Breaking News

ကျော်ထင် - တောင်သို့လားသော် ဧရာ၊ အရှေ့သို့သွားသော် ဗျာပါ

news-eleven.com
တောင်သို့လားသော် ဧရာ၊ အရှေ့သို့သွားသော် ဗျာပါ
ကျော်ထင်
(မိုးမခ) ဇန်နဝါရီ ၁၇၊ ၂၀၂၀

၁-
မြစ်ဆုံသွားလမ်းရဲ့နေရောင်နုနုအောက်မှာ စမြင်လိုက်ရတာက ဇရပ်ကွင်း ။တစ်ညလုံး၊ တစ်လမ်းလုံး အမှောင် ထုထဲမှာ မှေးလိုက်၊ တွေးလိုက်ရာကနေ ငေးကြည့်စရာတွေ မြင်လာရပြီမို့ ငေးကြည့်ပစ်လိုက်တယ်။ တကောင်း ကို ဖြတ်တော့ လွင်ပြင်အကျယ်ကြီးနဲ့ စိုက်ခင်းပျိုးခင်းတွေကို သတိထားမိတယ်။ တချို့ကွင်းပြင်ကျယ်ကြီးတွေ ထဲမှာ ဗမာနွား စစ်စစ်တွေကို တွေ့ရ တယ်။ဗမာနွားတွေဆိုတာက ထွားထွား ဖားဖားနဲ့အသည်းကောင်းကောင်း၊ ဇွဲကောင်းကောင်းတွေ။ဗိုက်ကျားနံတို ဗွေဆိုးတွေ မပါတဲ့ နွားနီလှလှတွေ။

မြန်မာအစ တကောင်းကဆိုတဲ့ တကောင်းက ဒီတကောင်းလားတဲ့။ကားပေါ်မှာမေးသံတစ်ခွန်း ပျံ့လွင့် တက်လာလို့၊ ဟုတ်ပါတယ်။ ဒါ-အဲ့ဒီ့တကောင်းပါလို့ ဖြေလိုက်ရတယ်။ သပိတ်ကျဉ်းရဲ့ အလွန်၊ ဧရာဝတီရဲ့အရှေ့ဘက်ကမ်း ။တစ်မျိုးသားလုံးကို စုစည်းလိုက်တဲ့ဒို့ဗမာသီချင်းထဲကတကောင်းအဘိရာဇာ ၊ဒို့ဗမာ သာကီမျိုးဟာမို့ ၊မညှိုး ဂုဏ်တေဇာဆိုတဲ့ အရပ်ပါ။ ဒါဟာ ရေကြည်ရာမျက်နုရာ၊ လွတ်ရာ၊ လပ်ရာရှာရင်း ခိုဝင်လာတဲ့သကျတွေရဲ့ တတိ ယနိုင်ငံတော်တစ်ခုပါ။ သူတို့ရဲ့ ပထမ အမိနိုင်ငံက အဖ သြက္ကာကရာဇ်အုပ်ချုပ်တဲ့ ဗာရာဏသီပြည်။ နယ်နှင်ခြင်း ရဲ့ နောက်မှာ ပေါ်ထွန်းလာတဲ့ ကပိလဝတ်ပြည်က သကျတွေရဲ့ ဒုတိယနိုင်ငံတော်။ စစ်ရှုံးသူအဘိရာဇာက ဗိုလ် ခြေတစ်သင်းနဲ့ အရှေ့ဘက်ဆီ စုန်ဆင်းရင်း ရေကြည်မြက်နုရာတွေ့လို့ တိုင်ပြည်အဖြစ် တည်ထောင်ခဲ့တဲ့ ဒီတကောင်းကတော့ တတိယနိုင်ငံတော်တစ်ခုလို့ ဆိုရမှာပေါ့။

   တကောင်းဟာ စည်ပင်ခဲ့မှာပဲ။တကောင်းဟာ သာယာခဲ့မှာပဲ။တကောင်းဟာ ဝပြောခဲ့မှာပဲ။ သွားလမ်းသာလို့၊ လာလမ်းများလည်း ဖြောင့်ဖြူးခဲ့ကြမှာပါပဲ။ သာကီဝင်မင်းမျိုးတွေဆိုတဲ့ တကောင်းရာဇာတွေကလည်း မင်းကျင့် တရားနဲ့အညီ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခဲ့ကြမှာပါပဲ။ ဒီလိုတွေးမိပြီဆိုတော့ တကောင်းတစ်ဝိုက်အပြင် ရာဇာ ဝင်ထဲက ခင်လေး မျှော်တောင်တွေဆီထိပါ သွားချင်မိတယ်။ ခင်လေးမျှော်တောင်က ကချင်ပြည်နယ်ထဲမှာ ရှိ တာ။ ဝိဋဒူပ ရန်ကို ကြောက်လို့ပြေးလာတဲ့သာကီဝင်တွေထဲက နှမတော်လေးက ကလေးရာဇဂြိုဟ်ကို ပြန် တာ မှာ မောင်တော်နေတဲ့ရွာကို ပြန်မျှော်ကြည့်တဲ့တောင်ဖြစ်လို့နှမမျှော်တောင်လို့တွင်တာတဲ့။ မောင်တော် ကျန် ရစ်ခဲ့တဲ့ရွာက ခေါင်တုန်စီရွာတဲ့။

ဒါပေမယ့် ဒီနေရာတွေဆီ ဘယ်လို သွားမလဲ။လတ်တလောမှာတော့ ဒီနေရာတွေဟာ ကျနော့်အတွက် မ သွားနိုင်သေးတဲ့ နေရာတွေပါ။ ဒါကြောင့်လည်း  ဖြစ်နိုင်တဲ့ ကိုယ့်မျက်စေ့အောက်က ပတ်ဝန်းကျင်ကိုပဲ ငေး ကြည့်နေလိုက်တယ်။ မျက်လုံးတွေက ရိုးအီတဲ့ဝေဒနာကို ခံစားလာရမှ မှိန်းရင်းနဲ့ ပြန်မှေးလိုက်တယ်။ စိတ်ကတော့ အသိနဲ့ မသိကြားမှာ၊ဘောင်ဘင်ခတ်လို့ပေါ့။
၂-
   အင်းတော်မြို့ကို ဖြတ်တော့ ဂန္ဓဝင်ထဲက မဲဇာကို သတိရလိုက်မိတယ်။မြို့ကို သေးသလိုခံစားမိပေမယ့်  မြို့ အဝင်အထွက် လမ်းဘေးမှာ အလျားလိုက်ကြီး ရှိနေတဲ့ကနေ အင်းကတော့ အကြီးကြီးရယ်။ရှေးတုန်းကတော့ အင်းထဲမှာ မျက်ဆံနီငါးကြင်းနဲ့ငါးသိုင်းငါးတွေ သိပ်ပေါခဲ့တယ်လို့ဆိုတယ်။အင်းထဲက ရေတွေက ရေသေ မ ဟုတ်ဘူး။မဲဇာမြစ်ထဲ စီးဆင်းသွားတဲ့ ရေရှင်တွေ။

   အင်းကို အစွဲပြုပြီး ခေါ်လိုက်ကြတဲ့ အင်းတော်ကြီးမှာ ငါးကြီးချဉ်က မေ့ရက်စရာ မရှိအောင် သိပ်ကောင်း တယ်။အပြန်မှ ဝယ်သွားမယ်လို့ စိတ်ကူးတွေနဲ့ ခရီးဆက်ကြတယ်။ကချင်ပြည်နယ်။မိုးညှင်းမြို့နယ်ထဲ ရောက်တော့ နန်းမားကြိုးဝိုင်းတဲ့။ကျွန်းပင်ပေါက်တွေ စိုက်ထားတာကို လမ်းဘေးဝဲယာ တစ်ဘက်တစ်ချက်တွေမှာ အများကြီးတွေ့နေရတယ်။ခြေသလုံးလောက်၊ပေါင်လောက် ကျွန်းပင်တွေက လမ်းဘေးမှာ မိုးတို့မတ်တတ်နဲ့ ဝေ့ရမ်းနှုတ်ဆက်လို့ ချန်နေရစ်ခဲ့တယ်။အဲ့ဒီ့ကျွန်းပင်ပျိုတွေကြားထဲမှာ ကျွန်းပင်အိုပြတ်ကြီးတွေကို ကြိုကြား ကြိုကြား တွေ့လိုက်ရတာတော့ရှိတယ်။ပင်ပျိုနဲ့ ပင်အိုတွေရဲ့ ကွာဟမှု။တစ်မျိုးဆက်နဲ့တစ်မျိုးဆက်ရဲ့ အမွေ။ ထိန်းသိမ်းကာကွယ်မှု။

အနီရောင် ဆိုင်းဘုတ်တွေပေါ်မှာ တောမီး မရှို့ရ။တွေ့ရှိက သစ်တောဥပဒေအရ အရေးယူမည်ဆိုတာတွေ တွေ့တယ်။ပြီးတော့ကြိုးဝိုင်းအတွင်း--ကျောက်သဲ မထုတ်ရ။-သစ်ပင် မခုတ်ရ။-ကျူးကျော်ဝင်ရောက်ခြင်း မပြုရ--မပြုရ။--မပြုရ။--စတာတွေ။ဒါတွေဟာ ထိရောက်မယ့်ဥပဒေတွေလား။အပြသက်သက်ဆိုင်းဘုတ်တွေလား။ သစ် မထုတ်ရင် ခိုးကြမှာပဲတဲ့။

မိုးကောင်းကို ဖြတ်တော့ အမှောင်က တစ်ခွင်လုံးကို ပြန်ဖုံးထားပြီးနေပြီ။မြစ်ကြီးနားဆီ ရောက်ဖို့ ဘယ် လောက်လိုသေးလဲ။ဘာရယ်မဟုတ်ဘဲ တွေးကြည့်နေမိလိုက်တယ်။ ဟိုပင်မှာ လင်းတုန်းက ဖတ်ခဲ့တဲ့ဆိုင်း ဘုတ်မှာ ဟိုပင်-မိုးကောင်း 65.3 KM - ဟိုပင်-မြစ်ကြီးနား 131.31KM တဲ့။ ဒါဆို တစ်ဝက်ကျိုးပြီပေါ့။အတူပါလာတဲ့ ဆရာဦး ဘုန်းကျော်ရဲ့ တည်းဖို့ခိုဖို့ ချိတ်ဆက်ပြောနေသံကို အတိုင်းသားကြားရတယ်။ Hotel Apple တဲ့။အဲ့ဒီမှာ တည်းမယ်တဲ့။

မြစ်ကြီးနား ရောက်တော့ ည ၁၀ နာရီခွဲ။မြစ်ကြီးနားဟာ တိတ်လို့၊ဆိတ်လို့။ဆိုင်တွေလည်း တံခါးတွေပိတ်လို့။ တစ်ဖွဲ့လုံး ညစာ မစားလာခဲ့ကြသေးပေမယ့် လမ်းပျဉ်းမနားသားလေးမောင်နှင်းတို့ဇနီးမောင်နှံရဲ့ ကြို တင်စီမံပေးမှုနဲ့ ကောင်းမွန်တဲ့ဆိုင်မှာ ကောင်းမွန်စွာ စားသုံးနိုင်ခဲ့တယ်။ Hotel ဆီ ရောက်တော့ ၁၂ ထိုးတော့မယ်။ ရ တဲ့အခန်းတွေကို ပါလာတဲ့သူတွေ ဝေလိုက်တော့ ငါးယောက်တစ်ခန်း ရတယ်။ ကျောင်းအုပ်ကြီးဦးကျော်ဝင်းစိန် ရယ်၊ ငယ်ဆရာ ဦးမြင့်ဆွေရယ်က တစ်ယောက် တစ်ခုတင်နဲ့ အတွင်းဘက် ကျကျမှာ နေရာယူကြတယ်။ ဦးဘုန်း ကျော်၊ဦးကျော်ထင်အောင်သချၤာဆရာနှစ်ဦးက နှစ်ယောက် တစ်ခုတင်နဲ့ ကျနော့်ညာဘက်အလယ်မှာ။

စာရေးတတ်တာသိလို့ တစ်ယောက်တည်း တွေးချင်ရာတွေး၊ ငေးချင်ရာငေး၊ ရေးချင်ရာရေးဆိုပြီးပဲ ညွှန်ရော့လေသလား။ အစွန်းဆုံးမှာ ကျနော့်အတွက် တစ်ခုတင်။ တစ်ခုတင်မှာ တစ်ယောက်တည်း။ ဘယ်ဘက်ခြမ်းက လိုက်ကာကို လှပ်ကြည့်လိုက်တော့ လမ်းမခမျာ ငြိမ်သက်လို့။ တစ်နေကုန် လှုပ်ရှားထားသမျှကို ညကျမှ အတိုး ချ နားနေရော့သလား။လမ်းမဟာမလှုပ်မယှက်နဲ့ ကျနော့်မြင်ကွင်းထဲမှာ ဆန့်ဆန့်ကြီး။

လမ်းကို ခဏ ထိုင်ကြည့်နေရင်းနဲ့ ရေချိုးရင် ကောင်းမလား၊မချိုးဘဲ အိပ်လိုက်ရမလား စဉ်းစားနေဖြစ်သေး တယ်။ တစ်နေကုန် ကားကြီးပေါ်မှာ ပါလာတဲ့ခန္ဓာကိုယ်ကြီးကို လန်းသွားအောင် ချိုးရမှာပါပဲ။ ရေချိုးပြီးတာနဲ့ တချိုးတည်း အိပ်မယ်။ မနက်စောစော မြစ်ဆုံဆီသွားရဦးမယ်။ ခင်ဗျားဆီကို ရောက်ဖို့ မိုင်အရှည်ကြီး နှင်ခဲ့ရတာ မဟုတ်လား။

၃-

မနက်မှာ နိုးတော့ အချိန်က ၆ နာရီ၊။ နားထဲမှာ ထူးခြားနေတဲ့အသံတစ်မျိုးကို ကြားနေမိတယ်။ အဲကွန်းရဲ့ အ သံလား။မိုးသံလား။ ပိုသေချာသွားအောင် လိုက်ကာကို ဆွဲဖွင့်ချလိုက်တယ်။ အပြင်မှာ မိုးတွေရွာနေတယ်။ ဟာ-သွားပြီဆိုတဲ့စိတ်နဲ့ခုတင်ပေါ်မှာ ပြန်ထိုင်နေရင်း မိုးစက်တွေကို ရပ်နိုးရပ်နိုး မျှော်နေမိလိုက်တယ်။ နိုးပြီလားဗျ။ ရေချိုးတော့လေဆိုတဲ့ အသံပေါ်လာမှ ခုတင်ပေါ်က ထလိုက်ပြီး ရေချိုခန်းဝင်ဖြစ်တယ်။ မနက်အလင်းမှာ ပြုမြဲဝေရာဝစ္စတွေက အများသားရယ်။ အဲ့ဒါတွေပြီးတော့ ၆ နာရီ ၄၅။ ၇ နာရီ အထိုးမှာ လေးလွှာမှာကျွေးတဲ့ Hotel နံနက်စာကို စားသောက်နေကြပြီ။

မိုးက တိတ်နေပြီ။ ကောင်းကင်ကို မော်ကြည့်တော့ တစ်ခြမ်းက မီးခိုးရောင်ဖျော့ဖျော့၊ တစ်ခြမ်းက မီးခိုး ရောင် ရင့်ရင့်။ မြစ်စုံက ဘယ်အခြမ်းမှာလဲ။ မီးခိုးရောင် ဖျော့ဖျော့အောက်မှာဆိုရင်တော့ မိုးလွတ်တန်ကောင်းပါရဲ့။ ဒါပေမယ့် ခရီးဆက်ကြည့်တော့ မြစ်ဆုံဟာ မီးခိုးရောင် ရင့်ရင့်အောက်မှာ။ မြစ်ဆုံကို မမြင်ရခင် ရင်နင့်သွားတာက မြစ်ဆုံ ရေအားလျပ်စစ် စီမံကိန်းတဲ့။ သွေးသားတွေကို ထုတ်ယူသွားသလိုပါပဲလား။အောင်မြင်မှု မရှိသလောက်ဖြစ်နေတဲ့ ရေကာတာစီမံကိန်းအကြောင်းတွေကို ကြားဖူးတာကြောင့်ပဲလား။

ဖတ်ဖူးတဲ့ အီကွေဒေါက ကိုကာကို ဒိုစင်ကရဲယား ရေကာတာကြီးရဲ့ အဖြစ်က ခေါင်းထဲ ရောက်လာတယ်။ လာအိုက နမ်သူတူး ရေအားလျပ်စစ်စီမံကိန်း နဲ့ပတ်သက်ပြီး ဝေဖန်ဆန်းစစ်ထားတဲ့ စာအုပ်အမည်က Dead in the water ။ ဖတ်ကြည့်တော့ ဒီရေကာတာတွေ၊လျပ်စစ်စွမ်းအင်စီမံကိန်းတွေဆိုတာ ၁၉၅၀ လောက်က လုပ်ပုံ ကိုင်ပုံတွေထဲ ပိတ်မိနေကြတာတဲ့။ သဘာဝရင်းမြစ်တွေကို ငွေကြေးဖြစ်အောင် ပြောင်းလဲတဲ့ ဂျီဒီပီအခြေပြု ကမ္ဘာ့ စီးပွားရေးကြီးရဲ့ တွန်းအားအောက်မှာ ဆည်တွေ၊ ရေကာတာတွေကို လုပ်နေကြတာပါတဲ့။

ဒါဆို အဲ့ဒါတွေဟာ၂၀ ရာစုလယ်လောက်က အတွေးအခေါ်တွေနဲ့လုပ်ဆောင်နေကြတာပေါ့။အတွေး မဆုံး ခင်မြစ်ဆုံကို လှမ်းတွေ့ လိုက်ရတော့ မိုးက ပိုလို့တောင်ရွာနေရဲ့။ မိုးစက်တွေ ကြားကပဲ ဝေးကွာတော့မယ့်ချစ်သူ့မျက်နှာကို ငေးကြည့် သလိုမျိုး မြစ်ဆုံကို တဝကြီး ငေးကြည့်ပစ်လိုက်တယ်။ မြစ်ဆုံကို အပြုခံ ကံနေရာ ရွှေ့ပစ်တော့မယ်။ ဒါဆိုမြစ်ဆုံဟာ အပြုခံဖြစ်ရတော့မှာလား။

   ခုတော့ မြစ်ဆုံဟာ သဘာဝတရားရဲ့ ကတ္တားနေရာမှာ ရှိနေသေးတယ်။သူ ကတ္တားဘဝမှာ မြစ်ဆုံရဲ့ပတ်ဝန်း ကျင်ဟာ လှလို့။ဧရာဝတီရဲ့စီးစင်းပုံဟာ သဘာဝကို ကျလို့။မြစ်ဆုံသာ အပြုခံနေရာ ကျရောက်သွားရင်--။ ပေး ရတဲ့ စရိတ်စကနဲ့ ထိုက်တန်တဲ့ အကျိုးအမြတ်ကို မရဘူးလို့ ရေကာတာစီမံကိန်းတွေကို နှစ်ပေါင်း၆၀ လောက် လုပ်လာခဲ့တဲ့သူက ဆိုပါတယ်။ရေကာတာတွေ၊ ဆည်တွေဟာ သဘာဝပတ်ဝန်းကျင်ကို အရမ်းရှုပ် ထွေးစေ တယ်။ အပျက်အစီး များစေတာချည်းပါပဲတဲ့။Mr.Scudder ရဲ့ မှတ်ချက်ကို ပြန်စဉ်းစားကြည့်နေတုန်းမှာအပေါ် ကမ်းပါးက ဈေးဆိုင်တန်းလေးတွေနား ရောက်လာတယ်။ ကားကို အရပ်၊မိုးကလည်း ပိုအသည်းပဲလေ။

   ဝတ်လာတဲ့ဘောင်းဘီတိုကြောင့် ခြေသလုံးတွေက ပိုအေးနေတယ်။ အကျႌလက်တိုကလည်း မြစ်ဆုံအအေးဒဏ်ကို အန်တု မခံနိုင်ပါဘူး။ လေတဟူးဟူး၊မိုးတအေးအေး၊ ဆောင်းဓာတ်လေး ကဲနေတဲ့ကြားကပဲ ကမ်းပါး အ ထက်က စားသောက်ဆိုင်တန်းရဲ့ လက်ရမ်းကို ကိုင်ပြီး ငုံ့ကြည့်ပစ်လိုက်တယ်။ ကမ်းအခြေမှာ နောက်ထပ် စားသောက်ဆိုင်တန်းတွေ။ ဟိုမှာဘက်မှာက ကျောက်စရစ်လှလှတန်းကြီးတွေ။ ဟိုမှာဘက်မှာက မေခ၊မလိခရဲ့ရေတွေ။ ကမ်းခြေစားသောက်ဆိုင်တန်းက သံယောဇဉ်မြစ်ဆုံမှာ ဆုံမယ်တဲ့။

 သံယောဇဉ် မြစ်ဆုံမှာ အားလုံးဟာ ငချိပ်ရောင် စပီခေါင်ရည်ပျစ်ပျစ်ကို ငုံရင်း၊ ငါးကင် တစ်ဖဲ့ကို ဝါးရင်း ငေးနေလိုက်ကြတာ။မျက်လုံးချင်းတွေကတော့ မြစ်ဆုံမှာ ဆုံသည်ပေါ့။ မြစ်ဆုံရဲ့အကြောင်းက ကျနော်တို့လို အရပ်သားတွေရဲ့တစ်စေ့တစ်စောင်းမှာ ကြားရတာ နားဝမှာ မချမ်းသာစရာချည်းပါလား။ ရလဒ်တွေက အရှုံးတွေ၊အ ဆုံးတွေချည်းရယ်။
၄-
မိုးလေးစဲတော့ ထိုင်ရာကနေ အားလုံး ထကြရပြီ။ ရှေ့မှာ ဇလုံတောင်ဆီ ခရီးဆက်ဖို့က ရှိနေသေးတယ် မ ဟုတ်လား။ ဒီတော့ မြစ်ဆုံကို နှုတ်ဆက်လိုက်ရပြီပေါ့။။ မြစ်ဆုံရေ- ရှိနေပေးတဲ့အတွက် ဝမ်းသာရတယ်။နောက်တစ်ကြိမ် လာလည်ဖို့အတွက်ကော ရှိနေပေးဦးမလား။ တစ်သီးပုဂ္ဂလအကျိုးအတွက် မဟုတ်ဘဲ တိုင်းပြည်ကြီး အတွက် ရှိနေပေးဦးမှာလား။

ဒီလိုတွေးမိကာမှ မြစ်ဆုံအတွက် ကားပေါ်တက်လိုက်တဲ့ခြေလှမ်းတွေက လေးလံလို့။ နောက်နှစ်တွေမှာ မြစ်ဆုံကို မြစ်ဆုံအတိုင်း မြင်ချင်သေးတယ်လေ။ သဘာဝတွေကို လူသားတွေရဲ့ရှင်သန်မှုနားကနေ ခွဲထုတ် မပစ်ကြသေးရင်ပေါ့။

ကျော်ထင်