိုကျော်ဇံက အမြင်ကတ်ကတ်နဲ့ ‘ခင်ဗျားကသာဆန္ဒတွေပြနေ၊ ဘာမှလဲဖြစ်လာတာလဲမဟုတ်ပဲနဲ့’ လို့ဘုတောလိုက်တယ်။ ဟုတ်တယ်လေ။ သူတို့ဆန္ဒပြတယ်ဆိုတာ တကယ်ပဲနိုင်ငံကိုချစ်လို့လား၊ တိုးတတ်စေချင်လို့လား၊ ဒီမိုကရေစီရစေချင်လို့လား ဒါမှမဟုတ် ဒီကအစိုးရဆီက အခွင့်ထူးတွေ၊ အထောက်အပံ့တွေလိုချင်လို့လား ဆိုတာသူတို့မှပဲသိမယ်။

၈၈အရေးအခင်းလား။ ကိုကျော်ဇံတို့မှီပါ့။ အဲ့ဒီတုန်းကစက်မှုကျောင်းသားလေ။ ဘာပြောကောင်းမလဲ၊ ကိုယ်ကအသက်ကလဲငယ်သေး၊ လူကလဲတတ်ကြွချိန်၊ နုပျိုချိန်ဆိုတော့ဆန္ဒပြတာပေါ့၊ ကိုယ်ကပဲအခုချက်ချင်းကြီး နိုင်ငံကိုထပြောင်းပစ်လိုက်တော့မယ့် လိုမျိုးထင်ခဲ့တယ်လေ။ နောက်တော့လဲ စစ်တပ်ကအာဏာသိမ်းပြီး ကိုကျော်ဇံသူငယ်ချင်းတစ်ချို့လဲ ကြက်ပျောက်ဌက်ပျောက် ဘယ်ရောက်ကုန်ကြသလဲမသိဘူး၊ တစ်ချို့လဲထောင်ထဲရောက်၊ တချို့လဲနယ်စပ်ကနေ တစ်ဘက်နိုင်ငံတွေရောက်၊ ဘဝတွေမမျှော်လင့်ပဲ ပြောင်းလဲကုန်ပုံများပြောပါတယ်။ သူငယ်ချင်းတစ်ယောက်အဖေဆိုရင် ထောင်ထဲမှာအကြာကြီးပဲ၊ သူကသာသူ့ယုံကြည်ချက်နဲ့ သူထောင်ထဲသွားနေတာ။ နိုင်ငံကြီးက ဘာပြောင်းလာသလဲ။ ခြစားတုန်းပဲမဟုတ်လား။ ကိုယ့်မိသားစုဒုက္ခရောက်တာပဲရှိတာပဲ။ စာရေးဆရာမမအိရဲ့ ငါ့သူရဲကောင်းဆိုတဲ့ဝတ္တုထဲကလိုပေါ့။ တကယ့် သူရဲကောင်းဆိုတာ တောခိုရဲမှာလား၊ ထောင်ကျခံရဲမှာလား၊ ကိုယ့်မိသားစုကိုစာနာသနားပြီး (စိတ်လိုက်မာန်ပါတွေလျှောက်မလုပ်ပဲ ) တာဝန်ယူရဲတာလဲသူရဲကောင်းပဲ။

ကိုကျော်ဇံကိုတော့ ကျောင်းတွေပိတ်ထားတုန်း အမေကအလိုလိုက်ထားတယ်။ နိုင်ငံရေးမလုပ်ရင်ပြီးရော၊ ထောင်ကျမှာအလွန်ကြောက်ရှာတာကိုး၊ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ အထည်ဆိုင်ကလည်း အစ်မနှစ်ယောက်က တာဝန်ယူနေတာပဲ၊ ဒီတော့ကိုကျော်ဇံဝါသနာပါတဲ့ ကွန်ပျူတာသင်တန်းဆိုလဲတတ်ပဲ၊ ကွန်ပျူတာဆိုရင်လဲ (ဟိုတုန်းကခုလို ပေါပေါများများမရှိသေးဘူး ) ဝယ်ပေးတာပဲ။ကိုကျော်ဇံကဉာဏ်ကောင်းတယ်၊ဝါသနာလဲပါတယ်၊ငွေလဲတတ်နိုင်တယ်ဆိုတော့ လေ့လာချင်သလောက် လေ့လာပေါ့။

ဒီလိုနဲ့ ကိုကျော်ဇံကျောင်းပြီးတယ်၊ ဘာလုပ်ရကောင်းနိုးနိုး စဉ်းစားရင်းနဲ့ ထိုင်းနိုင်ငံထဲ ရောက်လာတယ်၊ ဟိုမှာကိုယ်တို့မြန်မာတွေ အများကြီးပဲ၊ အဆင်မပြေရုန်းကန်ကြရတာတွေ တွေ့ရတော့စိတ်မကောင်းဘူး၊ ကိုယ်တိုင်လဲ နေထိုင်ရတာအဆင်မပြေဘူး၊ အလုပ်ကောင်းကောင်းရဖို့ဆိုတာလဲ မလွယ်ကူလှဘူး၊ ဘာသာစကား အခက်အခဲကလည်းရှိသေးတယ်။ အဲ့ဒီမှာတင်ဒီနိုင်ငံမှာနေတဲ့အဒေါ်နဲ့ဦးလေး လင်မယားက လာခဲ့ပါလားကမ်းလှမ်းတာနဲ့ သွားကြည့်ဦးမယ်ဆိုပြီး ရောက်လာတာပဲ။

ကံကောင်းတာလား၊ ကံဆိုးတာလားတော့မသိဘူး၊ ကိုကျော်ဇံဗီဇာအတွက် အင်တာဗျူးသွားတယ်၊ အဆင်ပြေတယ်၊ ပင်စင်စားအရွယ် အဒေါ်နဲ့ဦးလေးဆီ ရောက်လာတယ်။ ဒီမှာပြန်ပြီးဒေသကောလိပ်မှာ ဘာဘာညာညာကွန်ပျူတာသင်တန်း‌တွေတတ်လိုက်သေးတယ်၊ ကိုကျော်ဇံက ဉာဏ်ကောင်းတယ်၊ ကြိုးစားချင်စိတ်ရှိတယ်၊ ရုပ်ကသိပ်အချောကြီးမဟုတ်ပေမယ့် အသားလတ်တယ်၊ အရပ်အမောင်းကောင်းတယ်၊ နောက်ပြီးဘယ်လိုပြောရမလဲ၊ PERSONABLE ဖြစ်တယ်၊ ပြောရဲဆိုရဲနှုတ်သွက်၊ လျှာသွတ်ရှိတယ်၊ သူများနဲ့ဝင်ရောရဖို့ ရှက်ကြောက်မနေတတ်ဘူး။

စင်ကာပူမှာအလုပ်လုပ်နေတဲ့ ကိုကျော်ဇံသူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်၊ ငါတို့ဆီမှာကွာတရုတ်‌တွေ၊ ကုလားတွေ၊ မလေးတွေ၊ ဖိလစ်ပီနို‌တွေ နေကြတယ်၊ ရုပ်တွေကလည်း အရှေ့တိုင်းသားတွေချည်းပဲဆိုတော့ ယူနီဖောင်းသာဝတ်ထားရင် ဘယ်နိုင်ငံကမှန်း သိပ်မသိသာဘူးကွ၊ ဒါပေမယ့်မြန်မာတွေကတော့ သူများတွေကိုရဲရဲမကြည့်ရဲတဲ့ သိမ်သိမ်ငယ်ငယ်လေးတွေဆိုရင် မြန်မာတွေဖြစ်ဖို့များတယ်တဲ့၊ ကိုကျော်ဇံက အဲ့ဒါမျိုးတွေကို စိတ်ကုန်တယ်၊ အေးလေ ခေတ်ဆိုးထဲမှာ ကြောက်ပြီးရင်းကြောက်ရင်း နေလာခဲ့ကြရ၊ ဘာမှမပြောရဲ၊ မဆိုရဲ၊ မရေးရဲခဲ့ကြတော့ ကြောက်ကြရှာမှာပေ့ါ။

နောက်တော့ကိုကျော်ဇံ ကုမဏီအသေးလေးတစ်ခုမှာအလုပ်ရတယ်၊ အဲ့ဒီလိုနဲ့စလိုက်တာအခုတော့ ဒီနိုင်ငံကချိန်းစတိုး ( CHAIN STORE ) လို့ခေါ်ရမယ့် နေရာအနှံ့မှာရှိတဲ့ စတိုးဆိုင်ကြီးတစ်ခုရဲ့ ကွန်ပျူတာလုံခြုံမှုကို တာဝန်ယူနိုင်တဲ့သူဖြစ်လာခဲ့ပြီ။ ကိုကျော်ဇံက တစ်ကိုယ်ထဲသမားဆိုတော့ အလုပ်ဆိုရင် ညဘက်တွေဘာတွေလည်းဆင်းနိုင်တယ်၊ ကလေးနေမကောင်းလို့ဆိုပြီး အိမ်ပြန်သွားမှာလည်းမဟုတ်ဘူး၊ အလုပ်မှာလည်းမြဲတယ်ပေါ့။ နောက် သူကကိုယ့်မြန်မာဥခွံထဲမှာပဲ ပိတ်မိမနေဘူး၊ ဒီနိုင်ငံက ဘောလုံးကစားနည်းကို သူဘာနားလည်မှာလဲ၊ ဒါပေမယ့်ကောလိပ်မှာ တွေ့ရတဲ့ကောင်တွေနဲ့ပေါင်းတယ်၊ သူတို့ကိုရှင်းပြခိုင်းတယ်၊ ဒီတော့အလုပ်မှာပြောနိုင်တယ်၊ ဘော့စ်က ဟော့ကီကစားတာဝါသနာပါတယ်ဆိုပါတော့၊ (ကိုယ်ကတော့ ဟော့ကီဆိုတာ အရင်ကဘာသိမှာလဲ၊ ရေခဲပြင်ဝေးလို့။ ရေခဲဆိုတာတောင် သိပ်မြင်ဖူးတာမဟုတ်ဘူး။) ဘော့စ်ကိုခေါ်ပြီးဟော့ကီသွားကြည့်မယ်။ ဒီတော့ လုပ်ဖော်ကိုင်ဖက်တွေ၊ လူကြီးတွေကသူ့ဆိုရင် ခင်ကြတယ်ပေါ့။

ဒီနိုင်ငံမှာနေကြတဲ့သူတွေ အင်္ဂလိပ်စကားတတ်ဖို့ သိပ်ကိုအရေးကြီးတာပဲလို့ ကိုကျော်ဇံထင်တယ်။ မြန်မာစကားမပြောတတ်တဲ့ကလေးတွေကို မြန်မာပြည်သွားရင် အ,အကြီးဖြစ်နေတော့မှာပဲလို့ ပြောတာတွေကို ကျာ်ဇံတွေ့ဖူးတယ်၊ သူတို့ဟာသူတို့အ,အမကလို့ ဘာကြီးပဲဖြစ်နေနေ ခင်ဗျားတို့အပူပါလား။ အရေးကြီးတာက ဒီနိုင်ငံမှာနေရင် အင်္ဂလိပ်စကားပြောတတ်ဖို့က ပိုအရေးကြီးတာ၊ လူတွေဟာလက်တွေ့မကျပဲ အမျိုးသားရေးမှိုင်းမိနေကြတော့ ခက်တာပဲ၊ ကလေးတွေကို ဗုဒ္ဓဘာသာကောင်းတွေဖြစ်ဖို့ သွန်သင်ကြပေါ့။ ကျုပ်က‌တော့အဲ့ဒီ့အပူတွေမရှိဘူး။ တော်ပါသေးရဲ့။ ပျို့၊ လင်္ကာ၊ ကဗျာတွေတတ်တိုင်းသာ ဗုဒ္ဓဘာသာကောင်းဖြစ်ရမယ်ဆိုရင်လဲ ကဗျာဆရာတွေအကုန် သောတာပန်ဖြစ်ကုန်ကြလိမ့်မယ်။ ကိုကျော်ဇံသူငယ်ချင်းက ဗျာဆရာတွေရှိပါတယ်၊ အချိုးမကျပါဘူးဗျာ၊ ဘုန်းကြီးကျောင်းမှာ မြက်ရိတ်ပေးဖို့ဟာ သူ့ကိုဘုန်းကြီးကပိုက်ဆံ ပေးရအုန်းမတဲ့။ ဝေယျာဝစ္စကုသိုလ်ဆိုတာ ဘယ်ရောက်သွားပြီလဲမသိဘူး။

အရေးထဲဖုန်းမြည်လာလို့ကောက်ကိုင်လိုက်တော့ဘယ်သူရှိရမလဲ၊အသံပြဲကြီးနဲ့ မသင်းပေါ့။

‘ဟဲ့ဇံဇံ ခုထိမလာသေးဘူးလား၊ ဒီမှာဆရာတော် မျှော်နေပြီ၊ ကွန်ပျူတာကြည့်ခိုင်းမလို့တဲ့’

‘လာနေပါပြီဗျ၊ ညကမိုးချုပ်မှအလုပ်က ပြန်ရောက်တယ်၊ မနေ့မနက်က ခင်ဗျားတို့ဆီလာဖို့ ဖုန်းဆက်တာလည်းမကိုင်ဘူး ’

‘ အမလေး၊ နင့်ပထွေးတွေက ညသန်းခေါင်ကျော်အထိ သီချင်း‌‌တွေဖွင့်ကြ၊ ဗီဒီယိုဂိမ်းကစားကြနဲ့ မအိပ်ရလို့ အိပ်ရာကမနိုးတော့တာဟေ့။ ဟိုအငယ်ကောင်ကျောင်းပြန်ဖွင့်မှပဲ သက်သာမှာပဲ။’

‘အော်ဒီလိုလား ဟဲဟဲ’

‘ဟဲဟဲ မလုပ်နဲ့။ အဆင်ပြေရင် နွားနို့တစ်ဗူးလောက် ဆွဲခဲ့ဦးဟေ့ ဇံဇံ ’

ပြောရင်းဆိုရင်းနဲ့ ဖုန်းချသွားပြီ။ တို့မြန်မာတွေဟာ ဂွတ်ဘိုင်မပြောပဲ ဖုန်းချပစ်တတ်တဲ့ အကျင့်ကဘာအကျင့်လဲမသိဘူး။

ကိုကျော်ဇံရေမိုးချိုး အဝတ်လဲပြီး အချိုပွဲတွေယူတယ်။ သတိရလာလို့စိုး စိုးကိုပေးဖို့ ရှပ်အင်္ကျီတစ်ပတ်နွမ်းနှစ်ထည်ယူတယ်၊ ကိုကျော်ဇံကအသက်ရလာပြီ၊ ရာသီဥတုကမကောင်း၊ နှင်းတွေအရမ်းကျတော့ချော်လဲပြီး နှစ်ရက်လောက်ဘယ်မှမသွားနိုင်ဘူး၊ ဖျားလည်းဖျားတယ်၊ စိုးစိုးကအိမ်ကိုလာပြီးဆန်ပြုတ်‌တွေ၊ စားစရာတွေယူလာပေးတယ်၊ ပိုက်ဆံဇွတ်အတင်းပေးတာလဲမယူဘူး၊ သူတတ်နိုင်တာကူညီတာပါတဲ့။

ရာသီဥတုကလည်း ဒီဆောင်းတွင်းဆိုးလိုက်တာ၊ တိုက်ခန်းမှာနေလို့သာ စနိုးမကော်ရတယ်၊ နို့မဟုတ်ရင်မချောင်ဘူး။ အလုပ်ကလူတွေတော့ ညည်းလိုက်ကြတာ ကလေးတွေကကျောင်းပိတ်ထားတော့ ဒုက္ခတွေရောက်ကုန်ရော၊ ကျောင်းကလည်း စနိုးကျတာနဲ့ပိတ်တော့တာပဲ။

ကိုကျော်ဇံတစ်ခု ကံကောင်းတာကသူနေတဲ့ (တိုက်ခန်းတွေအများကြီးပါတဲ့) ဟိုတယ်လိုမျိုးတိုက်ကြီးမှာနွားနို့၊ သတင်းစာ၊ စီးကရက်၊ ချိုချဉ်၊ ကိုကာကိုလာ၊ ဘီယာ၊ အာလူးကြော်၊ ဆင်းဒဝစ်ခ်ျစတဲ့ တိုလီမိုလီလေးတွေရောင်း‌တဲ့ဆိုင်ရှိတယ်၊ ခပ်ညံ့ညံ့အစာတွေရတဲ့ စားသောက်ဆိုင်တစ်ခုရှိတယ်၊ ဆံပင်ညှပ်ဆိုင်ရှိတယ်။ ဒီတော့ဆရာတော်နွားနို့၊ ပေါင်မုန့်စတာတွေလိုရင် ဝယ်သွားလိုက်ရုံပဲ။

တိုက်ကြီးအပြင်ဖက်ထွက်လိုက်တော့ မျက်နှာကိုဓါးနဲ့မွန်းလိုက်သလို အေးစက်တဲ့‌‌လေအေးကဆီးကြိုတယ်၊ အထုပ်အပိုး‌တွေနဲ့ဆို‌တော့လမ်းလျှောက်တာသတိထားမှ။ အခုတော့ဈေးတွေဘာတွေ မနှမြောတော့ပဲစနိုးထဲမှာစီးရတဲ့ SNOW BOATဝယ်ထားတယ်။ အရင်တစ်လောက ချော်လဲဖူးထားတော့သင်ခန်းစာရထားတယ်လေ။

(ဆက်လက်ဖော်ပြပါမည်)