Breaking News

မောင်ဆေးရိုး - မြို့ကြီးဟာ မီးခိုးအူနေတယ်

Photo - Than Htay Maung

မောင်ဆေးရိုး - မြို့ကြီးဟာ မီးခိုးအူနေတယ်

(မိုးမခ) ဇန်နဝါရီ ၂၄၊ ၂၀၂၀
(မိုးမခ စက်တင်ဘာ ၂၀၁၉ ပုံနှိပ်ထုတ်)
ချွေးနဲ့
သွေးနဲ့ရင်းခဲ့ရ
ခေတ်ဆိုးကြီးထဲက ကုန်းရုန်းပြီးတွားတက်လာလိုက်တာ
ခုမှပဲ ခေတ်ပျက်ကြီးထဲရောက်ရပေတော့တယ်
ဘတ်စ်ကားပေါ်မှာ
ပလက်ဖောင်းပေါ်မှာ
အလုပ်ခွင်မှာ
တဦးနဲ့တဦးတွန်းတိုက်ရင်းဖယ်ထုတ်နေကြ
မြို့ကြီးဟာ မီးခိုးအူနေတယ်

မြို့ကြီးဟာ လှတယ်
မြို့ကြီးလိုလှအောင် ပန်းချီဆွဲဖို့ခက်တယ်
ကြီးပွားတိုးတက်ချင်သူတွေအတွက် မြို့ကြီးဟာ …နယူးယောက်
ပျော်ချင်ပါးချင်သူတွေအတွက် …ချီကာဂို
အနုပညာဖန်တီးချင်သူတွေအတွက် …ပါရီ
မျှော်လင့်ချက်တွေဆာလောင်ငတ်မွတ်
ပန်းခြံအုတ်ခုံပေါ်က
လူငယ်ကဗျာဆရာတယောက်ရဲ့
တကိုယ်တော် ကဗျာရွတ်ဆိုပွဲ
ကောင်မလေးတယောက်ကတော့
ဂစ်တာတစ်လက်နဲ့ သီချင်းသံများပေါက်ကွဲ
ဟိုတုန်းကလူတွေ လမ်းလျှောက်တာ ဖြည်းဖြည်းမှန်မှန်စည်းချက်
အခုလူတွေက မြန်မြန်သွက်သွက်အသော့
မြို့ကြီးဟာ မီးခိုးအူနေတယ်

မြေအောက်မြို့တော်
မိုးပျံလမ်းမ ကျည်ဆန်ရထား
အဲဒါတွေအသာထား
မြေသိမ်းခံလယ်သမားကထောင်ထဲမှာ
သူ့မိသားစုက ဈေးထဲမှာတောင်းခံစားသောက်
လူပြိန်းကြိုက်နိုင်ငံရေးနဲ့မြို့ကြီး
ဒီလန်တောမက်ပြောသလို
စာရွက်ကိုလက်မှတ်ထိုးတဲ့လက်ဟာ
မြို့ကိုဖျက်တယ်

ဟိုတုန်းကထစ်ခနဲရှိ စစ်တပ်ကသေနတ်နဲ့ပစ်တာပဲ
အခုကျတော့
လူဆိုးလူမိုက်က ရှေ့က ထွက်ပြီးတုတ်နဲ့ရိုက်တယ်
မြို့ကြီးဟာ မီးခိုးအူနေတယ်

စက်ရုံလုပ်အားခတွေတိုးပေးရေး
စာနယ်ဇင်းလွတ်လပ်ခွင့်
ကုန်ဈေးနှုန်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု
ပိုင်ရှင်မဲ့မူးယစ်ဆေးဝါး
မြို့ကြီးဟာ အူရောင်ငန်းဖျား
မြို့ကြီးဟာ ဂျွမ်းထိုးမှောက်ခုံ
မြို့ကြီးဟာ မီးကျိုးမောင်းပျက်
ဟဲလို … အဲဒီမှာ ကမ္ဘာစစ်ကြီးဖြစ်တော့မှာလား
ဟဲလို … ဒီမှာတော့ မီးတောင်ပေါက်ကွဲတော့မယ်အခြေအနေ။

မောင်ဆေးရိုး