Breaking News

စိုးနောင်(မုံရွာ)- စစ်သင်္ချိုင်း

KT#
စစ်သင်္ချိုင်း
စိုးနောင်(မုံရွာ)
(မိုးမခ) ဇန်နဝါရီ ၁၇၊ ၂၀၂၀

သင်္ချိုင်းကြီးကလှလိုက်တာ
ပန်းတွေကလှလိုက်တာ
သူတို့မှာ
ဆဲလ်ဖီဆွဲလို့မမော။

ပန်းတွေထက်ပိုလှတဲ့
နှလုံးသားတွေကိုသာတွေ့မိရင်
သင်္ချိုင်းကြီးကဒီထက်ပိုလှသွားမှာ
ငါ့ဟာ
မြတ်နိုးရှုမော။

ပန်းတွေ
အုတ်ဂူတွေဘက်ယိမ်းတာဟာ
ပြာဖြစ်နေတဲ့နှလုံးသားတွေကို
အလေးပြုနေတာ။

ပန်းတွေ
ဘယ်ညာယိမ်းတာဟာ
စစ်ကိုမလာပါနဲ့လို့တားနေတာ။

စစ်သင်္ချိုင်းကအပြန်
ငါ့နှလုံးသားလေးဟာ
ကြောက်လွန်းလို့တုန်နေတယ်
နေ့ခင်းကြောင်တောင်
တစ္ဆေခြောက်ခံလိုက်ရလို့။

သိပ်ကြောက်စရာကောင်းတဲ့တစ္ဆေ
စစ်တစ္ဆေ။     ။